အထက်ပါ မေးခွန်းကို အားလုံးက စိတ်ပျက်လက်ပျက် နှင့် ဒီတကြိမ်လည်း မေးလာကြမည်မှာ သေချာပေါက်ပင် ဖြစ်သည်။
အာဆီယံ ဥက္ကဌ ဖြစ်သူ မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်၏ မြန်မာနှင့် ပတ်သက်၍ ၎င်း၏ လုပ်ဆောင်ချက်များ အလားအလာ ကောင်းနေသည်ကို ရွှန်းရွှန်းဝေ အောင် ပြောဆိုသွားခဲ့သည်။
သို့သော် အဓိက ကျသည့် အရွေ့ တခု အဖြစ် ထွက်ပေါ်လာသည်က မြန်မာ နိုင်ငံ အတွက် အာဆီယံ အထူး သံတမန်ကို ယခင်ကလို အလှည့်ကျ မဟုတ်တော့ဘဲ အမြဲ တမ်း ခန့်အပ်သွားတော့မည်ဟု တညီတညွတ် တည်း ဆုံးဖြတ်လိုက်ခြင်း ပင် ဖြစ်သည်။
ဤသည်ကလည်း ကာလ ကြာမြင့်စွာ ကတည်းက လုပ်သင့် လုပ်ထိုက် သည့် လုပ်ရပ်လည်း ဖြစ်သည်။
ဥက္ကဌ အဖြစ် အလှည့်ကျ တာဝန်ယူရသည့် နိုင်ငံ မှ တဦးဦီးသည် အထူး သံတမန် ဖြစ်လာသည်။ ၎င်းတို့သည် သက်ဆိုင်ရာ နိုင်ငံ ၏ နိုင်ငံခြားရေး မူဝါဒ ဘောင်ထဲမှသာ လှုပ်ရှားကြ၍ ဘရူးနိုင်း၊ ကမ္ဘောဒီယား၊ လာအို တို့၏ ဟန်ပြ အယောင်ဆောင် လုပ်ရပ်များ နှင့် အချိန်ုကုန်သွားခဲ့ရသည်။
အင်ဒိုနီးရှား၏ အားကြိုး မာန်တက် ဆောင်ရွက်ခဲ့မှု များသည် လာအို လက်ထက် တွင် ရပ်တန့်သွားခဲ့ရသည်။
ယခု အမြဲတမ်း သံတမန် အား သုံးနှစ် သက်တမ်းဟု ရည်မှန်းထားသည်၊ မည်သူကို ရွေးချယ်ရမည် ကို မသိသေးသော်လည်း ထိုသို့ ခန့်အပ်ရန် ကန့်ကွက်မည့်သူ မရှိ သဘောတူလာခြင်းသည် မြန်မာ အရေး ဖြေရှင်းရန် အရေးတကြီး လိုအပ်လာပြီ ဆိုသည်ကို အားလုံးက တညီတညွတ်တည်း လက်ခံလိုက်ခြင်း ဖြစ်ပြီး မင်းအောင်လှိုင် လုပ်မည် ဆိုသော ရွေးကောက်ပွဲ မှ ဘာမှ ဖြစ်လာမည် မဟုတ်ဟု ယုံကြည် နေကြကြောင်းကို လည်း အထင်အရှား တွေ့လာရခြင်း လည်း ဖြစ်သည်။
အမြဲတမ်း သံတမန် အနေဖြင့် နှစ်ဖက်စလုံး နှင့် တိုက်ရိုက် ဆက်သွယ် ဆွေးနွေးရန် တာဝန်ရှိလာသည်။ လက်ရှိတွင် အန်နဝါ အီဘရာဟင်သည် ငလျင် ကို အကြောင်းပြု၍ နှစ်ဖက်စလုံး နှင့် တက်ကြွစွာ ထိတွေ့ ဆက်ဆံနေသော်လည်း မင်းအောင်လှိုင်အား ကွာလာလမ်ပူ သို့ ဖိတ်ကြားရန် အထိတော့ မျက်နှာပြောင် မတိုက်ရဲပေ။
တနည်း အားဖြင့် ဆိုသော မင်းအောင်လှိုင်သည် ရပ်ကွက်ထဲက ဘယ်အိမ်တွင် ပင် အလှု လုပ်လုပ် ဖိတ်ကြား မခံရပဲ ဝတ်ကောင်းစားလှ ဝတ်ပြီး အလှု အိမ် ရှိရာသို့ ကျော့ကျော့မော့မော့ သွားနေသူ များကို အိမ်ထဲမှ ချောင်းကြည့်နေရသည့် ဘဝ ဖြစ်နေ၍ တနှစ်လျင် နှစ်ကြိမ်မျှ စိတ်ဆင်းရဲ ခြင်း ကြီးစွာ ခံစားနေရသူ ဖြစ်သည်။
မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်သည် ဇွန်လ ထဲတွင် နေပြည် တော်သို့ သွားပြီး စစ်အုပ်စု နှင့် ဆွေးနွေးမည်ဟု သိရသည်၊ ၎င်း၏ အပြောအရ အင်ဒိုနီရှား၏ အ-ချေး တွင်လည်း ဆူနာမီ ဖြစ်ပြီးနောက် အားလုံး စားပွဲဝိုင်းရှိရာ ရောက်လာကြ၍ မြန်မာ တွင်လည်း ငလျင်ဒဏ် ခံထားရ၍ ထိုသို့ ဖြစ်လာလိမ့်မည်ဟု ယူဆကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့သည်။
သို့သော် ၎င်း ရင်ဆိုင်ရမည့် လူများက ကမ္ဘာတွင် မည်သည့် နေရာတွင် မှ တွေ့ရမည့် မဟုတ်သည့် သူရဲမရဲ စီးနေသူများ ဖြစ်နေသည် ဆိုသည်ကို သိရှိထားပုံ မရသေးဟု ယူဆရသည်။
အာဆီယံ အနေဖြင့် မြန်မာ အား အချက် ငါးချက်ကို မလိုက်နာဟု ဆိုက အဖွဲ့ဝင် အဖြစ် မှ ရပ်ဆိုင်းခြင်း၊ သို့မဟုတ်ကလည်း အမျိုးသား ညီညွတ်ရေး အစိုး ရ အဖွဲ့ အား ဖိတ်ကြား၍ ဆွေးနွေး မည် အစရှိသည့် ဖိအားများ ပေးမည် ဆိုက ၎င်းတို့ အဖို့လည်း ယခုလို အရှက်ရနိုင်စရာ အကြောင်းမရှိတော့။
အာဆီယံသည်လည်း တရုတ်က မြောက်ဖက်ခြမ်း တွင် စစ်ရေး၊ သံတမန်ရေး အရ ကြွက်သားများ ထုတ်ပြလာပြီ ဖြစ်၍ မြန်မာသည် အင်အားကြီး နိုင်ငံများ အား ပြိုင်ရာ ကစားကွင်း ကြီး အဖြစ် ရောက်မသွားမီ တခုခု လုပ်မှ ဖြစ်မည်ဆိုကာ လှုပ် လာပုံရသည်ဟု နစ်ကီ အေးရှား တွင် ရေးသားထားသည်။
အာဆီယံသည် မင်းအောင်လှိုင်လုပ်မည့် ရွေးကောက်ပွဲ နှင့် ပတ်သက်၍ ဘုံရပ်တည်ချက် ထွက်ပေါ်လာရန် ဆွေးနွေးနေဆဲ ဟု သိရသည်။ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ကမူ မဲဆန္ဒရှင် တစိတ်တပိုင်း သာ ပါဝင်နိုင်မည့် ရွေးကောက်ပွဲ မျိုး လုပ်၍ အကျိုးထူးမည် မဟုတ်ဟု မှတ်ချက်ချခဲ့သည်။
၎င်းတို့ဖက်က မကြွသေးသရွေ့ နိုင်ငံတကာကလည်း နေသာသပါ့ လေညှာက ဟု သဘောထား နေမည်သာ ဖြစ်သည်။
ယခု အခါ စစ်အုပ်စု ကို မသိမသာ ထောက်ခံမှု ပေးနေသည့် ထိုင်းသည်လည်း မြန်မာ ဖက်ခြမ်းတွင် ကရင် အမျိုးသား သမဂ္င သည် တဖြေးဖြေး နှင့် စစ်ရေး အရ အသာစီး ရလာနေသည့် အိမ်မက်ဆိုးကြီး နှင့် ရင်ဆိုင်လာရပြီ ဖြစ်သည်။
ကရင် စစ်မျက်နှာသည် ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန် ပြည်နယ် များ အတွက် လွန်စွာ အရေးပါနေသည်ဟု ဧရာဝတီ သတင်းက ဆိုသည်။
စစ်အုပ်စုသည် ၎င်းတို့ရှိ သမျှ အင်အားများကို စုစည်း၍ ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်းမြောက်၊ ကရင်နီ၊ ကရင် ပြည်နယ်များ နှင့် နိုင်ငံ အလယ်ပိုင်းတွင် အလူးအလဲ တိုက်ခိုက်နေရပြီ ဖြစ်သည်။
မင်းအောင်လှိုင် နှင့် အပေါင်းအပါ များကတော့ တိုင်းပြည်ကို ဖြစ်ချင်တာဖြစ်၊ တရုတ်လက် ထိုးအပ်ရလည်း မမှုတော့၊ ကိုယ့်မိသားစု အသက်ထက် ဘယ်အရာကို များ ဂရုစိုက်နေရဦးမည်နည်းဟု ယူဆနေချိန်တွင် ၎င်းတို့ကို ပံ့ပိုးပေးနေသူ များ အနေဖြင့် စဉ်းစားဖို့ လိုအပ်လာသည်။
တခုတည်း မေးရမည့် မေးခွန်းက မင်းအောင်လှိုင်တို့ ဖက်က အနိုင်ရနိုင်မည်လား၊ အနိုင်ရမည်ဆိုက လည်း နောက် ငါးနှစ်လား၊ ဆယ်နှစ်လား၊ တိုင်းပြည် ဖွတ်ဖွတ်ညက်ညက် ကြေပြီး မှလား ဆိုသည်ကို မညှာတမ်း မေးရတော့မည် ဖြစ်သည်။
ယခုထိလည်း အောင်ပွဲဟူ၍ မမြင်ရ၊ ၎င်းတို့ကို ထောက်ခံနေသည့် အတွက် ချိုထွန်းအောင်လို ယောရုဝ သက်ဆင်းရမည့် အန္တရာယ်ကြီး ရှိနေသည်။ ထို့အတွက် မိမိအတွက်သာ မက တိုင်းပြည် အတွက်ပါ အန္တရာယ် ပေးလာနေသူ များကို အဘယ်ကြောင့် ဆက်၍ ပံ့ပိုး နေသင့်သနည်း ဆိုသည်ကို နဖူးပေါ် လက်တင်ပြီး စဉ်းစားကြရတော့မည် ဖြစ်သည်။
ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!