မင်းအောင်လှိုင်သည် နိုင်ငံတွင်း မည်သို့သော ပြဿနာ ကြီးငယ် နှင့် ကြုံရစေကာမူ ၎င်းအတွက် အကျိုးရှိမည် ဆိုက ပြည်တွင်း ပြည်ပ သွားချင်ရာ သွားတတ်သူ ဖြစ်သည်။
ထိုအထဲတွင် အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့သည်က ကျိုင်းတုံ အဖြစ် သိသာစွာ ထွက်ပေါ်လာခဲ့သည်။ သွားရသည့် တခုတည်းသော အကြောင်းရင်းကလည်း ယတြာချေဖို့ပင် ဖြစ်သည်။
ပြည်သူများ ၎င်းအပေါ် ချစ်ခင် လေးစားမှု ရှိလာအောင် ကြံဆောင်ဖို့ ခေါင်းထဲတွင် မရှိ၊ သေနတ် နှင့် ယတြာ ကောင်း ကောင်းရှိ လျင် လုပ်ချင်တာ လုပ်လို့ရသည်ဟု ယုံကြည်သည့်အထိ မိုက်တွင်းနက်သူ တဦး လည်း ဖြစ်သည်။ ရှေ့တန်းစခန်းများသို့သာ မရောက်ရှိရမည်၊ ယတြာချေဖို့က မပျက်မကွက် သွားသူ ဖြစ်သည်။
နောက်ဆုံး ခရီး တွင်တော့ မင်းမြောက်တန်ဆာ ငါးပါး တွင် တပါး အပါအဝင် ဖြစ်သည့် လောကသရဖူ ဘုရား တွင် ဌာပနာထားရှိရန် သရဖူ ကြီး ကို လှုဒန်းသွားခဲ့ပြီ ဖြစ်သည်ဟု ဧရာဝတီ သတင်းတွင် ရေးသားလာခဲ့သည်။ ၎င်းယတြာချေရေး တွင် အစစ အရာရာ သွန်သင် ညွှန်ပြနေသော ဝဇီပိတ် ကိုယ်တော်လည်း ပါသည်ဟု သိရသည်။
ဝဇီပိတ် ကိုယ်တော်သည် အာဏာသိမ်းမှု ကို ဆန့်ကျင် ဆန္ဒပြနေသော ပြည်သူများကို ယတြာချေသည့် အနေဖြင့် ခေါင်းကို တည့်တည့်ပစ်ရန် ညွန်ကြားသူ အဖြစ် လူသိများပေသည်။
မင်းအောင်လှိုင်သည် ဒီဇင်ဘာလ တွင် ရွေးကောက်ပွဲ လုပ်ရန် ရှိနေ၍ ထို ရွေးကောက်ပွဲ အား လူထု အသိအမှတ် ပြုသည် မပြုသည် အပထား ပြည်ပက အသိအမှတ် ပြုဖို့ အရေးကြီးနေသည်။ အာဆီယံ အစည်းအဝေးလာ ခေါင်းဆောင်များက စင်ပေါ်တက် လက်ချင်းချိတ်နေချိန်တွင် မင်းအောင်လှိုင်က ၎င်းတို့ အား ကျိုင်းတုံမှ နေ၍ ယတြာ နှင့် တိုက်နေသည်ကို သိဟန် မတူပေ။
နန်းတက် ရန် ရည်ရွယ် ပြီး သရဖူ ကြီးကို လှုဒန်းခြင်းလည်း ဖြစ်၍ ရွေးကောက်ပွဲ အပြီးတွင် သမ္မတ ဖြစ်ဖို့ ရည်ရွယ်နေခြင်း ဖြစ်သည်က ထင်ရှားနေသည်။ သမ္မတ ဖြစ်ဖို့က ရွေးကောက်ပွဲ လုပ်နိုင်ဖို့သာ အရေးကြီးသည်၊ ကျန်တာ ဘာတခုမှ စိုးရိမ်စရာ မလို၊ ၎င်းအား ပံ့ပိုး ပေးကြမည့် လူများ ကလည်း ပါတီများ ထောင်ကာ အရံသင့် ဖြစ်နေကြသည်၊ မဲမလာထည့် မှာကိုလည်း မပူရ၊ မျက်လုံး ဒေါက်ထောက် စောင့်ကြည့်နေကြသော ဆယ်အိမ်မှုး၊ ရာအိမ်မှုး များ ရှေ့တွင် မည်သူသည် မဲမထည့်ရဲပဲ နေရဲမည်နည်း။ စင်္ကာပူ လို မဲမထဲ့ပဲ နေ၍ မရဟု ပင် ဥပဒေ ထုတ်ကောင်း ထုတ်လာနိုင်သည်။
၎င်းကို ပံ့ပိုး ပေးဖို့ မဟုတ်ပဲ ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဟု ကြွေးကြော်ကာ လွှတ် တော်ထဲ ဝင်ရန် ကြံစည် နေ သူများကို အမတ်နေရာ ဆယ်ဂဏန်း မျှ လောက်သာ ရအောင် စီမံပြီး ကြံ့ဖွတ်ကို အားပြုကာ စင်္ကာပူ လို ပုံစံမျိုး နှင့် ရာသက်ပန် သမ္မတ လုပ်ရန် အထိ လေထဲ တိုက်အိမ် ဆောက်နေပြီ ဖြစ်သည်။
၎င်းအဖို့က ပြဿနာ တခုသာ ရှိ နေသည်။ ယင်းသည်ကား ၎င်းထိန်းချုပ်ထားသော နယ်မြေများ တော်လှန်ရေး အဖွဲ့များကြောင့် ထပ်ပြီး ကျုံ့မသွားဖို့သာ အရေးကြီးနေသည်။ ယခုပင် အာဆီယံက ရာခိုင်နှုန်း အနည်းငယ်လောက် မဲလာထည့်မည့် ရွေးကောက်ပွဲမျိုးသည် အဓိပ္ပါယ် မရှိဟု ထုတ်ဖေါ် ပြောဆိုလာပြီ ဖြစ်သည်။
နိုင်ငံ အနှံ့ တွန်းလှန် ဆန့်ကျင်မှု များ နှင့် ရင်ဆိုင် လာရပြီး အရေးနိမ့်လာရချိန်တွင် တဖက်က တိုက်လေယာဉ်များ စေလွတ်ကာ သတ်ဖြတ်ရင်း၊ တဖက်ကလည်း ဘုရား ပုထိုးများ အား ဘိသိတ်ထပ်ပွဲ များ လုပ်ကာ အလုပ်များနေသူ ဖြစ်သည်။ ၎င်းလက်ထက် တွင် တိုင်းပြည်သည် "ရွှေကျောင်း ပြောင်ပြောင် ဝမ်းခေါင်ခေါင်" ဘဝ ကွက်တိ ကျရောက်လာခဲ့ရသည်။ ပွင့်ဖြူ မြို့နယ် အတွင်းရှိ ကျေးရွာငယ်လေး၏ ဘုရားမှသည် မော်စကို အထိပင် ခြေဆန့်ကာ "အောင်ပြီ၊ အောင်ပြီ၊ အောင်ပြီ" ဟု ပင် ကြွေးကြော်ရဲသူ ဖြစ်သည်။
မင်းအောင်လှိုင်သည် ယတြာများက ၎င်းအား ကယ်တင်နိုင်ခြင်း မရှိဘဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ကြီးစွာ နှင့် လေးနှစ်လုံးလုံး နေလာခဲ့ရသည် အဖြစ်က သက်သေခံနေပေသည်။ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီကလည်း ပဲခူးရှိ ထီးလိုမင်းလို ဘုရား တွင် ထီး တော် တင်ပြီး ယတြာချေခဲ့သော်လည်း အောင်မြင်ခြင်း မရှိဘဲ တိုင်းပြည်ပျက်ကြီးကို ဓါးတပြပြ နှင့် အုပ်ချုပ်နေရယုံမျှမက နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ ဝါးရမ်းပြေး ဘဝ ရောက်ရဦးမည် လည်း ဖြစ်သည်။
လားရှိုး
တရုတ် အထူး သံတမန် တိန်ရီချွန်း သည် ဧပြီ ၂၂ ရက်နေ့ MNDAA မှ လားရှိူးအား စစ်တပ်သို့ ပြန်ပေးခဲ့မှု ကို ကြီးကြပ်ပေးခဲ့သည်မှ အပ ယနေထိ အပစ်အခတ် ရပ်စဲမှု စောင့်ကြည့်ရေး ရုံးကို ဖွင့်လှစ် ရုံးထိုင်ခြင်း မရှိသေးဟု သိရသည်။ အဝေးမှသာ နှစ်ဖက်စလုံး အား စစ်ရေးအရ ထိတွေ့မှု မရှိရန် ညွှန်ကြားနေသည်၊ ယင်းသည် စစ်အုပ်စု အပေါ် ယုံကြည်ခြင်း မရှိသေး သောကြောင့်ဟု MNDAA နှင့် နီးစပ်သော သတင်းရပ်ကွက် တခုက ဧရာဝတီသို့ ပြောပြခဲ့သည်။
ယခုထိလည်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ပြန် မတည်ထောင် နိုင်သေးပဲ လားရှိုး တက္ကသိုလ် ဝင်း အတွင်း နှင့် မြို့ထဲရှိ တပ်စခန်းများ တွင်သာ တပ်စွဲ ထားဆဲပင် ဖြစ်သည်။။ MNDAA လည်း ၎င်းတို့၏ ဆက်သွယ်ရေး ရုံး မဖွင့်နိုင်သေးပဲ မြို့စွန်ရှိ ဟိုပိတ် ရွာ တွင် သာ အုပ်ချုပ် ရေး ရုံး ဖွင့်ထားသည်။
မြို့ထဲတွင်လည်း လုယက် ဓါးပြတိုက်မှု များက ရဲစခန်း အနီးတွင် ပါမကျန် ဖြစ်ပွားနေပြီး ဓါတ်ကြိုး ခိုးသူများ သာ ဖမ်းဆီးခံနေရသည်၊ ညဖက်များ တွင်အပြင် မထွက်ရဲကြ၍ ခြောက်ကပ်နေသည်ဟု သိရသည်။
စစ်တပ် အတွက် လည်း စီးပွားရေး အရ တွက်ခြေ မကိုက် ဖြစ်နေသည်။ ယခင် ဒေါ်လာ ၆ ဘီလီယံ ခန်ုရှိသော နယ်စပ်ကုန်သွယ်ရေးသည် TNLA မှ နောင်ချို၊ ကျောက်မဲ၊ သီပေါတို့အား သိမ်းပိုက်ထားခြင်း ကြောင့် ရပ်တန့်နေပြီ ဖြစ်သည်။
နောက်ထပ် ရရှိသော ရိုက်တာ သတင်းအရ ဘင်္ဂလားဒေ့ရှ် အစိုးရမှ ရန်ကုန် ရှိ ၎င်းတို့၏ သံအမတ်ကြီးအား ချက်ခြင်း ပြန်လာရန် ဆင့် ခေါ်လိုက်ပြီဟု သိရသည်။ ပြီးခဲ့သည့် အပတ် အတွင်း အာရက္ခ တပ်တော်နှင့် ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်လှစ်ထားသည်ဟု ဘင်္ဂလားဒေ့ရှ် အမျိုးသား လုံခြုံရေး အကြံပေး ခါလီလာ ရာမန်က ထုတ်ဖေါ် ပြောဆိုပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာလာနေပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!
ကိုးကား - ဧရာဝတီ သတင်းစဉ်