ဘာတေး လစ်တနာ - မင်းအောင်လှိုင်ကို ဘယ်သူ အစားထိုးမည်လဲ

by Hla Soewai - Jun 07 2025

ထိုမေးခွန်းကို ဘာတေး လစ်တနာ က ဧရာဝတီ တွင် မေးခွန်းထုတ်ထားခြင်းဖြစ်သည်။ စစ်တပ်သည် ယခု လို အကျအဆုံးများစွာ နှင့် ဘက်ပေါင်းစုံ အကျပ် ရိုက်နေချိန်တွင် မေးလည်း မေးသင့်လှပေသည်။

 

ဆောင်းပါးရှင်က ၎င်း၏ မေးခွန်း နှင့် ပတ်သက်၍ ယခုလို ဆက်လက်ရေးသားထားသည်။

 

မင်းအောင်လှိုင် သည် အာဏာ ကို ငမ်းငမ်းတက်နေသူ တဦး သာ ဖြစ်ပြီး မြို့ရွာ လူနေအိမ်များကို ဗုံးကြဲဖို့ လားလားမျှ ဝန်မလေးသူ ဖြစ်သည်။ မြေငလျင်ကြီး လှုပ်ပြီးသည့် တိုင်အောင် တော်လှန်ရေး အဖွဲ့များ လှုပ်ရှားမှု မရှိသည့် မြို့ရွာများကို ပင် ဗုံးကြဲ တိုက်ခိုက်ရန် အမိန့်ပေးခဲ့သူ ဖြစ်သည်။

 

ဟိဂ် ရှိ နိုင်ငံတကာ ရာဇဝတ် မှု ဆိုင်ရာ တရားရုံး မှလည်း မင်းအောင်လှိုင် အား ဖမ်းဝရမ်း ထုတ်ရန် ပြင်ဆင်နေသည်။ ၎င်း၏ ဂုဏ်သိက္ခာသည် နိုင်ငံတကာ တွင် အဖတ်ဆယ် မရအောင် ကျဆင်းနေပြီ ဖြစ်သည်။ ပြည်တွင်း ပြည်ပရှိ မြန်မာ နိုင်ငံသားများကလည်း မျက်နှာပင် မမြင်ချင်လောက် အောင် မုန်းတီးရွံရှာနေကြသည်။

 

စစ်တပ် တွင်း ရှိ ဗိုလ်ချုပ်များကလည်း ၎င်းသည် အလွန် ပျော့ပြီး ဆုံးဖြတ်ချက် မပြတ်သားသူ ဟု လက်ခံထားကြသည်။ စစ်တပ် နှင့် နီးစပ်သော သတင်းရပ်ကွက် များ အဆိုအရ တပ်တွင်း တွင်လည်း တိုင်းရင်းသားများ နှင့် PDF များအား နှိမ်နှင်း နိုင်စွမ်း မရှိသူဟု ယုံကြည်နေကြသည်ဟု သိရသည်။

 

ယခုအခါ ၎င်းထက် ပို၍ လုပ်ရဲကိုင်ရဲ ရှိမည့်သူ လိုအပ်လာသည်။ စစ်တပ် အနေဖြင့် ၎င်းတို့ ကွဲပြဲ ကုန်ပြီ ဆိုသည်ကို အဖြစ်မခံ နိုင်၍ ဖြုတ်ချ ပစ်ဖို့ မရှိသော်လည်း ဘေးထုတ် ပစ်ဖို့ ရှိနေသည်။ လာမည့် ရွေးကောက်ပွဲ ပြီးလျင် တပ်မှ ထွက်ပြီး သမ္မတရာထူး ယူရန် ပြောလာ ဖို့ ရှိနေသည်။

 

ဗိုလ်သန်းရွှေသည် တရုတ် အပေါ် အလွန်အကျွံ မှီခိုလာရမှု မှ ရုန်းထွက် နိုင်ရန် နှင့် ၎င်း၏ သမိုင်း‌ ကြောင်း နှင့် မိသားစု အနာဂတ် လုံခြုံ‌ ရေး အတွက် ၂၀၀၈ ဖွဲ့စည်းပုံကို ဖန်တီးပြီး ဗိုလ်သိန်းစိန် အား သမ္မတ၊ မင်းအောင်လှိုင်အား ကာကွယ်ရေး ဦးစီးချုပ် နှင့် ဗိုလ်ရွှေမန်းအား လွှတ်တော် ဥက္ကဌ ဆိုပြီး ရာထူးများ ခွဲဝေပေးခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲ အပြီး တွင် ဗိုလ်သိန်းစိန် နေရာတွင် ရွှေမန်းအား သမ္မတ အဖြစ် ဆက်ခံရန်လည်း လျာထား ထားခဲ့သည်။

 

ဗိုလ်သိန်းစိန် လက်ထက်တွင် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ပြုပြင်ပြောင်းလဲမှု များ လုပ်လာပြီး ‌ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မိမိ ယုံကြည်ချက် ကြောင့် အကျဉ်းချ ခံနေရသူ များကို ပြန်လွှတ်ပေးခဲ့သည်၊ မြန်မာ သည်လည်း အပယ်ခံဘဝမှ အနောက်အုပ်စု၏ အချစ်တော် ဖြစ်လာပြီး တရုတ် တို့ ဘေးရောက်သွားခဲ့သည်။

 

အစပိုင်း တွင်တော့ အစစ အရာရာ အဆင်ချောလာခဲ့သည်၊ တကယ်တမ်းတွင် သိန်းစိန်သည် အနောက်အုပ်စု ယူဆထားသလို မြန်မာ ပြည်၏ ဂေါ်ဘာချော့ မဟုတ်၊ ဗိုလ်သန်းရွှေ၏ မဟာစီမံကိန်းကြီးကို လိုက်နာ လုပ်ဆောင်နေသူ သာ ဖြစ်သည်။

 

သိန်းစိန်သည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ၎င်း၏ သဘောထား အစစ်အမှန် ကို ပြသလာခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် သိန်းစိန်သည် ကြံ့ဖွတ် ဌာနချုပ်၌ ပြုလုပ်သော အခမ်းအနားတစ်ခုတွင် မြန်မာနိုင်ငံသည် နယ်မြေ၊ လူမျိုး၊ ဘာသာတို့နှင့်ပတ်သက်၍ ခြိမ်းခြောက်မှုများ ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပြီး၊ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံကို ကာကွယ်မည့် ကိုယ်စားလှယ်လောင်းများကို မဲပေးရန် ပြည်သူများကို တိုက်တွန်းခဲ့သည်။

 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အတွက် သတင်းပေးဟု သံသယဖြင့် အသတ်ခံရသော သို့မဟုတ် ဒဏ်ရာရရှိခဲ့သော ကြံ့ဖွတ် ပါတီဝင်များ၏ မိသားစုများအတွက် ဦးသိန်းစိန်က ငွေလှူဒါန်းခဲ့သော်လည်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူများအတွက်မူ မည်သည့်လှူဒါန်းမှုမျှ ပြုလုပ်ခဲ့ခြင်းမရှိပေ။

 

၂၀၁၁-၂၁ အတွင်း မြန်မာ့ လူ့အဖွဲ့အစည်းသည် အသွင် ပြောင်းလာခဲ့ပြီ ဖြစ်သည်။ မည်မျှ အတိုင်းအတာ အထိ ပြောင်းလဲသွားသည်ကို မသိနားမလည် နိုင် ဖြစ်နေသည်က စစ်တပ်ပင် ဖြစ်သည်။ လူထု သည် ၎င်းတို့ တသက်နှင့် တကိုယ် မကြုံဘူးခဲ့သော လွတ်လပ်ခွင့် များ ရရှိလာကြပြီး ဒေါ်‌အောင်ဆန်းစုကြည် ဦးဆောင်သော အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ် အား ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများ တွင် တခဲနက် ထောက်ခံ မဲပေးခဲ့ကြသည်။

 

ရွေမန်းသည်လည်း မှန်းချက်နှင့် နှမ်းထွက် မကိုက်တော့၍ ဒေါ်အောင်ဆန်းစုကြည် နှင့် ပူးပေါင်းလာသည်။ ၂၀၁၆ ဧပြီလ တွင်တော့ ရွှေမန်း အပါအဝင် ပါတီ ထိပ်ပိုင်း ခေါင်းဆောင် ၁၇ ဦး ကို ကြံ့ဖွတ်မှ ထုတ်ပယ်ပစ်လိုက်ကြသည်။ ဒေါ်အောင်ဆန်းစုကြည် သည်လည်း နိုင်ငံတော် အတိုင်ပင်ခံ ဖြစ်လာခဲ့သည်။

 

၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် လွှတ်တော် အသစ် မစတင်မီ နာရီပိုင်း အလိုတွင် မင်းအောင်လှိုင် သစ္စာခံ တပ်များ နှင့် သံချပ်ကာ ကား များ နေပြည်တော်် နှင့် ရန်ကုန် လမ်းမများပေါ် ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ‌ရွေးချယ် တင်မြှောက်ခံထားရသော လွှတ်တော် အမတ် အများအပြားကို ဖမ်းဆီးလိုက်ကြသည်။

 

လူထု အဖို့က ယခင် လို စစ်အာဏာရှင် စနစ်ဖြင့်ခေတ်ဟောင်း သို့ နောက်ပြန်ဆွဲ ခံရမည်ကို မလိုလားကြတော့၊ ပထမ ပိုင်း တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော်လည်း စစ်တပ်၏ ပစ်ခတ်ခံလာ၍ လက်နက်စွဲ ကိုင် ပြီး တိုင်းရင်းသား တပ်များ နှင့် ပူးပေါင်းကာတိုက်ပွဲဝင်လာခဲ့ကြသည်။

 

ဗိုလ်သန်းရွှေသည် မင်းအောင်လှိုင်လို ခပ်ပျော့ပျော့ လူတ‌ယောက်က ၎င်းကို အန္တရာယ် ပေးမလာနိုင်မှန်း သိ၍ ကာချုပ် အဖြစ် ဇကာတင် ရွေးချယ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ၁၉၅၆ ဇူလိုင် ၃ ရက်တွင် မကွေး တိုင်း၊ မင်းဘူးမြို့တွင် လူဖြစ်ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ ရန်ကုန် တက္ကသိုလ် တွင် ဥပဒေ ပညာရပ် သင်ယူ နေဆဲ ၁၉၇၄ တွင် စစ်တက္ကသိုလ် တက်ခွင့်ရ ရန် တတိယ အကြိမ် မြောက် ကြိုးပမ်းမှု အောင်မြင်သွားခဲ့သည်။ စစ်တက္ကသိုလ်တွင်လည်း သာမြင် ညောင်ည အဆင့်သာ ရှိခဲ့ပြီး အတန်းဖေါ်များက ၎င်းအား ဝေးဝေးမှ ရှောင်ရှားခဲ့ကြသည်။ ၁၉၇၇ တွင် ကျောင်းဆင်းပြီး ကြည်းတပ် တွင် မထင်မရှား ဘဝ နှင့် အမှုထမ်းခဲ့ပြီး သစ္စာရှိမှု ကြောင့် ရာထူး အဆင့်ဆင့် တက်လာရာမှ ၂၀၀၉ တွင် အထူးစစ်ဆင်ရေး ဗျူရို၏ တပ်မှုး ဖြစ်လာခဲ့သည်။

 

၎င်းလက်ထက် ကိုးကန့်ဒေသ စစ်ဆင်ရေးများ တွင် ထောင်နှင့်ချီသော အရပ်သားများ တရုတ်နိုင်ငံဖက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ၎င်း၏ လက်အောက်ခံ တပ်များသည် လူသတ်မှု၊ မုဒိမ်းမှု၊ မီးရှို့မှု များ ကျုးလွန်ခဲ့သည်ဟု စွပ်စွဲမှု များ ထွက်ပေါ်လာသော်လည်း ထိုသို့ လုပ်ရဲကိုင်ရဲ မှု နှင့် အတူ သန်းရွှေ အပေါ် သစ္စာရှိမှု တို့ကြောင့် ၂၀၁၀ ဩဂုတ်လတွင် ပူးတွဲ စစ်ဦးစီးချုပ် ဖြစ်လာခဲ့သည်။

 

ဖေဖေါ်ဝါရီ ၂ ရက်တွင် အသက် ၉၂ နှစ် ပြည့်သွားပြီ ဖြစ်သော ဗိုလ်သန်းရွေသည် ၎င်းအား ကြာကြာ အကာအကွယ် ပေးနိုင်တော့မည် မဟုတ်ပေ။ သိန်းစိန်လည်း အနားယူသွားပြီး ရွှေမန်းလည်း သိက္ခာ လျောကျသွားပြီ ဖြစ်၍ သန်းရွှေ၏ သမိုင်းကြောင်း အဆုံးသတ်သွားတော့မည် ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ငလျင်ကြီး အပြီးတွင် ဒေသတွင်း အစည်းအဝေးများ တက်ခွင့်ရလာ၍ လူကြားထဲ ပြန်ရောက်လာခဲ့သည်။ ဒေသတွင်း ခေါင်းဆောင်များ နှင့် လက်ဆွဲနှုတ်ဆက် ဓါတ်ပုံ အတူ တွဲရိုက်ခံခွင့် ရလာသည်။ တရုတ်သမ္မတ နှင့် မော်စကိုတွင် တွေ့ခွင့်ရခဲ့ ပြန်သည်။

 

သို့သော်လည်း မင်းအောင်လှိုင် ရင်ဆိုင်နေရသော စစ်မြေပြင် အနေအထား နှင့် တပ်တွင်း ပဋိပက္ခများက ကွယ်ပျောက်သွားဖို့ မရှိ၊ မင်းအောင်လှိုင်သည် နိုင်ငံတဝှမ်းလုံးကို မည်သည့် နည်းနှင့်မျှ ပြန်၍ ထိန်းချုပ်နိုင်အောင် ဦးဆောင်နိုင်စွမ်း ရှိမည့် လူ မဟုတ်သည်က သေချာနေပေသည်။

 

၎င်းထက် ပို၍ တိုက်ပွဲအတွေ့အကြုံရှိပြီး ပို၍လည်း စိတ်မာခက်ထန်ပုံ ရသည့် စိုးဝင်း အား ကာချုပ် အဖြစ် မျက်စိကျလာကြသည်။ ရှေ့ဘာဖြစ်လာမည်ကို စောင့်ကြည့်ကြရဖို့ ရှိသော်လည်း တနှစ် အတွင်း သမ္မတ မင်းအောင်လှိုင်၊ ကာချုပ် စိုးဝင်း ဟု ဖြစ်လာ နိုင်ဖွယ် ရှိသည်၊ သို့မဟုတ်ကလည်း နှစ်ယောက်စလုံး ရှိခြင်မှ ရှိပေတော့မည်။

 

(၂၀၂၅ ဇွန်လ ၆ ရက်နေ့ ဧရာဝတီ သတင်းပါ ဘာတေး လစ်တနာ၏ "Will Myanmar’s Military Replace Its Embattled Leader?" ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည်။)