ဖေဖေါ်ဝါရီ လ ကုန် ပိုင်းလောက်တွင် တရုတ် ကြေးစား စစ်သား ၂၅ ယောက် လိုက်ပါလာသော လေယာဉ် တစီးသည် ရမ်းဗြဲကျွန်း လေယာဉ် ကွင်းသို့ ဆင်းသက်လာခဲ့သည်။ တိုက်ပွဲများ ကြောင့် အခြေအနေများ ကသောင်းကနင်း ဖြစ်နေသော ဒေသသို့ ယခုလို ရောက်ရှိလာခြင်းသည်ကပင် နိုင်ငံတဝှမ်း ၎င်းတို့ ဩဇာ ကြီးထွားလာနေမှု တိုးလာနေသည်ဆိုသည့် လက္ခဏာ ပင် ဖြစ်သည်။
တရုတ်သည် လွန်ခဲ့သည့် လေးနှစ် မြန်မာတွင် စစ်တပ် အာဏာသိမ်းပြီး ချိန်ကစ၍ အရေးပါသည့် အနေအထား ရောက်လာနေသည်။ အနောက်နိုင်ငံများကတော့ မြန်မာ တို့၏ ဒီမိုကရေစီ အရေး ရုန်းကန် တိုက်ပွဲဝင်နေမှု ကို အများအားဖြင့် မျက်နှာလွှဲ ခဲပစ် လုပ်နေ ဆဲပင် ဖြစ်သည်၊ တရုတ်သည် စစ်အုပ်စု နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အသီးသီး နှင့် ဆက်နွယ် လှုပ်ရှားလာပြီး လစ်လပ်နေသော လေဟာနယ်ထဲသို့ ဝင်ရောက် ဖြည့်ဆည်းလာခဲ့သည်။
တရုတ်၏ မြန်မာ အပေါ် စိတ်ဝင်စားနေမှု သည် အမျိုးမျိုး ကွဲပြားနေသည်၊ ၂,၁၀၀ ကီလိုမီတာ ရှည်လျားသည့် နယ်စပ်ဒေသ တည်ငြိမ်ရေး နှင့် အနောက်အုပ်စု ဩဇာ ညောင်းလာမည့် အရေးကို ပိတ်ဆို့ ဟန့်တား နိုင်ရန် မှသည် ရမ်းဗြဲ ကျွန်း မှ ကူမင်း အထိ မြွေလိမ်မြွေ ကောက် သွယ်တန်းထားသော ၂,၅၀၀ ကီလိုမီတာ အရှည်ရှိ ရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်းကို ကာကွယ်နိုင်ရန် အထိ ပါဝင်နေသည်။
တရုတ်၏ အကျိုးစီးပွားများကို မည်သို့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ကို နားလည်နိုင်ရန် အကောင်းဆုံးနည်းလမ်းသည် ထို ပိုက်လိုင်းကို လေ့လာကြည့်ဖို့ လိုပေသည်။
တရုတ်ပြည်သို့ ပိုက်လိုင်းမှ တဆင့် ရေနံ နှင့် ဓါတ်ငွေ့ တင်သွင်းနေမှုသည် တနိုင်ငံလုံး အတွက် မဟုတ်ဘဲ အနောက်တောင်ပိုင်း ဖူလုံယုံ အတွက်သာ ဖြစ်သည်။ တဖက်တွင်လည်း မလက္ကာ ရေလက်ကြား နှင့် အင်ဒိုနီရှား ကျွန်းစု တွင် ပိတ်ဆို့ခံရမည့် အရေးကို ကျော်ဖြတ်နိုင်ရန် အတွက်လည်း ဖြစ်သည်၊ အကယ်၍ အမေရိကန် နှင့် စစ်ဖြစ်လာလျင် ၎င်းတို့အတွက် လွန်စွာ အရေးပါသော စီးပွားရေး အသက်ရှု ပေါက်ကြီးလည်း ဖြစ်လာပေမည်။
လက်ရှိ ပိုက်လိုင်းသည် ပြည်တွင်းစစ်ကြီး ဖြစ်ပွားနေသည့် အရပ်နှင့် ကင်းလွတ်သည်ဟူ၍ မရှိ ဟု ဆိုရမည် ဖြစ်သည်။ ယခုထိ အနှောက်အယှက် မရှိ ဖြစ်နေခြင်းသည်လည်း ကျွမ်းကျင်ပိုင်နိုင်တဲ့ သံတမန်ရေးရာ ဆောင်ရွက်မှု များ အပြင်၊ အေးစက်ပြီး ကိုယ်ကျိုးစီးပွားကိုသာ ရှေ့တန်းတင်သည့် ချဉ်းကပ်မှု များ ကြောင့်ပင် ဖြစ်သည်။
#ရခိုင်ပြည်နယ်
ရမ်းဗြဲ ကျွန်းသို့ ရောက်ရှိလာသော တရုတ် ကြေးစား များသည် စစ်သားဟောင်းများ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ၎င်းတို့သည် စစ်အုပ်စု ဖက်မှ ကူညီ တိုက်ခိုက်ပေးဖို့ မဟုတ်ဘဲ အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက် နှင့် သက်ဆိုင်သည့် ရင်းနှီး မြုပ်နှံ မှု များကို ကာကွယ်ရန် အတွက် ဖြစ်သည်။ အဆိုပါ ရင်းနှီးမြုပ်နှံမှု များ ထဲတွင် အနီးအနားရှိ ပင်လယ်ရေနက် ဆိပ်ကမ်း နှင့် ဖောက်လုပ်ရန် ရှိနေသည့် မီးရထားလမ်း လည်း ပါဝင်နေသည်။
တကယ်တမ်းတွင် ထိုသို့ ကြေးစားစစ်သား များ စေလွှတ်ခဲ့မှု အား စစ်အုပ်စု နှင့် အာရက္ခ တပ် နှစ်ဖက်စလုံးက သဘောတူ ခဲ့ကြသည်။ ထိုသို့ ရောက်လာရန် အတွက် စစ်အုပ်စု မှ ဥပဒေ ထုတ်ပြန်ပေးခဲ့သည်။ အာရက္ခတပ်တော် ဖက်က တော့ တရားဝင် ပုံစံမျိုး မဟုတ်ဘဲ "သဘောတူ ရမှာပေါ့လေ" ဆိုသည့် သဘောထား မျိုးသာ ရှိသည်ဟု ဆွေးနွေးခဲ့သည်များ နှင့် နီးစပ်သူ တဦးက ဆိုသည်။ လက်ရှိတွင် မည်သည့် လက်နက်ကိုင် အဖွဲ့ကမှ တရုတ်အား ထိကပါး ရိကပါး လုပ်ရဲကြချင်း မရှိ။
ရခိုင်ပြည်နယ်သည်၂၀၁၇ တွင် မြန်မာစစ်တပ်၏ ရိုဟင်ဂျာ များ အပေါ် ရက်စက်ကြမ်းကြုပ်စွာ ကျုးလွန်ခဲ့မှု များကြောင့် နိုင်ငံတကာတွင် နာမည်ဆိုး ဖြင့် ကြော်ကြားလာခဲ့သည်။
နောက်တနှစ် ၂၀၁၈ တွင် အာရက္ခ တပ်တော်သည် စစ်တပ်ကို စတင်ထိုးစစ် ဆင်လာခဲ့ပြီး ၂၀၂၀ နိုဝင်ဘာလ တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရလာခဲ့သည်။ အာဏာသိမ်းပြီး သုံးလ အကြာတွင်တော့ နိုင်ငံတဝှမ်း ကျန် တိုင်းရင်းသား အားလုံး သည် ဒီမိုကရေစီ အင်အားစု များ နှင့် လက်တွဲပြီးစစ်တပ်ကို တိုက်ခိုက်လာကြသည်။ အာရက္ခ တပ်များကမူ အချိန်ကောင်းကို စောင့်နေကြသည်။
၂၀၂၃ နှစ်ကုန် ပိုင်းလောက်သည် စစ်တပ်သည် နိုင်ငံ အနှံ့ မရှု နိုင် မကယ်နိုင် ဖြစ်လာချိန်တွင်တော့ အာရက္ခတပ်တော်သည် အပစ်အခတ် ရပ်စဲထားမှု ကို ချိုးဖောက်လာခဲ့သည်။ စစ်တပ်သည် လူအင်အား မရှိတော့၍ မည်သူမျှ ထင်မထားသည့် အမှု ကို ပြုလာခဲ့သည်။ ယင်းသည်ကား ရိုဟင်ဂျာ များအား လက်နက် တပ်ဆင်ပေးလာခြင်းပင် ဖြစ်သည်။ သို့သော်လည်း မည်သို့မျှ ထူးခြားမလာဘဲ နောက်တနှစ်တွင် ရခိုင် ပြည်နယ် တခုလုံး နီးပါး လက်လွှတ်လိုက်ရသည်။
ထိုသို့ ဖြစ်လာမှု ကို တရုတ်သည် ၎င်းတို့၏ ရင်းနှီးမြုပ်နှံမှု များ အတွက် စိုးရိမ်မကင်း ဖြစ်လာမည်ဟု ယူဆကောင်း ယူဆစရာ ဖြစ် သော် လည်း တကယ်တမ်း တွင် ထိုသို့ ဖြစ်မလာခဲ့။ တရုတ်သည် အာရက္ခ တပ်တော်နှင့် ဆက်ဆံရေးကို ကာလကြာမြင့်စွာ ကတည်းက ထိန်းသိမ်းထား ခဲ့ပြီး ဖြစ်သည်။ ထို့အတွက်လည်း အာရက္ခ တပ်များ၏ အောင်မြင်မှု များ အလျင်အမြန် ရရှိလာနေမှု ကို စိတ်အေးလက်အေး ပင် ရှိနေခဲ့သည်။ အာရက္ခတပ်တော်မှလည်း ၎င်းတို့၏ ရင်းနှီးမြုပ်နှံမှု ကို အာမခံ ကြောင်း ကတိပြုထားခဲ့သည်။ ပိုက်လိုင်းများ အနီး လက်နက်ကြီးများ မသုံးရန်လည်း ဂရုတစိုက် ရှောင်ရှားခဲ့ကြသည်။ ပိုက်လိုင်း တလျောက်ရှိ ရေနံဓါတ်ငွေ့ တွန်းပို့ စခန်း အများအပြားကို သိမ်းယူခဲ့သော်လည်း အနှောက်အယှက် မရှိ ဆက်၍ တင်ပို့ နိုင်ခဲ့သည်။
#အညာ
ပိုက်လိုင်းသည် ရခိုင်ရိုးမ ကို ဖြတ်၍ အညာဒေသ သို့ ဖြတ်သန်းလာခဲ့သည်။ အညာဒေသသည် ပြည်တွင်း ပဋိပက္ခ များ နှင့် နှစ်ငါးဆယ် နီးပါး ကင်းလွတ်နေသည့် ဗုဒ္ဓဘာသာ အများစု နေထိုင်ရာ ဒေသဖြစ်ပြီး စစ်တပ် အတွက် တပ်သားသစ် စုဆောင်းရာ အဓိက ကျသည့် ပင်ရင်း ဌာန ကြီးလည်း ဖြစ်သည်။
အာဏာသိမ်းပြီး နောက်တွင်မူ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့မှု ကို စစ်တပ်မှ သေနတ် နှင့် နှိမ်နှင်းလာ၍ လက်နက်ကိုင် စတင် တွန်းလှန်လာခဲ့သည်။ အစပိုင်းတွင် ထိုဒေသ ရှိ တော်လှန်းရေး အဖွဲ့ အချို့သည် အတူ တကွ တိုက်ပွဲဝင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် အများစုသည် တသီးတသန့် ဖြစ်လာသည်။ အချို့က အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက်ခံ ဖြစ်လာသည်။
ဘီဂျင်း သည် စစ်တပ် အာဏာသိမ်းမှု ကို မီးစိမ်းပြ ထောက်ခံခဲ့သည်ဟု ယူဆပြီး စစ်တပ် ကဲ့သို့ပင် တရုတ် အပေါ် ရန်လို မုန်းတီးခဲ့ကြသည်။ ပိုက်လိုင်းအားလည်း ၎င်းတို့၏ ပစ်မှတ်များထဲတွင် ထိပ်ဆုံးမှ ထည့်သွင်းလာခဲ့သည်။ သို့သော်လည်း NUG မှ နောက်ဆုတ်ခိုင်းခဲ့သည်။ ပိုက်လိုင်းကို တိုက်ခိုက်ပါက တရုတ်နှင့် ကမ္ဘာက ၎င်းတို့ နိုင်ငံ၏ တရားဝင်အစိုးရအဖြစ် မြင်အောင် ကြိုးပမ်းနေမှု အား ထိခိုက်သွားမည်ကို စိုးရိမ်၍ ဖြစ်သည်။
သို့သော်ငြားလည်း ပိုက်လိုင်းသည် တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ၂၀၂၂ ဖေဖေါ်ဝါရီ တွင် တကြိမ်၊ ၂၀၂၃' မေလ တွင် နှစ်ကြိမ် နွားထိုးကြီး မြို့ အနီးရှိ ပိုက်လိုင်း ကို တိုက်ခိုက်ခဲ့သော်လည်း လက်နက် မပြည့်စုံ၍ မဆိုသလောက်သာ ထိခိုက်သွားခဲ့သည်။ နောက်ပိုင်း ရက်များ တွင် စစ်တပ်သည် လူ တလှေကြီးကို ဖမ်းဆီးလိုက်ပြီး တရုတ်၏ ရင်းနှီး မြုပ်နှံ မှု များကို အခိုင်အမာ ကာကွယ်နေကြောင်း ပြသခဲ့ကြသည်။
ယခု ရက်များ အတွင်း တော်လှန်ရေး အဖွဲ့မှ တပ်မှုး တဦးက ယခုလို ပြောလာခဲ့သည်။ "ပိုက်လိုင်းကို မတိုက်ဖို့ ပြောစရာ မလိုကြောင်း၊ မိမိတို့ အတွက် အကျိုးမရှိ၊ တရုတ်သည် လက်နက်ကြီး ကျည်များအပါအဝင် လက်နက်ခဲယမ်း များအား ၎င်းတို့၏ နယ်ခြားရှိ ကြားခံ အဖွဲ့များမှ တဆင့် ထောက်ပံ့နေမှု ကို ထိန်းချုပ်ထားကြောင်း၊ တော်လှန်ရေး တပ်များက ၎င်းတို့ကို ဒေါသထွက်အောင် လုပ်လာပါက ထောက်ပံ့ပေးနေမှု များ ရပ်ဆိုင်းသွားကြောင်း နှင့် တခါတရံ လ နှင့် ချီ၍ ကြာသွားသည်" ဟု ဆိုသည်။
အညာဒေသသည် မြေငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံခဲ့ရသည်။ သို့သော် ကယ်ဆယ် ရေး အဖွဲ့များသည် တော်လှန်ရေး တပ်များ ထိန်းချုပ်ရာ ဒေသများသို့ အရောက်လာဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။
ပိုက်လိုင်း ထိခိုက်မှု ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ထိခိုက်မည် ဆိုက တရုတ် အင်ဂျင်နီယာများသည် အနှောက်အယှက် ကင်းကင်း ဖြင့် သွားရောက် ပြင်ဆင်နိုင်ပေလိမ့်မည်။
#ရှမ်းပြည်နယ် မိုင်းတုံ
ပိုက်လိုင်းသည် အညာဒေသမှ ရှမ်းရိုးမ တောင်တန်းများ၏ အစ ဖြစ်သည့် မတ်စောက်သော ကုန်းမြင့်ဒေသ ကို တက်လာခဲ့သည်။ တောင်တန်းဒေသ ၏ အစိတ်အပိုင်း အတော်များများကို တိုင်းရင်းသား တပ်ဖွဲ့များက သိမ်းပိုက်ထားပြီး ဖြစ်၍ စစ်အုပ်စုသည် ပိုက်လိုင်း တိုက်ခိုက်ခံရမည့် အရေးကို ရတက်အေး ဖြစ်ကာ ချဉ်းကပ်လာနိုင်သည့် နေရာ တလျောက် မြေမြုပ်မိုင်းများ ချထားလာခဲ့သည်။
ရှမ်းပြည်နယ် အတွင်း ပိုက်လိုင်း ဖြတ်သန်းရာ တလျောက်ရှိ နယ်မြေ အများစုသည် ယခင်က စစ်အုပ်စု၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသည်။ စစ်တပ် အနေဖြင့် ထိုဒေသတွင် ကြမ္မာဆိုး နှင့် ကြုံခဲ့ရခြင်း အတွက် တရုတ်၊ ငွေလိမ်ဂိုဏ်းများ နှင့် ၎င်းတို့ကိုယ်တိုင် ကို အပြစ်ဖို့ရတော့မည်သာ ဖြစ်သည်။
တိုင်းရင်းသား နယ်ခြားစောင့် တပ်များသည်လည်း ငွေလိမ်ဂိုဏ်းများ မှ ရသည့် ဆက်ကြေးများကို စစ်တပ် နှင့် ခွဲဝေ ယူခဲ့ ကြသည်။ ၂၀၂၃ တွင် တရုတ်မှ အကြိမ်ကြိမ် တောင်းဆို နေသော်လည်း စစ်တပ်သည် မလုပ်နိုင်၍လော၊ မလုပ်ခဲ့ခြင်းလော မသိ ပိတ်ပစ် နိုင်ခဲ့ခြင်း မရှိ။
တရုတ်သည် တနေ့တခြား စိတ်ပျက်လာ၍ ညီနောင် သုံးဖေါ် အဖွဲအား လောက်ကိုင်ကို သိမ်းယူပြီး ငွေလိမ် ဂိုဏ်းများ၏ စခန်းများကို သိမ်းယူရန် အမိန့်ပေးလာခဲ့သည်။
ဤသို့ဖြင့် ၂၀၂၃ အောက်တိုဘာ ၂၇ တွင် ရှမ်းပြည်နယ် အတွင်းရှိ ကီလိုမီတာ စတုရန်း ရာပေါင်း များစွာ ရှိ စစ်စခန်း အမြောက်အမြားကို တိုက်ခိုက်ခဲ့ကြသည်။ ထောင်နှင့် ချီသော စစ်သားများ လက်နက်ချခဲ့ရသည် အထိ ချေမှုန်း နိုင်ခဲ့ကြသည်။ ၁၀၂၇ စစ်ဆင်ရေး ဖြင့် ညီနောင်သုံးဖေါ်သည် နိုင်ငံ တွင်း အရေးပါဆုံး လက်နက်ကိုင် အဖွဲ့ ဖြစ်လာခဲ့သည်။
လောက်ကိုင် ကို သိမ်းယူ ပြီး နောက်တွင် တရုတ်သည် အပစ်အခတ် ရပ်စဲရန် တွန်းအားပေးလာခဲ့သည်။ သို့သော် ဖွင့်ပြီးသား ပုလင်း အဖုံးကို ပြန်စွပ်၍ မရတော့၊ ၂၀၂၄ ဇွန် လ တွင် ညီနောင်သုံးဖေါ်သည် အပစ်ရပ်ထားမှု ကို ချိုးဖောက်ကာ လားရှိုး အထိ တက်သိမ်းပစ်ခဲ့သည်။ TNLA သည်လည်း မန္တလေး သွားရာ လမ်းအတိုင်း ဆင်းလာပြီး ပြင်ဦးလွင် နား အထိ ရောက်လာခဲ့သည်။
တရုတ်သည် ထိုသို့ ဖြစ်ပျက်လာမှု များ အပေါ် မနှစ်မြို့ ဖြစ်လာသည်။ နိုင်ငံတွင်းရှိ မည်သည့် လက်နက်ကိုင် အဖွဲ့ နှင့် မဆို အတူ တွဲလုပ်ရန် ဝန်မလေးသော်လည်း စစ်အုပ်စု ပြိုလဲမည့် အရေးကို စိုးရိမ် ကြောင့်ကြ လာကြသည်။ အရှိန်တညီးညီး တောက်လောင်လာနေသော မီးတောက်ကြီး မငြိမ်းနိုင် ဖြစ်လာတော့မည်ဟု ယူဆလာသည်။ အခြေအနေများ ပြန်လည် ထိန်းချုပ် နိုင်ရန် ညီနောင် သုံးဖေါ် ထိန်းချုပ်နယ်မြေများအား ကုန်စည် တင်ပို့မှု နှင့် ရေ မီးများ ဖြတ်တောက်ပစ်ခဲ့ကြသည်။ MNDAA ခေါင်းဆောင်ကိုပါ ပြန်ပေးဆွဲခဲ့သည်။ ဧပြီ ၂၂ တွင် ညီနောင် သုံးဖေါ်သည် လားရှိုးမှ ဆုတ်ခွာ ပေးခဲ့ရသည်။နိုင်ငံတွင်း ရှိ အမျိုးသားရေး သမားများ အား တုန်လှုပ်သွားစေခဲ့သည့် မြင်ကွင်းသည်ကား တရုတ် သံတမန်များ ဝင်ရောက်လာပြီး လွှဲပြောင်းပေးမှုကို ကြီးကြပ်လာကြခြင်းပင် ဖြစ်သည်။ သို့သော် တိုက်ပွဲများက စစ်မျက်နှာ အသစ်များ တွင် ဆက်လက် ဖြစ်ပွားလာခဲ့သည်။
ထို့အတွက် ပိုက်လိုင်း ဖြတ်သန်းရာ သီပေါ နှင့် နောင်ချိုတွင် တို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာ၍ ပိုက်လိုင်း အတွက် အန္တရာယ် ရှိလာနေသည်။စစ်တပ် မှ လေယာဉ်မှုး များသည်လည်း ကျွမ်းကျင်စွာ ပစ်ခတ် နိုင်သူများ မဟုတ်၍ ပိုက်လိုင်း အား မတော်တဆ ထိမှန်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ အချိန်ကြာလာသည် နှင့် အမျှ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကမျှ တရုတ် ဒေါသ ထွက် မည့် အရေး မလိုလားကြ ဆိုသည်ကို လူထုက သဘောပေါက် လာကြသည်။ မည်သူမျှ မထိရဲသည်ကို သိ၍ အရပ်သားများလည်း ပိုက်လိုင်း အနီးတွင် လုံခြုံ စိတ်ချစွာ ခိုလှုံရဲလာခဲ့ကြသည်။
#တရုတ်
တရုတ်သည် မြန်မာပြည်တွင် ဖြစ်ပျက်နေသည်များကို အမြဲလို စိတ်ဝင်တစား ရှိခဲ့သည်။ ၁၉၄၉ တွင် ကွန်မြူနစ်များ ပြည်တွင်းစစ် တွင် အနိုင်ရရှိ ခဲ့ပြီး နောက်တွင် အရေးနိမ့်သွားသော ကူမင်တန် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာသည် ရှမ်းတောင်တန်းများအား ခြေကုပ်ယူ၍ ယူနန်ပြည်နယ် ထဲသို့ နှစ်ပေါင်း အတန်ကြာ ဖြတ်ကျော် တိုက်ခိုက်ခဲ့ကြသည်။
ယခု အခါ ကူမင်တန်များ မရှိတော့သော်လည်း နောင်တွင် ထိုသို့ ခြိမ်းခြောက်ခံရမည့် အရေးကြောင့် တရုတ် အစိုးရသည် မြန်မာပြည်တွင်းရှိ လက်နက် ရှိသူ မှန်သမျှ နှင့် လက်တွဲလာခဲ့သည်။ အထူးသဖြင့် စစ်အုပ်စု နှင့် သဘောတရားရေးကို မျက်ကွယ်ပြုပြီး ပြင်းထန်သော အမျိုးသားရေး ဝါဒကို ကိုင်စွဲထားသည့် တိုင်းရင်းသား အုပ်စုများ နှင့် ဆက်ဆံရသည်ကို စိတ်ချလက်ချ ရှိလာခဲ့သည်။ ဒီမိုကရေစီ တော်လှန်ရေး အဖွဲ့များသည်လည်း ၎င်းတို့ ပိုက်လိုင်း ကို အကာအကွယ် ပေးနိုင်ရန် သွယ်ဝိုက် ဆက်သွယ်လာခဲ့သည်။ ထိုသို့သော ပုံစံဖြင့် ချဉ်းကပ် ဆက်သွယ်လာခြင်းကြောင့် တရုတ်သည် မြန်မာ ပြည်တွင်းစစ်တွင် လွန်စွာ အရေးပါသည့် အနေအထားမှ ပါဝင်နေသူ ဖြစ်လာခဲ့သည်။
၂၀၂၁ အာဏာသိမ်းပြီး နောက်တွင် မြန်မာ ဒီမိုကရေစီ အင်အားစုများသည် အနောက်အုပ်စု ၏ အကူအညီ ရရာ ရကြောင်း အတွက် တရုတ် နှင့် ဆက်ဆံရေးကို ပစ်ပယ်ရန် ပြင်ဆင်လာခဲ့ကြသည်။ ဤသို့ဖြင့် နိုင်ငံ၏ ဘူမိ နိုင်ငံရေး လားရာ သည် သိသိသာသာ ရွှေ့လျား လာခဲ့သည်။ လက်တွေ့ တွင် စစ်ပွဲ ကြာရှည် လာသည်နှင့်အမျှ အနောက်အုပ်စု၏ အကူအညီ ပေးမည် ဆိုသော ကတိများ ပျက်ကွက်လာသည့် အခါ တွင် တော့ တရုတ်ဖက်သို့ လှည့်လာကြပြန်သည်။
၂၀၂၄ ဇန်နဝါရီတွင် NUG သည် တရုတ်နှင့် ဆက်ဆံရေး အတွက် သဘောထား ဆယ်ချက် ကို ထုတ်ပြန်လာခဲ့သည်။ ပိုက်လိုင်း ကဲ့သို့ တရုတ်ရင်းနှီး မြုပ်နှံ မှု များ အကာအကွယ် ပေးသွားမည်ဟု ကတိပေးထားသည်။ ပို၍ အရေးပါသည့် အချက်ကား အဆိုပါ ကြေညာချက်ထဲတွင် တရုတ် တို့ မြန်မာ နှင့် ပတ်သက်၍ တောက်လျောက် သုံးစွဲလာသည့် "ပေါက်ဖေါ်" ဆိုသည့် စကားကို ထည့် သွင်း သုံးစွဲလာခဲ့ခြင်း ဖြစ်သည်။ ပေါက်ဖေါ် ဆိုသည့် အဓိပ္ပါယ်သည် အကို နှင့် ညီ အကြား ဆက်ဆံရေးကို ဆိုလိုခြင်း ဖြစ်သည်။ ။
မြန်မာပြည်ကို မည်သူ အုပ်ချုပ်သည် ဖြစ်စေ အကိုကြီးက စောင့်ကြည့် နေမည်သာ ဖြစ်သည်။
(၂၀၂၅ မေ ၃၀ ရက်နေ့ ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ "China calls the shot in Myanmar's civil war" ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည်။)