အထက်ပါ ခေါင်းစဉ် ဖြင့် Free Myanmar and Los Angeles Myanmar Movement အဖွဲ့ဝင်တဦး ဖြစ် သော (ဦး) ဂျိမ်းရွှေ မှ DVB တွင် ရေးသားလာခဲ့သည်ကို ကောက်နှုတ်တင်ပြထားပါသည်။
မြန်မာ ပြည်သူတို့သည် ကမ္ဘာအလယ်တွင် ဂုဏ်သိက္ခာ ရှိရှိ ရပ်တည်နိုင်ရေး အတွက် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ် ထွက်ပေါ်လာရေး ရုန်းကန် တိုက်ပွဲဝင်လာခဲ့သည်မှာ လမ်းဆုံလမ်းခွသို့ ရောက်ရှိလာပြီ ဖြစ်သည်။
ထို့အတွက် စစ်အုပ်စု နှင့် ငြိမ်းချမ်းရေး ဆွေးနွေးသင့်ပြီလော၊ သို့တည်း မဟုတ် ၎င်းတို့ လုံးဝ ပြိုလဲသွားသည်အထိ ဆက်လက် တိုက်ပွဲဝင်ကြမည်လော ဟူ၍ မေးစရာ ရှိလာသည်။
လက်ရှိ မြေပြင် စစ်ရေး အခြေအနေ၊ နိုင်ငံတကာ နှင့် ဒေသတွင်း ဖြစ်ပေါ် ပြောင်းလဲလာမှု များ အရ ၎င်းတို့အား စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ သံတမန် ရေး ဘက်ပေါင်းစုံမှ ဆက်၍ ထိုးနှက် တိုက်ခိုက်နိုင်မှသာ ဖြစ်မည် ဆိုသည့် အဖြေသည် ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့သည်။
ဤနေရာတွင် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် အကျိုးတူ ပါတနာ များ ရှေ့မှ မားမားမတ်မတ် ရပ်ကာ တိုက်ပွဲ ဝင်နေမှု ကို တော်လှန်ရေး တပ်ဖွဲ့အားလုံး နှင့် နိုင်ငံတကာမှ မယိမ်းမယိုင် ထောက်ခံသွားမှု အပေါ် မူတည်လာသည်။
နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်မှ ဘန်ကောက် ပို့စ် သတင်းစာတွင် "ပြည်သူတော်လှန်ရေး ကို ထောက်ခံကြ" ဆိုသော ခေါင်းစဉ် ဖြင့် အားမန် အပြည့် ရေးသား ထောက်ပြလာခဲ့သည်။ ထိုဆောင်းပါး တွင် တရုတ် ပြည် ကွန်မြူနစ် ပါတီ၏ တော်လှန်ရေး ခရီးကြမ်းကြီး ကို လျှောက်လှမ်းခဲ့ရာ တွင် ပြည်သူတို့၏ ရည်မှန်းချက်များကို အခြေပြုသည် လူထု လှုပ်ရှားမှု ကြီးဖြင့် တရုတ်ပြည် အပေါ် သူတလူ ငါတမင်း ဗိုလ်ကျနေ သော နိုင်ငံကြီးများကိုသာမက ၎င်းတို့ ပံ့ပိုးပေးထားသည့် စစ်ဝါဒီများကို ပါ အပြီးအပိုင် ဖယ်ရှားနိုင်ခဲ့သည် ကို ထောက်ပြ သွားခဲ့သည်။
မိမိတို့၏ ရည်မှန်းချက်သည် လက်စားချေ ဖို့မဟုတ်၊ စစ်တပ်ကို ဖျက်သိမ်းရန်မဟုတ်၊ အရပ်ဖက် အုပ်ချုပ်ရေး ကို တာဝန်ခံမည့် ပရော်ဖက်ရှင်နယ် စစ်တပ် အဖြစ် အသွင်ပြောင်းပြီး ပြည်သူ့ ဆန္ဒ နှင့် အညီ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ ထူထောင်ရေး ဖြစ်သည်ဟု ဆိုသည်။
စစ်တပ်သည် လက်ရှိတွင် မြို့ပြ ဒေသများ လောက်သာ ထိန်းချုပ် နိုင်တော့သော်လည်း ၎င်းတို့၏ မဟာဗျူဟာ သည် အပြောင်းအလဲ မရှိသေး၊ လူထု ကို ဆက်၍ အကြမ်းဖက်၊ အတုအယောင် ရွေးကောက်ပွဲ ဖြင့် တရုတ်၊ ရုရှား၊ ထိုင်းတို့ ၏ အသိအမှတ် ပြုလာမှု မှ တဆင့် နိုင်ငံတကာ၏ အသိအမှတ် ပြုမှု ရရှိဖို့ ကြိုးစားဖို့ပင် ဖြစ်သည်။
စစ်အုပ်စု နှင့် ဆွေးနွေးခြင်းသည် ၎င်းတို့ အပေါ် အသိအမှတ် ပြုလိုက်ခြင်း မျိုး ဖြစ်ပြီး စွန့်လွှတ်မှု ပေါင်း များစွာ ဖြင့် တိုက်ပွဲဝင်ခဲ့ကြသော သန်းပေါင်းများစွာရှိ ပြည်သူ များ အပေါ် သစ္စာ ဖေါက်လိုက်သလို ဖြစ်သွားပေမည်။
အာဆီယံ ထဲတွင်လည်း စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား တို့က NUG နှင့် တိုင်းရင်းသား အဖွဲ့များကို အသိအမှတ် ပြုလိုကြသော်လည်း ထိုင်းကဲ့သို့ နိုင်ငံများက ၎င်းတို့ အကျိုးစီးပွားကို ကြည့်၍ တင်းခံ နေကြဆဲ ဖြစ်သည်။
လာမည့် ကွာလာလမ်ပူ ထိပ်သီး ဆွေးနွေးပွဲတွင် ယခင်လို အချက် ငါးချက် ကို ပြောဆိုပြီး ပြီးဆုံးသွားမည် လော၊ မြန်မာ တော်လှန်ရေး အဖွဲ့ကို ပင် ပြည်သူတို့၏ အသံ အဖြစ် ကိုယ်စားပြုမည် လော ဆိုသည်ကို အရေးတကြီး အစမ်းသပ်ခံရတော့ မည့် အရေး ကြုံလာရပြီ ဖြစ်သည်။
တရုတ်နှင့် ရုရှား တို့က ၎င်းတို့၏ မဟာဗျူဟာ အရ စစ်အုပ်စု အား တွက်ချက် ထောက်ခံနေသော်လည်း တရုတ်အဖို့က ၎င်းတို့ နေ့လားညလား သကြားကျွေးလာခဲ့၍ လက်ရှိတွင် ငါးနှစ်ခန့် အချိန် ကုန်သွားခဲ့ရပြီ ဖြစ်သည်။ ဒေါ်ဇင်မာအောင်မှ တရုတ်တို့၏ အကျိုးစီးပွားကို အပြည့်အဝ ကာကွယ်ပေးသွားမည်ဟု ဆောင်းပါး တွင် ကမ်းလှမ်းထားသည်။
ဆောင်းပါးရှင် ဂျိမ်းရွှေ မှ NUG သည်သာ အမျိုးသား တော်လှန်ရေး အား နိုင်ငံတကာ တွင် ကိုယ်စားပြု ရပ်တည်နေသည့် တခုတည်းသော အဖွဲ့အစည်း ဖြစ်သည်၊ အပြုသဘော ဆောင်သော ဝေဖန်မှု များက တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်စေ၍ ကြိုဆိုရမည် ဖြစ်သော်လည်း ဖျက်လို ဖျက်ဆီး သဘော ဖြင့် ဆိုက စစ်အုပ်စု ကို အကျိုးပြု ရာ ရောက်မည်သာ ဖြစ်သည်ဟု ဆိုသည်။
NUG နှင့် တိုင်းရင်းသား အဖွဲ့များလည်း နိုင်ငံ တကာ အား စည်းလုံး ညီညွတ်စွာ ရပ်တည် နေကြောင်း ပြသရန် ကြားဖြတ် အသွင် ကူးပြောင်းရေး အဖွဲ့တခု အလျင်အမြန် ဖွဲ့စည်းရန် လိုအပ်နေသည်။ အဓိက တိုင်းရင်းသား အဖွဲ့အစည်းများမှ အချိုးကျ ပါဝင် ဖွဲ့စည်းလာမှု နှင့် အတူ စုပေါင်း ဦးဆောင်မှု ပေးရမည် ဖြစ်သည်။
ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ နှင့် အခြား နိုင်ငံရေး အုပ်စုများလည်း NUG နှင့် ဆက်သွယ် ပူးပေါင်း ပြီး ညှိနှိုင်း ဆောင်ရွက် နိုင်ရေး ကို ဦးစားပေးရမည် ဖြစ်သည်။ စစ်ရေး၊ နိုင်ငံရေး၊ သံတမန် ရေးအရ စည်းလုံးမှသာ သေချာပေါက် အောင်ပွဲ ခံနိုင်မည်လည်း ဖြစ်သည်။
ဤနေရာ တွင် မိမိ အမြင်ကို ပြောရမည် ဆိုက လေး နှစ် ကျော်လာသည့် တိုင် ရုရှား နှင့် တရုတ်တို့က စစ်အုပ်စု အား ဆက်၍ ပံ့ပိုးပေးနေသည့် အပြင် သံတမန် ရေး အရ ပါ ပို၍ ထောက်ခံမှု ပေးလာခြင်းသည် မိမိတို့ အချင်းချင်း မညီညွတ်ကြမှန်း သိနေသော ကြောင့်ပင် ဖြစ်သည်။ စစ်အုပ်စုသည် အဖက်ဖက်တွင် အားနည်းနေပြီဟု ယူဆကာ မည်သူက အချိန်ကုန်၊ ငွေကုန်ခံပြီး ၎င်းတို့အား ဆက်၍ ပံ့ပိုးပေးနေမည်နည်း။ အဆိုပါ နှစ်နိုင်ငံ စလုံးက NUG. နှင့် ဆွေးနွေး ရန် စကား အဖြစ်ပင် ထည့်မပြောကြ။ထို့အတွက် NUG သည်သာ အမျိုးသားတော်လှန်ရေး ၏ တပ်ဦး ဖြစ်ကြောင်း ပြသနိုင်ရန် ပြည်သူ များ မှ ထောက်ခံမှု ပေးဖို့ ယခင်ကထက် ပို၍ လိုအပ်လာနေသည်။
ဆောင်းပါးရှင်က ဆက်လက်ရေးသားရာတွင် စစ်အုပ်စု သည် အင်အားချိနဲ့လာပြီး စကားပင် မဟ နိုင်တော့သည့် အချိန်ရောက်လာမှသာ အသာစီးဖြင့် ဆွေးနွေးဖို့ အချိန်ရောက်မည် ဖြစ်သည်ဟု ဆိုသည်။
လက်ရှိ ပြည်သူ တို့၏ ခုခံတော်လှန်ရေးသည် အာဏာရဖို့အတွက် ရည်ရွယ်သည့် တိုက်ပွဲတစ်ခုမဟုတ်၊ နိုင်ငံ၏ အသက်ဝိညာဉ် (သို့မဟုတ် အနှစ်သာရ၊ ဂုဏ်သိက္ခာ၊ အနာဂတ်) ကို ကယ်တင်နိုင်ရန် အတွက် ဆင်နွှဲနေသည့် ပိုမိုနက်ရှိုင်းသည့် အသွင် ဆောင်သော တိုက်ပွဲတစ်ရပ်လည်း ဖြစ်ပေသည်။
ထို့အတွက် NUG, ERO၊ PDF များ နှင့် ဒီမိုကရေစီ အင်အားစု များ အား အခြေပြုထားသည့် စည်းလုံးညီညွတ်သော တပ်ဦး တရပ် ပေါ်ပေါက်လာရေး သည် မရှိမဖြစ် လိုအပ်လာသည်၊ ပြည်သူတို့၏ ပေးဆပ်ခဲ့ရမှု များ အတွက် ထို့ထက် လျော့နည်းစွာ တောင်းဆို နေ၍ မဖြစ်တော့။
ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!