ယနေ့ ဗီယက်နမ် နှင့် ခေါင်းဆောင်သစ်

by Hla Soewai - Jun 07 2025

ဆိုင်းဂုံ မှ အမေရိကန် တပ်သား တဦးမကျန် ထွက်ခွာသွားသည့် လွန်ခဲ့သည့် နှစ်ငါးဆယ် က ဗီယက်နမ်သည် စစ်ပွဲ၏ ဒဏ်ရာဒဏ်ချက် များ နှင့် ဆင်းရဲ စုတ်ပြတ် ကျန်ရစ်ခဲ့သည်။ ဟိုချီမင်း မြိုတော်ဟု အမည်ပြောင်းခဲ့သည့် ဆိုင်းဂုံသည် ယခုအခါ လူဦးရေ ၉ သန်းခန့် ရှိနေပြီး နီယွန် မီးလုံး များ ဖြင့် ထိန်ထိန်ညီး နေသည့် မိုးထိ မြင်ု အဆောက်အဦးများ၊ တောက်ပ သစ်လွင်နေသည့် ဇိမ်ခံပစ္စည်း ကုန်အမှတ် တံဆိပ်များ နေရာအနှံ့ ပြည့်နှက်နေသည်။

 

အလွန်အကျွံ ဆင်းရဲ နွမ်းပါးနေသူ မရှိအောင် တိုက်ဖျက်ပစ်နိုင်ခဲ့ခြင်း၊ အမေရိကားသို့ ကုန်စည်များ အများဆုံး တင်ပို့ နေသည့် ဆယ်နိုင်ငံထဲတွင် ပါဝင်နေခြင်း၊ အက်ပဲလ် နှင့် ဆမ်ဆောင်းကဲ့သို့ ကုမ္ပဏီကြီးများ၏ ကုန်ထုတ်လုပ်ငန်း ဗဟို အချက်အခြာ ဖြစ်လာခြင်းများကြောင့် ဗီယက်နမ်အဖို့ အောင်ပွဲခံနေရမည့် အချိန် ဖြစ်သည်ဟု ယူဆနိုင်စရာ ဖြစ်လာသည်။ 

 

တကယ်တမ်း တွင် ဗီယက်နမ် တွင် ပြဿနာ များ တဖြေးဖြေး စုဆောင်းသိုမှီးထားသည့် အလား ဖြစ်လာနေသည်။ ထိုပြဿနာများကို ရှောင်ရှားပြီး ‌ထွန်းသစ်စ စီးပွားရေး နိုင်ငံတနိုင်ငံ အဖြစ် ဖွံ့ဖြိုးပြီး နိုင်ငံများ နှင့် ရင်ဘောင်တန်းနိုင်ရန် ဒုတိယ အကြိမ် အောင်မြင်မှု ကြီး တရပ် ဖန်တီးပြဖို့ လိုအပ်လာပြီ ဖြစ်သည်။ ဆိုလိုသည်က လက်ရှိ ကုန်သွယ်ရေး စစ်ပွဲ ကြီး ကြားတွင် ချမ်းသာ ကြွယ်ဝလာရန် နည်းလမ်းများ ရှာကြံရမည်၊ ထိုသို့ ရှာကြံ နိုင်ရန် နိုင်ငံကို ပဲ့ကိုင်နေသူသည် စိတ်မာခက်ထန် နေသည့် အဖြစ်မှ ပြုပြင် ပြောင်းလဲရေးသမား ဖြစ်ဖို့ လိုအပ်လာသည်။

 

လက်ရှိ ခေါင်းဆောင် တူ လမ် သည် မာဂရက် သက်ချာ၏ ကိုယ်ပွား မဟုတ်သည်ကား သေချာသည်။ ယမန်နှစ် အာဏာ လွန်ဆွဲပွဲ အတွင်း နိုင်ငံ၏ ထောက်လှန်းရေး အကြီးအကဲ အဖြစ်မှ ကွန်မြူနစ် ပါတီ ခေါင်းဆောင် အဖြစ် တက်လှမ်းလာခဲ့သူ ဖြစ်သည်။ ၎င်းသည် လက်ရှိ သွားနေသည့် ဖေါ်မြူလာသည် အလုပ် မဖြစ်တော့ကြောင်း ကောင်းစွာ သဘောပေါက်ထားသူ ဖြစ်သည်။

 

အဆိုပါ ဖေါ်မြူလာအား ဒွိုင် မွိုင် ဟု ခေါ်ပြီး ၁၉၈၀ ကျော်နှစ်များ အတွင်း ပြည်ပကုန်သွယ်ရေး နှင့် ပုဂ္ဂလိက လုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးလာခဲ့သည်။ ထို အချိန်တွင် ဗီယက်နမ်တွင် နိုင်ငံရေး တည်ငြိမ်မှု ရှိလာသည် နှင့် အမျှ ဈေးပေါပေါ နှင့် လုပ်နိုင်ကိုင်နိုင်သည့် အလုပ်သမား များစွာ ထွက်ပေါ်လာခဲ့သည်။ ယင်းနှင့် အတူ တရုတ် မရလျင် ဗီယက်နမ် ဟူ၍ ဖြစ်လာခဲ့သည်။

 

ပြည်ပ ရင်းနှီး မြုပ်နှံမှု ဒေါ်လာ ၂၃၀ ဘီလီယံ အထိ ရလာပြီး အီလက်ထရောနစ် အစိတ်အပိုင်းများ တပ်ဆင် ထုတ်လုပ်ပေးရာ ထိတ်တန်း နိုင်ငံ ဖြစ်လာခဲ့သည်။ တရုတ်၊ ဂျပန်၊ တောင်ကိုရီယား၊ အနောက်တိုင်း ကုမ္ပဏီများ မှ စက်ရုံများ လာရောက် ဖွင့်လှစ် လုပ်ကိုင်လာကြသည်။ ပြီးခဲ့သည့် ဆယ်စု နှစ် အတွင်း တနှစ်လျင် ၆ ရာ နှုန်းခန့် ဖြင့်အိန္ဒိယ၊ တရုတ် တို့ထက် ပိုမိုလျင်မြန်စွာ တိုးတက်လာခဲ့သည်။

 

ဗီယက်နမ် လက်တလော ရင်ဆိုင်နေရသော အရေးသည် ကုန်သွယ်ရေး စစ်ပွဲပင် ဖြစ်သည်။ ဗီယက်နမ်၏ ကုန်စည် တင်ပို့မှု သည် လွန်စွာ အားကောင်းလာနေပြီး အမေရိကန် နှင့် ကုန်သွယ်ရေး ပိုငွေ ပြမှု တွင် ပဉ္စမ မြောက် အများဆုံး နိုင်ငံ ဖြစ်လာသည်။

 

ဒေါ်နယ် ထရမ့်၏ ၄၆ ရာနှုန်း ကုန်သွယ်ခွန် တိုးမြှင့်မည် ဆိုသည်ကို လည်း လျော့ချအောင် ‌ဆွေးနွေး နိုင်ခဲ့သည်။ ထိုပြင့် ထရမ့် နှင့် သူ့ လူများ ကျေနပ်သွားရန် မက်လုံးမျိုးစုံကို လိမ္မာ ပါးနပ်စွာ နှင့် ကမ်းလှမ်းနိုင်ခဲ့သည်၊ ထိုအထဲတွင် SpaceX နှင့် ဘိုးရင်း လေယာဉ်များ ဝယ်ယူရေး လည်း ပါဝင်သည်။ မေလ ၂၁ ရက်နေ့တွင် ထရမ့်၏ သားဖြစ်သူ အဲရစ် ထရမ့်သည် ဗီယက်နမ်ရှိ ထရမ့် အပန်းဖြေ စခန်း ပန္နက်ချပွဲ ပြုလုပ်ခဲ့ပြီး ပြီးစီးသွားက လူတိုင်းအားအသက်ရှု မှားသွားစေမည်ဟု ပြောခဲ့သည်။

 

ထရမ့် မှ ကုန်သွယ်ခွန် ကို လျော့ချပေးခဲ့သည့် တိုင် ဗီယက်နမ် အတွက် အိမ်မက်ဆိုး ကြီး ဆက်ဖြစ်နေဆဲပင် ဖြစ်သည်။ စက်ရုံ အလုပ်သမား ခ သည် အိန္ဒိယ၊ အင်ဒိုနီရှား၊ ထိုင်းတို့ထက် မြင့်နေသည်။ အကယ်၍ သဘောတူညီချက် တစိတ်တပိုင်း အဖြစ် အမေရိကန် ကလည်း တရုတ် နည်းပညာများ၊ ရင်းနှီးမြုပ်နှံမှု များ၊ ဝင်ရောက် ပတ်သက်နေမှု များကို သန့်စင်ပစ်ရန် ဖိအားပေးလာမည် ဆိုက ဗီယက်နမ် တို့ ကောင်းစွာ တည်ဆောက်ထားသော ဘူမိနိုင်ငံရေး မျှ ခြေ ပျက်ယွင်းသွားနိုင်ပေသည်။

 

ဗီယက်နမ် သည်လည်း အခြား အာရှနိုင်ငံများ ကဲ့သို စိတ်မချရသော အမေရိကန် နှင့် ဗိုလ်ကျ အနိင်ကျင့်တတ်သော တရုတ် အကြား ဝေ့လည် ကြောင်ပတ် လုပ်လိုပေလိမ့်မည်။ တရုတ်နှင့် ကွန်မြူနစ် နိုင်ငံ ချင်း ဖြစ်သော်လည်း ကာလ ကြာမြင့်စွာကပင် ပြိုင်ဖက် အဖြစ် သဘောထားခဲ့ပြီး ယခုအခါ ကမ်းရိုးတန်း ရေပိုင်နက် နှင့် ကျွန်းတန်းများ ပိုင်ဆိုင်မှု နှင့် ပတ်သက်ပြီး အငြင်းပွားလျက် ရှိသည်။

 

တူ လမ်သည်လည်း အကျင့်ပျက် ခြစားမှု များ တိုက်ဖျက်လာသည့် အတွက် "အရှိန်တညီးညီး တောက်လောင်နေသော မီးပြင်းဖိုကြီး" ဟု နာမည်ရလာခဲ့သည်။ ယခု အခါတွင်တော့ ‌ဗီယက်နမ်၏ စီးပွားရေး ပုံစံဟောင်းကြီးကို မီးလောင် တိုက်သွင်းရတော့မည် ဖြစ်သည်။ တူလမ် သည် "အမျိုးသား မြှင့်တင်ရေး ခေတ်" ဟု ကြေညာကာ ၂၀၃၀ တွင် စီးပွားရေး တိုးတက်မှု နှုန်း ဂဏန်း နှစ်လုံး အထိ ဖြစ်လာလိမ့်မည်ဟု ဆိုကာ မျှော်လင့်ချက်များကို အမြင့်ဆုံးသို့ ဆွဲတင်လာခဲ့သည်။

 

သိပ္ပံ နှင့် နည်းပညာ ဘတ်ဂျက် ကို လေးဆ တိုးပြီး ၂၀၅၀ အရောက်တွင် ဆီမီး ကွန်ဒပ်တာ မှ တနှစ်လျင် ဒေါ်လာ ၁၀၀ ဘီလီယံ ဝင်ငွေ ရရှိ ‌အောင် လုပ်သွားမည်ဟု ရည်မှန်းချက် ထားသည်။

 

သို့သော် စီးပွားရေး တုံ့နှေးလာမှု ကို ရှောင်ရှား နိုင်ရန် အခြား ဖွံ့ဖြိုးဆဲ နိုင်ငံ များ ကဲ့သို့ ပို့ကုန် ဖြင့် ချမ်းသာကြွယ်ဝအောင် လုပ်သည့် မဟာဗျူဟာ များ ကျင့်သုံး နေရင်း အမြစ်တွယ်လာသည့် ပြဿနာ များကို ရင်ဆိုင်ရာတွင် ပို၍ ခဲရာခဲဆစ် နိုင်လာသည်။

 

ဗီယက်နမ် ၏ အံ့ချည်းဖွယ် အောင်မြင်မှု များ ရရှိလာခြင်းသည် နိုင်ငံစုံ ကုမ္ပဏီ ကြီးများမှ ပို့ကုန် များ အတွက် စက်ရုံကြီးများ ဆောက်ကာ နိုင်ငံသားများ ကို ငှားရမ်း လုပ်ကိုင်လာကြခြင်းကြောင့်လည်း ဖြစ်သည်။ သို့ရာတွင် များသော အားဖြင့် အသုံးပြုသည့် နည်းပညာများ၊ တပ်ဆင်ရမည့် ပစ္စည်းများကို ပြည်ပမှသာ တင်ပို့ခဲ့ကြပြီး အကြွင်းအကျန် များသာကျန်သည့် စီးပွားရေး အစိတ်အပိုင်းများထဲသို့ စီးမျော သွားကြသည်။

 

ထို့အတွက် ဗီယက်နမ် သည် ပို့ကုန် များ တွင် ပြည်တွင်း ကနေ တန်ဖိုး မြှင့်တင်လို့ ရမည့် ဝေစု ကို တိုးမြှင့် နိုင်ခဲ့ခြင်း မရှိဖြစ်ခဲ့ရသည်။ နိုင်ငံရေး အရ အဆက်အသွယ် ရှိသော ကုမ္ပဏီ ကြီးများသည် အိမ်ခြံမြေ၊ ဘဏ်လုပ်ငန်းများ တွင် ကြီးစိုး‌ထားကြသည်။

 

အခြား စက်မှု လုပ်ငန်းများသည် ကမ္ဘာအနှံ့ ယှဉ်ပြိုင်နိုင်စွမ်း မရှိ ဖြစ်နေသည်။ Tesla လို ဖြစ်အောင် ကြိုးစားလာသည့် VinFast သည်လည်း အရှုံး ပေါ်နေသည်။ တဖက်တွင်လည်း ပီပီပြင်ပြင် ဖြစ်မလာသေးသည့် နိုင်ငံပိုင် လုပ်ငန်း များသည်လည်း စွမ်းအင် မှ သည် တယ်လီကွန်း ကဏ္ဍ များ တွင် ပါဝင်နေကြဆဲ ဖြစ်သည်။

 

ယခုအခါ Lewis turning point ဟု ခေါ်သည့် ကျေးလက်မှ ဝင်ရောက်လာမည့် လုပ်သားအင်အား ကုန်ခမ်းလာပြီး လုပ်ခ နှုန်းထား မြင့်တက်လာသည့် အနေအထား နှင့် ကြုံလာရပြီ ဖြစ်သည်။ ပညာရေး တွင် တရုတ်၊ စင်္ကာပူ၊ ကိုရီယား တို့ကဲ့သို့ ကမ္ဘာ အဆင့်မီ တက္ကသိုလ် များ မရှိသေး၊ လက်ရှိ အင်စတီကျူးရှင်းများသည် အိန္ဒိယ၊ မလေးရှားအောက်တွင် ရှိနေဆဲပင် ဖြစ်သည်။ ပြဋ္ဌာန်းစာများအားလည်း ကွန်မြူနစ် ဗျူရိုကရက်များက စောင့်ကြည့်နေပြီး အင်ဂျင်နီယာ ကျောင်းသားများသည်လည်း စာသင်နှစ် ၏ လေးပုံတပုံခန့်ကို မက်စ်-လီနင်ဝါဒ၊ ဟိုချီမင်း အတွေးအခေါ်များ နှင့် မဖြစ်မ‌နေ နပမ်းလုံးနေရသည်။

 

အညီအမျှ ကြွယ်ဝ ချမ်းသာလာစေရန် တူ လမ် သည် ကုမ္ပဏီ ငယ် လေးများ၊ အသစ် ဝင်လာသူ များ အတွက် ကွင်းညှ်ိပေးဖို့ လိုအပ်နေသည်။ ထို့အတွက် အကျင့်ပျက် မှု များ ပြည့်နှက်နေသော ဘဏ်လုပ်ငန်းများကို လှုပ်ခါချပြီး ကုမ္ပဏီငယ်များ အတွက် ချေးငွေများ ရရှိ‌အောင် လုပ်ပေးရမည်၊ စိတ်ရှုပ်စရာ ကောင်း‌နေသည့် လိုင်စင် ချထားပေးသည့် လုပ်ငန်းစဉ်များကိုလည်း ဖယ်ရှားပစ်ရမည်။

 

ယခု လထုတ်ပြန်သည့် ဥပဒေအရ အိမ်တွင်းစီးပွားရေးလုပ်ငန်းများ အပေါ် ကောက်ခံသည့် အခွန်ကို ဖျက်သိမ်းလိုက်ပြီး စွန့်ဦးတီထွင်သူများ အတွက် ဥပဒေကြောင်းအရ အကာအကွယ်ပေးမှုများအား ပိုမို ခိုင်မာအောင် ပြုလုပ်လာသည်ကို တွေ့ရသည်။ ဝန်ကြီး ဌာနများ အား တဝက် လျော့ချ ပစ်ခဲ့ပြီး အစိုးရဝန်ထမ်း တသိန်း ခန့်အားလည်း အနားပေးခဲ့သည်။

 

တူ လမ် အဖို့ စနစ်ကို တွန်းအားပေးနိုင်ရန် အာဏာများ လက်ဝယ် စုစည်း အောင် လုပ် လာပါက ၎င်းအား ကြောက်ရွံ့ကျိုးနွံမှု များ ဖြစ်လာပြီး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို ထိခိုက်လာနိုင်သည်။ ဗျူရိုကရေစီ ကို ခေတ်မီ ဆန်းသစ် အောင် လုပ်မည် ဆိုက ရန်သူ အသစ်များ ထွက်ပေါ်လာဦးမည်လည်း ဖြစ်သည်။

 

၎င်း၏ ဒုတိယ မြောက် ဒွန် မွိုင် အောင်မြင်သွားခဲ့လျင်တော့ သန်း ၁၀၀ ခန့်သော ဗီယက်နမ် နိုင်ငံသားများအား ဖွံ့ဖြိုးပြီး နိုင်ငံ အဆင့်သို့ တွန်းတင် ပေးနိုင်တော့မည် ဖြစ်သည်။ တရုတ်၏ ဩဇာခံ ဖြစ်မည့် အရေး မှလည်း ရှောင်ရှား နိုင်ပေတော့မည်။ ဗီယက်နမ်သည် ယခု အခါ ချမ်းသာကြွယ်ဝသည့် နိုင်ငံ ဖြစ်လာဖို့ နောက်ဆုံး အခွင့်အရေး နှင့် ကြုံကြိုက် နေပြီ ဖြစ်သည်။

 

(၂၀၂၅ မေလ ၂၂ ရက်နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ The man with a plan for Vietnam အယ်ဒီတာ အာဘော်မှ ကောက်နှုတ်တင်ပြသည်။)