အာဏာရှင် စနစ်မှ ထုတ်နှုတ်ယူရမည့် သင်ခန်းစာ နှစ်ဆယ်
***************
အမေရိကန် သမိုင်းပညာရှင် တီမိုသီ ဂျွန် စနိုက်ဒါ ရေးသည်။
3. BEWARE THE ONE-PARTY STATE
နိုင်ငံ ကို ပြန်လည် ပုံဖေါ်ခဲ့ပြီး ပြိုင်ဖက်များကို ဖိနှိပ်လာခဲ့သည် ပါတီများသည် မူလကတည်းက အနန္တ တန်ခိုး ရှင် ဖြစ်နေကြသူ များ မဟုတ်ကြ၊ သမိုင်း ဝင်မည့် အခိုက်အတန့် ကာလ တခု ကို ကောင်းစွာ အမြတ်ထုတ်ပြီး ၎င်းတို့ အတိုက်အခံများ၏ နိုင်ငံရေး ဘဝ အညွန့်တုံးသွားရန် ဖန်တီးခဲ့ကြသူများ ဖြစ်သည်။
ထို့အတွက် ပါတီစုံ စနစ် ကို ထောက်ခံရမည်၊ ဒီမိုကရေစီ ရွေးကောက်ပွဲ စည်းမျဉ်း များကို ကာကွယ်ကြရမည်၊ တတ်နိုင်လျှင် ဒေသန္တရ နှင့် နိုင်ငံ အဆင့် ရွေးကောက်ပွဲ များ တွင် မဲထည့်ရမည်၊ ကိုယ်တိုင်လည်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ စဉ်းစားရမည်။
သောမတ်စ် ဂျက်ဖာဆန်သည် "eternal vigilance is the price of liberty" လွတ်လပ်ခွင့် အတွက် အစဉ် အမြဲ သတိရှိနေရမည် ဆိုသော စကားကို ပြောချင်မှ ပြောခဲ့မည် ဖြစ်သော်လည်း ထိုခေတ် အခါက အမေရိကန် များ ပြောခဲ့သည်ကတော့ သေချာသည်။
ယခု ထို စကား၏ အဓိပ္ပါယ်ကို စဉ်းစားကြည့် သည့် အခါ မှားယွင်းစွာ ဆုံးဖြတ်ပြီး ရန်လိုလာမည့် ပြင်ပ အင်အားစုများ အတွက် မှန်ကန်သည့် သတိဝိရိယ ရှိနေရမည်ဟု တွေးထင်မိကြမည်သာ ဖြစ်သည်။
ကျွနုပ်တို့ ကိုယ် ကျွနုပ်လည်း တောင်ကုန်းပေါ်ရှိ မြို့ကြီး တမြို့တွင် ရှိနေသည့် ဒီမိုကရေစီ၏ ခံတပ်ကြီး မှ နေ၍ အဝေး မှ လာမည့် အန္တရာယ်များကို လှမ်းမျှော်ကြည့်နေရမည်ဟု ယူဆကြမည်လည်း ဖြစ်သည်။
သို့သော် သေချာစေ့ငုစွာ သုံးသပ်ကြည့်မည်ဆိုကအဓိပ္ပါယ် သည် ကျွနုပ်တို့ ယူဆထားသည်များ နှင့် လုံးဝ ကွဲပြားနေသည်ကို သိမြင်လာကြမည်သာ ဖြစ်သည်။ တကယ်တမ်း တွင် အမေရိကန်၏ ဒီမိုကရေစီသည် အမေရိကန်များ၏ ရန်မှ ကာကွယ်ရန် သာ ဖြစ်သည်၊ လူတို့၏ သဘောသဘာဝ အတိုင်း တချိန်ချိန် တွင် မိမိတို့ ရရှိထားသော လွတ်လပ်ခွင့် များကို အခွင့်အရေး တရပ်အဖြစ် အမြတ်ထုတ်လာကြမည် ဆိုက ဒီမိုကရေစီ သည် နိဋ္ဌိတံ သွားပေလိမ့်မည်။
"Eternal vigilance is the price of liberty" ဆိုသည့် စကားကို တကယ်တမ်း ပြောခဲ့သူသည် ကျွန်စနစ် ဖျက်သိမ်းရေး အတွက် တိုက်ပွဲ ဝင်ခဲ့သူ
ဝင်ဒဲလ် ဖီလစ် ဆိုသူ ပင် ဖြစ်သည်။ ၎င်းက လူထု "လွတ်လပ်ခွင့်ကို မန္န (ကောင်းကင်စာ) လို နေ့တိုင်း စုဆောင်းထားရမယ်၊ မထားရင် ပုပ်သွားလိမ့်မည်" ဟု ထပ်ပြောခဲ့သည်။မန္န ဆိုသည်က သမ္မာကျမ်းစာထဲတွင် ဣသရေလလူမျိုးများ တောထဲတွင် ခရီးသွားစဉ် ကောင်းကင်မှ နေ့စဉ် ရွာကျလာသည့် စားစရာဖြစ်ပြီး၊ နေ့တိုင်းစုဆောင်းမှသာ လတ်ဆတ်မည့် အဖြစ်ကို ရည်ညွှန်းခြင်း ဖြစ်သည်။
ခေတ်သစ် ဥရောပ ဒီမိုကရေစီ မှတ်တမ်းများသည် အဆိုပါ စကားရပ်များသည် မည်မျှထိ အမျှော်အမြင် နှင့် ပြည့်စုံသည် ဆိုသည်ကို သက်သေ ခံနေပေသည်။ နှစ်ဆယ်ရာစု နှစ် တလျောက်လုံး လူထု ၏ သဘောထား ဆန္ဒကို တိုးချဲ့ရယူပြီး ရေရှည် တည်တံ့မည့် ဒီမိုကရေစီ တည်ဆောက် နိုင် ရေး အတွက် အလေးအနက်ထား ကြိုးပမ်းခဲ့ကြသည်။
သို့သော် ပထမ ကမ္ဘာစစ် အပြီး (ဒုတိယ ကမ္ဘာစစ်) နောက်ပိုင်း ထွက်ပေါ်လာသော ဒီမိုကရေစီ သည် တပါတီ တည်းက ရွေးကောက်ပွဲ ပုံစံခင်းကာ အာဏာဆုပ်ကိုင်နိုင်ရန် ကြိုးပမ်းလာမှု၊ အာဏာ သိမ်းယူ ခဲ့မှု များကြောင့် မကြာခဏ ဆိုသလို ပြိုလဲသွားခဲ့ရသည်။
ထိုပါတီသည် ၎င်းတို့ ခင်းကျင်းလာသော ရွေးကောက်ပွဲ မှ ထွက်ပေါ်လာသော ရလဒ်များ ကြောင့် ရဲတင်းလာခြင်း၊ ၎င်းတို့ မလိုလားသော ရလဒ်များ ဆိုကလည်း ငြင်းပယ်ခြင်း တို့ဖြင့် စနစ်ကို အတွင်းမှ နေ၍ ပြောင်းလဲပစ်ရန် ကြိုးပမ်းလာကြသည်။
၁၉၃၀ နှင့် ၄၀ ကျော် ကာလများ အတွင်း ဖက်ဆစ် သို့မဟုတ် နာဇီ သို့မဟုတ် ကွန်မြူနစ်များ ရွေးကောက်ပွဲ တွင် အခြေ အနေ ကောင်း လာသည့် အခါတွင်တော့ နောက်ပိုင်းတွင် အတိုက်အခံများကို တလွှာပြီး တလွှာ အရေခွံခွာကာ အစိမ်းလိုက် ဝါးစား ခဲ့ကြပေတော့သည်။ အများစုသည် အာရုံလွှဲခံရခြင်း၊ အကျဉ်းချ ခံရခြင်း၊ အားမတန် မာန်လျော့ ခဲ့ရခြင်းများ ကြောင့် အရေးနိမ့်သွားခဲ့ရခြင်း ဖြစ်သည်။
ဒေးဗစ် လော့ခ်ျ ဝတ္ထု ဇာတ်ကောင်၏ အပြောသည် မှတ်သားစရာ ကောင်းနေသည်၊ လူတယောက်သည် နောက်ဆုံး အကြိမ် ကာမ ဆက်ဆံခံခဲ့ရသည်ကို ထိုစဉ်က ၎င်းကိုယ်တိုင် နောက်ဆုံးအကြိမ် ဖြစ်သည်ကို ရိပ်စားမိခဲ့ခြင်း မရှိဟူသော စကားပင် ဖြစ်သည်။
မဲဆန္ဒရှင်များသည်လည်း ထိုနည်းတူစွာပင် ဖြစ်သည်။ ၁၉၃၂ နာဇီ တို့ ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ သည် နောက်ဆုံး အကြိမ် ၎င်းတို့ မဲထဲ့ခွင့် ရခဲ့သည့် လွတ်လပ်ပြီး အနှစ်သာရ ပြည့်သည့် ရွေးကောက်ပွဲ ဖြစ်သည်ကို ဂျာမန် မဲဆန္ဒရှင် အချို့သာ ကောင်းစွာ သဘောပေါက် နားလည် သဘောပေါက် ခဲ့ကြသည်။
၁၉၄၆ ချက်ကိုစလိုဗက်ကီယား ကွန်မြူနစ် ပါတီကို မဲပေးခဲ့ကြသည့် ချက် နှင့် စလိုဗက်များသည်လည်း ၎င်းတို့သည် ဒီမိုကရေစီ ကွယ်ပျောက်သွားရေး ကို မဲပေးနေကြခြင်းသာ ဖြစ်သည်ကို သိရှိ ကောင်း သိရှိခဲ့ကြမည် ဖြစ်သော်လည်း နောက်ထပ် အခွင့်အရေး တခု ရလာကောင်းရဲ့ ဟု မျှော်လင့်ခဲ့ကြပြန်သည်။
အလားတူပင် ၁၉၉၀ တွင် မဲပေးခဲ့ကြသော ရုရှား ပြည်သူများသည်လည်း ရုရှားသမိုင်းတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ အား နောက်ဆုံး အကြိမ် မဲပေးခဲ့ကြခြင်း ဖြစ်သည်ဟု ထင်မိခဲ့ကြ လိမ့်မည် မဟုတ်ပေ။
မည်သည့် ရွေးကောက်ပွဲ မဆို လူတယောက် အဖို့ ၎င်း အသက်ရှင်နေသည့် ကာလတလျောက်လုံး တွင် နောက်ဆုံးအကြိမ် ကြုံခဲ့ရခြင်းလည်း ဖြစ်ကောင်း ဖြစ်သွား နိုင်ပေသည်။ နာဇီတို့သည် ၎င်းတို့ စစ်ရှုံးသွားသည့် ၁၉၄၅ အထိ အာဏာကို ဆုပ်ကိုင်ထား နိုင်ခဲ့သည်။ ချက်ကိုစလိုဗက် ကွန်မြူနစ်များသည်လည်း ၎င်းတို့ ဖက်တွယ်ထားသည့် စနစ်ကြီး ပြိုလဲသွားခဲ့ရသည့် ၁၉၈၉ အထိ အာဏာရနေခဲ့သည်။
ရုရှား တွင်လည်း ၁၉၉၀ ရွေးကောက်ပွဲ အပြီး တိုင်းပြည်အာဏာ ကို လူနည်းစု တစုကသာ ထိန်းချုပ်ထားသည့် အစိုးရ ပုံစံမျိုး ထွက်ပေါ်လာခဲ့ သည်။ ၎င်းတို့သည် ရုရှား၏ နိုင်ငံရေး နှင့် စီးပွားရေး ကို လွမ်းမိုး ချုပ်ကိုင်ထားခဲ့ယုံမျှမက ကမ္ဘာ ပေါ်ရှိ အခြားနေရာ များ တွင်လည်း ဒီမိုကရေစီ ကို ဖျက်လို ဖျက်ဆီး လုပ်နိုင်ရန် ၎င်းတို့၏ နိုင်ငံခြားရေး မူဝါဒ ကို ပြန်လည် ပြင်ဆင်ကာ ဝါဒ ဖြန့်ခြင်း၊ အဖျက်အမှောင့် လုပ်ရပ်များ ဖန်တီးခြင်း၊ ဝင်ရောက် ကျုး ကျော် တိုက်ခိုက်ခြင်းများ အစရှိသည့် လုပ်ရပ်များ ကျုးလွန်လာခဲ့ကြတော့သည်။
နိုင်လို မင်းထက် အုပ်ချုပ်မှု ဆိုသည့် သမိုင်းကြောင်းသည် အမေရိကန် နှင့်ကော ပတ်သက် နေသ လော။ ပတ်သက်နေသည် ဆိုသည်ကို "အစဉ်အမြဲ သတိရှိနေရမည်" ပြောခဲ့သည့် ဘိုးဘေးများ၏ စကားက သက်သေခံနေပေသည်။ ၎င်းတို့ အုပ်ချုပ်ပုံ စနစ်အား တွေးခေါ် ဖန်တီးခဲ့မှု၏ နောက်တွင် တကယ်တမ်း ကြုံလာရနိုင်သည့် အပြစ်အနာဆာများ လျော့နည်းသွားစေရန် အတတ်နိုင်ဆုံး စီမံခဲ့ခြင်း ဖြစ်ပြီး စင်းလုံးချော စနစ် ဖြစ်သည်ဟု အောင်ပွဲခံသည့် သဘောမျိုး နှင့် ချပြ ခဲ့ကြခြင်း မဟုတ်ပေ။
ယခုအခါ ကမ္ဘာကြီးသည် ဂလိုဘယ်လိုက်ဇေးရှင်း ကြောင့် ကြွယ်ဝ ချမ်းသာလာကြသည် နှင့် အမျှ နိုင်ငံရေး အာဏာ ကို ဆုပ်ကိုင်လိုလာကြသည့် အရင်းရှင် လူတန်းစားများ ခေါင်းထောင်လာကြ၍ ရှေးဟောင်း ဂရိများ ကဲ့သို့ ကျွနုပ်တို့၏ စနစ်သည်လည်း ခြိမ်းခြောက်ခံနေရသည့် အဖြစ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
အမေရိကန် တို့၏ ထူးထူးခြားခြား အတွေး အခေါ် တခုကား နိုင်ငံရေး ကမ်ပိန်း ကို ပိုက်ဆံထည့်ဝင်ခြင်းအား လွတ်လပ်စွာ ပြောဆိုခွင့် ကို ကျင့်သုံးခြင်း ဖြစ်သည်ဟု သဘောထားခြင်း ဖြစ်သည်။ ထို့အတွက် အဆမတန် ချမ်းသာ ကြွယ်ဝသူ များသည် ပို၍ ပြောရေး ဆိုခွင့် ရလာ၍ အခြား နိုင်ငံသား များ ထက် voting power ပိုရ လာသည်။
ကျွနုပ်တို့ တွင် အပြန်အလှန် ထိန်းညှိ စစ်ဆေးမှု များ ရှိသော်လည်း ယခု လို အခြေအနေမျိုး တခါဖူးမျှ ရင်ဆိုင်ခဲ့ရဖူးခြင်း မရှိပေ။ ပါတီကြီး နှစ်ခု အနက် လူကြိုက်နည်းသည့် ပါတီသည် မဲပေးခြင်းကို ထိန်းချုပ်ထားသည့် ကြားမှ ရွေးကောက်ပွဲ တွင် အရေးနိမ်သွားသည့် အခါ အလိမ်ခံရသည်ဟု ပြောလာသည်။ သို့သော် ထိုပါတီသည် လွှတ်တော်ကို ထိန်းချုပ် နိုင်လာသည်။
ထိုပါတီသည် ၎င်းတို့ ထိန်းချုပ်ထားနိုင်မှု အပေါ် အခွင့်ကောင်းယူကာ လူကြိုက်နည်းသည့် ပေါ်လစီ အများအပြား နှင့် လူကြိုက် များသည့် ပေါ်လစီ အနည်းငယ် တို့ကိုသာ အဆိုပြုလာခဲ့သည်။ ထိုပေါ်လစီ များသည် ဒီမိုကရေစီ ကို ကြောက်ရွံ့လာပြီး အားနည်းရာ အားနည်းကြောင်း ဖြစ်အောင် ဖန်တီးလာခဲ့ခြင်းလည်း ဖြစ်သည်။
နောက်ထပ် အမေရိကန် ဆိုရိုးစကား တခုသည်ကား"ရွေးကောက်ပွဲ ပြီးသွားသည်နှင့် နိုင်လိုမင်းထက် အုပ်ချုပ်မှု စတင် လာတော့သည်" ဟူ၍ ဖြစ်သည်။ရုရှား တို့၏ ၁၉၉၀ ရွေးကောက်ပွဲ၊ ချက် တို့၏ ၁၉၄၆ ရွေးကောက်ပွဲ၊ ဂျာမန် တို့၏ ၁၉၃၂ ရွေးကောက်ပွဲ များကို ရှူ မြင်ခံ ခဲ့ရသလို ကျွနုပ်တို့ ၏ ၂၀၂၄ ရွေးကောက်ပွဲအားလည်း ထိုအတိုင်း ရှူမြင်ခံကြရတော့မည်လော။ ထိုသို့ ရှုမြင် မခံရဖို့က ကျွနုပ်တို့ အပေါ် မူတည်နေသည်။
ကျွနုပ်တို့ဖက်က လုပ်စရာ အများအပြား ရှိ နေသည်၊ပါတီတခု မတရား အသာစီးရရန် မဲဆန္ဒ နယ်မြေကို သတ်မှတ် ပိုင်းခြားလာမှု ကို လက်မခံမှသာ နိုင်ငံသားတိုင်း ၏ မဲတပြားသည် တူညီစွာ ရေတွက်ခံရမည် ဖြစ်သည်။
ကျွနုပ်တို့ စက္ကူ မဲပြားများ လိုအပ်သည်။ သို့မှသာ အဝေး မှ ထိန်းချုပ်သည့် စနစ်ဖြင့် ကလီကမာ လုပ်၍ မရနိုင်သည့် အပြင် လိုအပ်လျင် ပြန်၍ ရေတွက်၍ ရပေသည်။
ပုဂ္ဂလိက များ၏ ရံပုံငွေ ထည့်ဝင်နေမှု ကို ဖယ်ရှားပစ်ရမည်။ ကျွနုပ်တို့၏ ဖွဲ့စည်းပုံကိုလည်း အလေးအနက် သဘောထား နိုင်မှ ဖြစ်မည်၊ သို့မှသာ ကျမ်းသစ္စာ ကျိန်ဆိုထားပါလျက် ဆူပူအုံကြွလိုသူများကို နောက်တကြိမ် ဝင်ရောက် မယှဉ်ပြိုင်နိုင်အောင် တားမြစ်ရမည် ဖြစ်သည်။
ယင်းကို ဒေသန္တရ နှင့် နိုင်ငံ အဆင့်များတွင် လုပ်ကိုင်နိုင်သည်။ ရှေ့လျောက် ပြုလုပ်မည့် ရွေးကောက်ပွဲများသည် အမေရိကန်တို့၏ အစဉ်အလာကို စမ်းသပ်လာကြတော့မည် ဖြစ်သည်။