သာစင် ကို အဖြေ ပေးလိုက်ပြီ

by Hla Soewai - Jun 07 2025

ဝ တပ် နှင့် မိုင်းလား အခြေစိုက် NDAA တို့မှ နေပြည်တော်ရှိ ဝန်ထမ်း အိမ်ယာများ အားလုံး ပြန်လည် တည်ဆောက်ရေး အတွက် ကုန်ကျစရိတ် များကို ကျခံမည်ဟု စုံစမ်းသိရှိရကြောင်း မြန်မာ နောင်း တွင် ပါရှိလာခဲ့သည်။

 

ဤသည်ကပင် ထိုင်းပြည်သူများ၏ ရန်သူ အဖြစ် သတ်မှတ်ထားသော ဝ များ အား အရေးယူရန် သာစင်၏ အပြောကို ရှင်းလင်းစွာ အဖြေ ပေးလိုက်ခြင်းပင် ဖြစ်သည်။

 

စစ်အုပ်စု သည် ပြန်လည် တည်ဆောက်ရေး လုပ်ငန်း များ အတွက် ငွေများ မည်က ရမည် ဆိုသည့် က တဖြေးဖြေး နှင့် ရုပ်လုံးပေါ်လာချေပြီ။

 

ကြာသပတေးနေ့ တွင် မင်းအောင်လှိုင်သည် ၎င်းတို့ နှင့် ပုလင်းတူ ဘူးဆို့ ကရိုနီ တသိုက်အား ခေါ်တွေ့ပြီး ပြန်လည် တည်ဆောက်ရေး အတွက် ပြောဆိုသည့် သတင်းများလည်း ထွက်ပေါ်လာပြီ ဖြစ်သည်။၎င်းတို့အား ငွေကြေး ပံ့ပိုးပေးမည့် ကရိုနီ ၁၃ ဦး၏ အမည်များလည်း ထွက်ပေါ်လာခဲ့သည်။ ထိုအထဲတွင် ဇော်ဇော်၊ ခင်မောင်အေး၊ ဝဏ္ဍခိုင်၊ ကျော်ဝင်း၊ သိန်းဝင်းဇော်၊ မောင်ဝိတ်၊ ခင်ရွှေ တို့ ပါရှိလာသည်။

 

၎င်းတို့သည် စေတနာဝန်ထမ်း လှုဒန်းခြင်း မဟုတ်ဘဲ လိုင်စင် နှင့် သွင်းကုန် ပါမစ် အမျိုးမျိုး ရရန် အကျိုးလို၍ ညောင်ရေသွန်းခြင်းသာ ဖြစ်သည်။ တကယ်တမ်းတွင် ထိုငွေများသည် တိုင်းပြည်အတွက် အခွန်ငွေများ ဖြစ်သည်ဟု ‌စီးပွားရေး သုတေသီ တဦးက ထောက်ပြခဲ့သည်။ ဥပမာ ကားတစီး တင်သွင်းမည် ဆိုလျှင် သွင်းကုန် အတွက် အခွန်သည် နိုင်ငံ ဘဏ္ဍာ ဖြစ်ရမည့် အစား ကရိုနီတို့ အိပ်ကပ်ထဲသို့သာ ရောက်သွားရသည်ဟု ဆိုသည်။

 

ဘန်ကောက်တွင် ကွန်ဒို ကြီး ပြိုကျခဲ့မှု အတွက် တာဝန် ရှိ ကန်ထရိုက်တာ ကုမ္ပဏီများမှ အကြီးအကဲ စုစုပေါင်း ၁၇ ယောက် ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြသော်လည်း မြန်မာပြည်တွင်မူ ပန်းပန်လျက် ရှိနေသော ကရိုနီများ ထံမှ လက်ဖြန့် တောင်းနေရရှာပြီ ဖြစ်သည်၊ လက်ဖြန့်တောင်းသည် ကလည်း စကား အဖြစ်သာ ပြောခြင်း ဖြစ်သည်။ ထောင်ထဲ ဝင်မလား၊ ငွေထုတ်ပိုက်လာမလား ဟု မေးလိုက်ယုံ ပင် ဖြစ်သည်။ ငွေလိုလာ၍ ထောင်ထဲသွင်းထားသော ကရိုနီ များကို ပင် ပြန်လွှတ်ပေးလာခဲ့သည်။

 

စစ်အုပ်စု၏ ကြေညာချက်တွင် ပြန်လည် တည်ဆောက်ရေး အတွက် ကျပ် ၁၃၁.၅ ဘီလီယံ (ဒေါ်လာ ၂၉.၈ သန်း) နှင့် ဒေါ်လာ ၂.၃ သန်း ရရှိထားပြီဟု ပါရှိသည်၊ ထိုငွေများကို နေပြည်တော် အတွက်သာ ပုံအော် သုံးမည်ဟု ယူဆရသည်။

 

ထိုအထဲတွင် ကျပ် နှစ်ဘီလီယံ သုံး၍ ၅၁ ထပ် မြင့် ပြီး တထပ်လျင် လေးခန်း ပါရှိမည့် ဝန်ထမ်း အိမ်ယာ အဆောက်အအုံ နှစ်ခုကို ယခင် ကရိုနီ များ နှင့်ပင် ပြန်ဆောက်သွားမည်ဟု ဆို၍ နေရမည့် မိသားစုများ အတွက် အိမ်မက်ဆိုးများ ဖြစ်လာပေတော့မည်။

 

ထိုအဆောက်အအုံ အတွက် ကုန်ကျစရိတ် ကို ဝ နှင့် NDAA တို့က ကျခံမည်ဟု သိရသည်။ သောကြာနေ့တွင် ပါရှိလာသော စစ်အုပ်စု ပိုင် မီဒီယာများတွင် ဝ ရိုးရာ အဝတ်အစား ဝတ်ဆင်ထားသူ တဦးက ကျပ်ငွေ ၃.၃ ဘီလီယံကို မင်းအောင်လှိုင်အား ပေးနေပုံ ပါရှိလာခဲ့သည်၊ မည်သူမည်ဝါဟု ဖေါ်ပြထားခြင်း မရှိပေ။ ရွှေတြိဂံ ဒေသတွင် တော့ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ထပ်၍ မြင့်တက်လာဖွယ် ရှိနေသည်။

 

ကမ္ဘာဘဏ်ကမူ ငလျင်ကြောင့် တိုက်ရိုက် ပျက်စီးမှု တန်ဖိုးသည် ဒေါ်လာ ၁၁ ဘီလီယံ ရှိပြီး တမျိုးသားလုံး ကုန်ထုတ်လုပ်မှု ပမာဏ ၏ ၁၄ ရာခိုင်နှုန်း ခန့် ရှိမည်ဟု ခန့်မှန်းထားသည်။

 

ထို့အတွက် စစ်ကောင်စီ၏ ဒုတိယ ခေါင်းဆောင် စိုးဝင်း ကိုယ်တိုင် ၎င်းတို့ အဆို တရားမဝင် သော ကုန်ပစ္စည်းများကို တိုး၍ သိမ်းဆည်းပြီး စနစ်တကျ သို လှောင်ကာ လေလံတင် ပြန်ရောင်းစားဖို့ အထိ ကွင်းဆင်း ကြပ်မပ်‌ နေရပြီ ဖြစ်သည်။

 

တရားမဝင် ဆိုသည်က ၎င်းတို့ ပါးစပ်ထဲတွင် ရှိနေ၍ ကော့သောင်-ရနောင်းဖက်တွင် လစဉ်လို ကျပ် သန်း သုံးရာ မှ တစ် ဘီလီယံ တန်ဖိုး ရှိ ကုန်ပစ္စည်းများ အား စစ်အုပ်စု မှ ပုံမှန် သိမ်းယူ လျက် ရှိနေသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

ယခုအခါ TNLA ထိန်းချုပ်ထားသော မြို့ ပေါင်း ၁၁ မြို့သို့ ကုန်စည် စီးဆင်းနေသည့် နယ်စပ် ကုန်သွယ်ရေး ကို တရုတ် မှ ဖိအားပေးသည့် အနေဖြင့် ဆက်၍ ပိတ်ဆို့ထားဆဲဟု TNLA ပြောခွင့်ရ ဗိုလ်မှုးကြီး တာပန်လှ က အွန်လိုင်း သတင်းစာရှင်းလင်းပွဲ တွင် ထုတ်ဖေါ်ပြောဆိုလိုက်သည်။ ထို့ အတွက် စက်သုံးဆီများ၊ ဆေးဝါးများ ပြတ်လပ်လာပြီ ဖြစ်သည်။

 

စစ်အုပ်စု မှ နမ်ဆန် နှင့် မိုင်းတုံ မြို့များကို ၎င်းတို့ကို ပြန်ပေးဖို့ ပြောပေးရန် တရုတ်အား အပူကပ်ထားသည်ဟု သိရသည်။

 

ညီနောင် သုံးဖေါ်ထဲမှ နှစ်ဖွဲ့သည် တရုတ်၏ ဗိုလ်ကျ အနိုင်ကျင့် မှု ကို မထင်မှတ်ဘဲ အလူးအလဲ ခံနေရချိန်တွင် ကျန် ညီနောင် အဖွဲ့ဝင်တဦး ဖြစ်သော အာရက္ခ တပ်တော်သည် ကျောက်ဖြူ ဆိပ်ကမ်း တဝိုက် တိုက်ပွဲ တွင် တပ်မ ၁၁ မှ ဗျူဟာမှုး ဗိုလ်မှုးချုပ် ကျော်မျိုးအောင် အား စနိုက်ပါ ဖြင့် ပစ်ခတ် ရှင်းလင်းပစ် နိုင်သည် အထိ အောင်ပွဲ ခံနေပြီ ဖြစ်သည်။

 

ကျောက်ဖြူ သို့ ဖေဖေါ်ဝါ,ရီလ မှ စတင် ရောက်ရှိလာ‌ နေသော တရုတ် လုံခြုံရေး ကုမ္ပဏီ အုပ်စု မှ စစ်တပ်အား ဒရုန်းများ နှင့် တိုက်ခိုက်နိုင်အောင် အကူအညီ ပေးနေကြသည်ဟု ရခိုင် မီဒီယာများ တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။

 

တော်လှန်ရေး တပ်ဖွဲ့များ အနေဖြင့် တရုတ်၏ ရေနံဓါတ်ငွေ့ ပိုက်လိုင်းများ အနီးတဝိုက်တွင် အခိုင်အမာ တပ်စွဲ နိုင်မည် ဆိုက ဗုံးကြဲ တိုက်ခိုက်ခံရမည့် အန္တရာယ်မှ ကင်းလွတ် နိုင်‌‌မည်ဟု ယူဆရသည်။

 

ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချအောင်ရမည်!!!