Mi-17 ပစ်ချ ခံရမှု နောက်ကွယ်

by Hla Soewai - May 30 2025

ကချင်လွတ်လပ်ရေး တပ်ဖွဲ့ မှ အကြမ်းဖက် စစ်အုပ်စု သုံး ရုရှားလုပ် Mi-17 ရဟတ်ယာဉ် အား စစ်ကူ နှင့် ရိက္ခာ များ ချပေးရန် လာစဉ် ပစ်ချခံခဲ့ရမှု အား နိုင်ငံတကာရှိ စစ်ဖက်ဆိုင်ရာ ဝက်ဆိုဒ်များက ထွက်ပေါ်လာသော ဗီဒီယို ကလစ် ကို ကြည့်၍ အငြင်းပွားစရာ မလိုဟု တညီတညွတ် တည်း မှတ်ချက်ချခဲ့မှု နှင့် အတူ အံ့ဩခြင်းမက အံ့ဩ သွားမိကြောင်း ပြောဆိုမှု များ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

 

အံ့ဩရသည့် အကြောင်းရင်းသည်လည်း အခိုင်အမာ ရှိနေကြပြန်သည်။ ၎င်းတို့အားလုံး စိတ်ထဲတွင် ယူကရိန်း မှ ရဟတ်ယာဉ် များကို တိုက်ခိုက်ရန် ထုတ်လုပ်ခဲ့သော ဒရုန်းအသေးစာ များသည် မြန်မာ နိုင်ငံ မြောက်ပိုင်း တောတောင်လျိုမြောင်များ ကြားသို့ အဘယ်သို့များ ရောက်ရှိလာခဲ့ရသနည်း ဆိုသည်ကို စဉ်းစားမရအောင် ဖြစ်လာကြသော ကြောင့်ပင်။

 

မြန်မာ့ တော်လှန်ရေး တပ်များသည် First-Person View ခေါ် FPV ဒရုန်းများ သုံး၍ ပစ်ချခဲ့သည်ကို ပထမ ဆုံး အကြိမ် ဗီဒီယို မှတ်တမ်းနှင့် မျက်မြင် ကိုယ်တွေ့ တွေ့ရှိသွားခဲ့ကြသည်။ ယင်းနှင့် အတူ ကုန်ကျစရိတ် အနည်းအကျဉ်း ဖြင့် ထုတ်လုပ်နိုင်ခဲ့သော FPV ဒရုန်းများကြောင့် အနာဂတ် စစ်မျက်နှာ တွင် ရဟတ်ယာဉ် များ၏ အသုံးတည့်မှု လျော့နည်း ကျဆင်းသွားပေတော့မည်ဟု စိုးရိမ်မကင်းလည်း ဖြစ်လာကြသည်ဟု ဆိုသည်။

 

ဆိုရှယ် မီဒီယာ ပေါ်တွင် ပျံ့နှံ့လာသော ဗီဒီယို ဖိုင်တွင် ကေအိုင်အေ ဖက်မှ လွှတ်တင်လိုက်သော FPV ဒရုန်းသည် ဗန်းမော် အနောက်ဖက် ဧရာဝတီ မြစ်ကမ်း အနီး ချဉ်းကပ်လာနေသော ရဟတ်ယာဉ် သုံးစီး အနက် ပစ္စည်း ချ ပြီး ပြန်ထွက်လာသော တစီး၏ ရိုတာ ဒလက်များ အနီး ချည်းကပ်လာစဉ်တွင် ထုတ်လွှင့်မှု ပြတ်တောက်သွားခဲ့သည် ကို ‌တွေ့ခဲ့ရသည်။ ရဟတ်ယာဉ် သည်လည်း တောအုပ် အတွင်း ပျက်ကျသွားခဲ့ပြီး ယာဉ် ပေါ် လိုက်ပါလာသူ ၁၈ ဦး စလုံး အားလုံး သေဆုံးသွားခဲ့သည်ဟု ကေအိုင်အေ၏ နယ်မြေ ရှင်းလင်းရာမှ ရရှိ‌ သော သတင်းများကို အခြေခံ၍ ပြောခွင့်ရ ဗိုလ်မှုးကြီး နော်ဘူးမှ အတည်ပြုခဲ့သည်။ ယင်းနှင့် အတူ မီး လောင် ကျွမ်းနေသော ရိုင်ဖယ် ၁၄ လက်ကို တွေ့ရှိခဲ့ရသည်။ 

 

ဆင်းရန် ပြင်နေသော နောက်တစီးသည်လည်း ချက်ခြင်း ပျံထွက်သွားပြီး၊ ဆင်းပြီးသား ဖြစ်နေသည့် တစီးသည်လည်း မြေပြင် တွင် မနေရဲ‌ တော့ဘဲ ပျံတက်သွားခဲ့သည်။

 

လေယာဉ်မောင်းသူ မှ ချက်ခြင်း ဆိုသလို ထိုးဆင်းရမည့် အစား အခြေစိုက်စခန်းသို့ ပျံသန်းရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

 

ထို ရဟတ်ယာဉ် သည် လည်း ထိမှန်သွားခဲ့ပြီး ရွှေကူ အခြေစိုက် ခလရ ၅၆ တပ်ရင်း ဌာန ချုပ် အနီး ဘော်လုံးကွင်း တွင် အရေး‌ ပေါ် ဆင်းသက်ခဲ့ရသည်။ 

 

ထိုရဟတ်ယာဉ် အားလည်း ကေအိုင်အေ တပ်မဟာ (၁၁) နှင့် ပူးပေါင်း တပ်များက လက်နက်ကြီးများ နှင့် ပစ်ခတ် ဖျက်ဆီး ပစ်နိုင်ခဲ့သည်။

 

ဗန်းမော်ရှိ စစ်ဆင်ရေး ကွပ်ကဲမှု စကခ (၂၁) သို့ ရိက္ခာ များ ချပေးရန် အလာတွင် ပစ်ချခံခဲ့ရခြင်း ဖြစ်သည်။

 

စစ်အုပ်စု မှ အင်္ဂါနေ့ ညမှာပင် ရုပ်မြင်သံကြားမှ စက်ချို့ယွင်း၍ ပျက်ကြရသည်ဟု လိမ်လည် ထုတ်ပြန်ခဲ့ကြသည်။

 

အေပီ သတင်းတွင် ‌ကေအိုင်အေ သည် အင်အား အတောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး လက်နက် ထုတ်လုပ်နိုင်သော စက်ရုံများ ပိုင်ဆိုင်ထားသည့်အပြင် တိုက်ရည်ခိုက်ရည် ပြည့်ဝနေသော တပ်လည်း ဖြစ်သည်ဟု ဖေါ်ပြထားသည်။ ၎င်းတို့သည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နှင့် လက်တွဲပြီး ကချင်တွင်သာ မက စစ်ကိုင်း တိုင်း အတွင်း တွင်ပါ တိုက်ပွဲများ ဆင်နွှဲနေသည်ဟု ဆိုသည်။

 

တခါက အင်အား တောင့်တင်းပြီး အထင်ကြီးထားခြင်း ခံထားရသည့် စစ်တပ်သည် ၂၀၂၃ မှစ၍ မကြုံစဖူး အောင် အရှုံးများ နှင့် ရင်ဆိုင်နေကြရသည်။ ဗန်းမော် မြို့သိမ်း တိုက်ပွဲ ဆင်နွှဲနေစဉ် အတွင်း ရဟတ်ယာဉ် အား ပစ်ချခဲ့ကြခြင်း ဖြစ်၍ စစ်ကောင်စီ တပ်များကို စိတ်ဓါတ်ရေးရာ အရ ထိုးနှက် နိုင်ခဲ့သည်။

 

ပစ်ချခံခဲ့ရခြင်းသည် ယခုတကြိမ်သည် ပထမဆုံး အကြိမ် မဟုတ်ဘဲ ၎င်းတို့ တိုင်းပြည်အာဏာကို လူထု လက်ထဲမှ လုယူသွားသည့် ၂၀၂၁ နောက်ပိုင်း ရဟတ်ယာဉ် ငါးစီး၊ ဂျက်တိုက်လေယာဉ် သုံးစီး ဆုံးရှုံး ခံခဲ့ရပြီး ဖြစ်သည်။

 

ယခု FPV ဒရုန်း တိုက်ခိုက်မှုသည် ယူကရိန်း၏ နည်းပညာဖြင့် စစ်မြေပြင်တွင် ဒုတိယ အကြိမ် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ ယူကရိန်းသည် ၂၀၂၄ ဇူလိုင်လ အတွင်း FPV တလမ်းသွား ဒရုန်းဖြင့် ဒွန်းနက်စ် မြို့ အနီး ရုရှား ရဟတ်ယာဉ်ကို ပထမ ဆုံး အကြိမ် အောင်မြင်စွာ ပစ်ချပြနိုင်ခဲ့သည်။

 

FPV ဒရုန်းကို တန်ပြန် နိုင်သည့် နည်းပညာများ ထွက်ပေါ် မလာသေး၍ ရဟတ်ယာဉ်များ ၏ အန္တရာယ်သည် ကြီးထွားလာနေပြီဟု ‌ဆိုသည်။

 

ပုခုံးထမ်း စတင်ဂျား လောင်ချာ များသည် ဝယ်ယူရန် ခက်ခဲနေသည့် အချိန်တွင် FPV ဒရုန်းသည် အစားထိုး နေရာယူလာပြီ ဖြစ်သည်။

 

မြန်မာ တော်လှန်ရေး တပ်ဖွဲ့များ၏ FPV ဒရုန်းသည် အနာဂတ် စစ်မြေပြင် တွင် ဖြစ်ပေါ်လာမည့် အန္တရာယ်ကို မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်ဟု စစ်ရေး လေ့လာသုံးသပ်သူများက ခန့်မှန်းနေကြသည်။

 

FPV ဒရုန်း အား အထက်တွင် ဖေါ်ပြခဲ့သလို First-Person View (ပထမလူအမြင်) ဒရုန်း ဖြစ် ဟု အမည် ပေးထားသည်နှင့် လျှော်ညီစွာ ဒရုန်းမောင်းသူသည် ဒရုန်းပေါ်တွင် တပ်ဆင်ထားသည့် ကင်မရာမှ တဆင့် မြင်‌ နေရ‌‌ သော ပုံရိပ်များကို မျက်မှန် (goggles) သို့မဟုတ် မျက်နှာပြင် (monitor) မှ တဆင့် တိုက်ရိုက် ကြည့်ရှုပြီး ဒရုန်းကို ထိန်းချုပ်နိုင်၍ မောင်းသူသည် ဒရုန်းထဲတွင် ကိုယ်တိုင်ဝင်ထိုင်ပြီး ပျံသန်းနေရသလို ခံစားရပြီး ပုံမှန်ဒရုန်း များထက် ပိုမိုမြန်ဆန်တိကျတဲ့ လှုပ်ရှားမှုနှင့် အကွေ့အကောက်များ ပြုလုပ်နိုင်သည်ဟု သိရသည်။

 

ထိုဒရုန်း မျိုးကို ပြည်သူတော်လှန်ရေး တပ်ဖွဲ့များ စတင် အသုံးပြုလာပြီ ဖြစ်၍ စစ်အာဏာရှင် တို့၏ နိဂုံးသည် တဖြေးဖြေး နှင့် နီးကပ်လာတော့မည် ဖြစ်သည်။ လောက ဓမ္မတာ အရ မိမိတို့ အပေါ် တဖက်သတ် အနိုင်ကျင့်နေသည့် ရန်သူ ကို တုံ့ပြန် နိုင်ရန် မည်သူမဆို နည်းလမ်း မျိုးစုံ ရှာလာကြမည် သာ ဖြစ်သည်။

 

အငြိမ်းစား ဗိုလ်ချုပ် အဆင့်ရှိ ချိုထွန်းအောင် အား ပြည်သူ့ ဘက်တော်သားများက လုပ်ကြံ ခဲ့ကြခြင်းသည်ကပင် ထိုအချက်ကို သက်သေခံနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!