ဂေါ်ကီ ၏ အမေ(13)

by Hla Soewai - May 30 2025

သူ၏ မျက်လုံး အစုံသည် ပြုံးယောင် သန်းနေရင်းက ထိုမေးခွန်းအား ဂရုဏာ သက်သည့် လေသံ ဖြင့် မေးလိုက်သော်လည်း နောက်ပြောင်သလိုမျိုး ဖြစ်နေ၍ အမေ စိတ်ထဲ ထောင်းကနဲ ဖြစ်သွားသည်။ နှုတ်ခမ်းကို တင်းကျပ်စွာ စေ့လိုက်ပြီး အေးစက်သည့် လေသံဖြင့်.

"အဲ့ဒါ မောင်ရင် နဲ့ ဘယ်လိုများ ပတ်သက်နေလဲ" ဟု ခွန်းတုံ့ပြန်လိုက်သည်။

 

အရင်အတိုင်း သူ့ကိုယ်ကို တချက် ပြန်လှည့်လိုက်ရင်း ..

 

"စိတ်မဆိုးပါနဲ့ခင်ဗျာ၊ ကျွန်တော့် မွေးစားမိခင်လည်း ဒီလိုပဲ ခေါင်းကို အထုအထောင်း ခံခဲ့ရလို့ မေးမိတာပါ၊ သူ့ ယောက်ျားက တခါ တုန်းက အဲ့လိုပဲ လုပ်ခဲ့ဖူးတယ်၊ သူက ဖိနပ်ချုပ်သမား၊ ကျွန်တော် မွေးစားအမေကတော့ အဝတ်လျှော်ရတဲ့ အလုပ်လုပ်တယ်၊ ကျွန်တော်ကို ခေါ်မွေးစားပြီးမှ အဲ့ဒီလူ နဲ့ရတာ၊ အမူးသမား မှန်း သိသိကြီးနဲ့ ယူခဲ့‌ တော့ ကံဆိုးမိုးမှောင် ကျပြီပေါ့ဗျာ၊ အမြဲလို အရိုက်ခံနေရတော့ ဘယ်လောင် ထိလဲ ဆိုရင် ဘေးက ကျွန်တော်တောင် ကြောက်လွန်းလို အရည်ပြားတွေ တောင် ပေါက်ထွက် သွားမတတ် ခံစားရတယ်"

 

ဧည့်သည် ဖြစ်သူ၏ ပွင့်ပွင့်လင်းလင်း ပြောလာသည့် စကားကြောင့် အမေသည် ဒေါသ ပြေပျောက်သွားသည်။ သားဖြစ်သူကများ သူ့ရှေ့ရှိ ပုဂ္ဂိုလ် ထူး ပုဂ္ဂိုလ် ဆန်းအား သူမ မာန်မာန်ထန်ထန် ပြောလိုက်သည်ကို သိသွားက မကျေမနပ် ဖြစ်သွားလေမလားဟူသော အတွေးက ခေါင်းထဲ ရောက်လာပြန်သည်။ အမေက မလုံမလဲ ပြုံးပြလိုက်ရင်းက...

 

"စိတ်မဆိုး ပါဘူးကွယ်၊ မင်းက မေးတာ စော သွားလို့ပါ၊ အမေ ယောက်ျား လူကောင်းကြီး လက်ချက်‌ ပေါ့ကွယ်၊ ကောင်းရာ သုဂတိ လားပါစေတော်၊ ဒါနဲ့ မောင်ရင်က တာတာ လား?

 

လူစိမ်းက သူ၏ ခြေထောက်ကို ဆန့်လိုက်ရင်းက နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်၍ နှုတ်ခမ်းမွှေး၏ အဆုံးသည် လည်ကုပ် သို့ပင် ရောက်သွားသလား ထင်ရသည်။ ထို့နောက် တည်ကြည် လေးနက်သည့် အသွင် ပြောင်းသွားပြီး...

 

"ခုထိ တော့ တာ တာ မဟုတ်သေးပါဘူး"

 

"မောင်ရင် စကား ပြောပုံ ဆိုပုံ က ရုရှား တယောက်နဲ့ မတူ လို့ မေးကြည့်မိတာပါ"

 

"ကျွန်တော်က ရုရှား တယောက်ထက်တော့ သာပါသေးတယ်လေ" ဟု ပြောပြီး ရယ်လိုက်ရင်းက " ကျွန်တော်က ကင်ယက်ဗ် ဆိုတဲ့ မြို့က ရုရှားလေး တယောက်ပါ"

 

"ဒီကို ရောက်နေတာ ကြာပြီလားကွဲ့"

 

"ကျွန်တော် မြို့ပေါ်မှာ တလ လောက် နေခဲ့သေးတယ်၊ ပြီးခဲ့တဲ့ လ ကမှ အမေတို့ ဆီက စက်ရုံကို ရောက်လာတာ၊ အဲ့ဒီ မှာ အမေ့သားကော၊ အခြားလူတွေနဲ့ တွေ့ခဲ့တာ၊ အားလုံး ကောင်းကြပါတယ်၊ ကျွန်တော် ဒီမှာ ခဏ ဆက်နေဖြစ်ဦးမယ်" ဟု သူ့ နှုတ်ခမ်းမွှေးကို လက် နှင့် လိမ်နေရင်းက ပြန်ဖြေလိုက်သည်။

 

သူ၏ စကား ကြောင့် အမေ ကျေနပ်သွားသည်။ သား နှင့် ပတ်သက်၍ ကြင်ကြင်နာနာ ‌ပြောလာသည့် စကား ကြောင့် သူ့ကို တခုခု ပြန်လုပ်‌ ပေးချင်စိတ် ပေါ်လာ၍ "လ္ဘက်ရည် လေး ဘာလေး သောက်ပါဦးလားကွယ့်" ဟု မေးလိုက်သည်။

 

"ဘာ...ကျွန်တော် ဖာ ကျွန်တော် တယောက်ထဲ သောက်ရမှာလား၊ နေပစေ အားလုံး လူ စုံ တဲ့ အထိ စောင့်ပြီးမှ သောက် တော့မယ်"

 

သူ၏ စကားကြောင့် ‌‌နောက်ထပ် လူများ ထပ်ရောက်လာတော့မည် ကို သိလိုက်ရ၍ အမေသည် အထိတ်တလန့် ဖြစ်သွားရပြန်သည်။

 

လာတဲ့ လူတွေ အားလုံးလည်း ဒီတယောက်လိုပဲ ဖြစ်ပါစေ ဟု အလေးအနက် ဆုတောင်းလိုက်မိသည်။

 

ထိုအချိန်တွင် အပြင်မှ ခြေသံများ ကြားလာရသည်။ ချက်ခြင်း ဆိုသလို တံခါး ပွင့်လာ၍ အမေက ထလိုက်သည်။ ဒီတကြိမ် တွင်တော့ အမေသည် မီးဖိုချောင်ထဲ ဝင်လာသူကို ကြည့်၍ လုံးဝ အံ့အား သင့်သွား ခဲ့ရသည်။ 

 

ဆင်းရဲပုံ ရပြီး အဝတ်အစား ခပ်နွမ်းနွမ်း နှင့် အရပ် ခပ်လပ်လပ် ရှိ အမျိုးသမီးငယ် လေး တဦးအား တွေ့လိုက်ရသော ကြောင့် ဖြစ်သည်။ သူမ၏ မျက်နှာသည် လယ်ယာ သမီးပျို တ‌ယောက်လို ရိုးရှင်း နေသည်။ ဆံပင် များ က ထူထဲ နက်မှောင်လှသည်။

သူမက ပြုံးပြရင်း လေသံတိုးတိုး ဖြင့် 

"ကျမ နောက်များ ကျသွားလား" 

 

အိမ်ထဲ ရောက်နေသည့် ရုရှားလေး က "နောက်မကျပါဘူး၊ ကုန်းကြောင်း လျှောက်လာတာလား"

 

"ဒါပေါ့ ရှင့်၊ ဒီက ပါဗယ်ရဲ့ အမေလားရှင်၊ ကျမ နာမည် နာတာရှာပါ"

 

"မျိုးရိုး နာမည်ကကော ကွယ့်"

 

"ဗာစီရက်ညာ ပါ၊ အမေက ကော"

 

"ပီလာဂူယာ နီလော့နာ ပါ"

 

"ကဲ..အခု ကျမတို့ အားလုံး အသိအကျွမ်း တွေ ဖြစ်ကုန်ကြပြီ"

 

အမေက "ဟုတ်တာပေါ့ကွယ်" ဟု ပြန်ပြောလိုက်ရင်း စိတ်သက်သာရာ ရသွား၍ လော မသိ အသက်ရှုသံ ပုံမှန် ဖြစ်လာခဲ့သည်။ မိနိးကလေး ကိုလည်း ပြုံးပြီး ကြည့်နေလိုက်သည်။

 

ရုရှား လေးက သူမ အပေါ် ကုတ်အင်္ကျီ ကို ယူပြီး တိုင်မှာ ချိတ်ပေးလိုက်ရင်းက "အေးလား" ဟု မေးလိုက်သည်။

 

"အပြင် က ကွင်းပြင်ကြီး ‌ထဲ လေတအား တိုက်တော့ အေးသလား မမေးနဲ့ ၊ ဘုရားတောင် တ ယူရတယ်"

 

သူမ အသံသည် ဂီတ သံအလား ကြည်လင်နေသည်။ နှုတ်ခမ်း က သေးသွယ်ပြီး ပြုံးနေသယောင် ထင်ရသည်။ ခန္ဓာကိုယ် က လုံးလုံးဝန်းဝန်း နှင့် ကျန်းမာ သန်စွမ်းပုံရသည်။ လည်စည်းပုဝါကို ဖြုတ်ပြီး အအေးဒဏ် ကြောင့် နီရဲ နေသော ပါးကို သူမ ၏ လက်‌ လေး နှင့် ခပ်သွက်သွက်သုတ်လိုက်သည်။ အခန်းတဝိုက် ကိုလည်း ‌ခြေလှမ်းသွက်သွက် နှင့် ပတ်လျှောက်နေပြန်သည်။ သူမ ရှူးဖိနိပ်၏ ခွာ နှင့် ကြမ်းပြင် ထိတွေ့ သံသည် တဒေါက်ဒေါက် နှင့် ထွက်နေသည်။

 

"ဖိနပ်ကို အပေါ်က ထပ်မစွပ်ဘဲ သွားနေတာကိုး" ဟု အမေက စိတ်ထဲက မှတ်ချက် ချလိုက်သည်။

 

"တကယ်ကို အေးတာပါလား၊ အရိုး ခဲ မတတ်ဘဲ" ဟု မိန်းကလေး က ထပ်ပြီး ရေရွတ်လိုက်ပြန်သည်။

 

"နွေးသွား အောင် ရေနွေးအိုး တည်လိုက်ဦးမယ်၊ မကြာဘူး ၊ ခဏလေး တင်" ဟု အမေက မီးဖိုထဲမှ လှမ်းပြောလိုက်သည်။