အာဆီယံ၏ ဒုက္ခ အိုး နှင့် NUG ဖက်က အားဖြည့်ရမည့် အချက် (၈) ချက်

by Hla Soewai - May 30 2025

မေလ ၂၇ ရက်နေ့သည် စစ်ဗိုလ်ချုပ်များ၏ ကတိစကားကို ယုံစားမိ၍ အရူးလုပ်ခံခဲ့ရသည် မှာ ၃၅ နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။

 

ထိုအချိန်မှစ၍ မြန်မာသည် အိမ်နီးချင်း နိုင်ငံများ အတွက် ခေါင်းခဲစရာ သိုးမည်း တကောင် ဖြစ်လာခဲ့သည်မှာလည်း ယခု တိုင် ဖြစ်သည်။

 

အာဆီယံ သည် မြန်မာ အရေး ဖြေရှင်းရန် အရေးတကြီး လိုအပ်လာပြီ ဆိုသည်ကို အားလုံးက တညီတညွတ်တည်း လက်ခံလိုက်သော်လည်း ၎င်းတို့ နောက်ဆုံး ထွက်လာသည့် ကြေညာချက် ထဲတွင်တော့ အပစ်အခတ် ရပ်စဲ ထားမှု သက်တမ်း ထပ်တိုးရန်၊ ငြိမ်းချမ်း ရေး အတွက် အားလုံး ပါဝင် ဆွေးနွေးကြဖို့ တိုက်တွန်း ကြောင်း ပါရှိ မှူ ဖြင့် ထုံးစံ အတိုင်း အဆုံးသတ် သွားခဲ့ပြီ ဖြစ်သည်။

 

အားလုံးက မလေးရှား ဝန်ကြီးချုပ်၏ ဦးဆောင်မှု ကို မြှောက်ပင့် ပေးကာ ၎င်းနောက် နောက်မြီးခို လိုက်ကုန်ကြတော့သည်။ သို့သော် ထိုသို့ ဖြစ်သွားမည်ကို မလိုလားသော တရုတ်၏ သဘောကို ကောင်းစွာ စစ်ကြောမိသည့် ထိုင်းကလည်း တစင် ထောင်ဖို့ လှုပ်ရှားလာသည်။

 

နားလည်ရ ခက်နေသည်က ငလျင်ဒဏ် ခံရပြီးချိန်ကစ၍ တရက်တလေမျှ သေနတ်သံ ရပ်သွားခြင်း မရှိသည့် အပြင် စာသင်ကျောင်း အား အကြမ်းဖက် စစ်တပ်၏ ဗုံးကြဲ တိုက်ခိုက်မှု ကြောင့် ကျောင်းသား ကလေးသူငယ် နှစ်ဒါဇင် ခန့် သေဆုံးသွားခဲ့ပြီ ဆိုသည့် သတင်းသည်လည်း ကမ္ဘာတဝှန်း ဟိုးလေး တကျော်ကျော် ဖြစ်သွားခဲ့ရပြီး ကုလ အတွင်းရေးမှုး ချုပ် ပင် ထိတ်လန့် တုန်လှုပ် မိကြောင်း ပြောလာရသော်လည်း ထိုအဖြစ်ဆိုးကြီးသည် ၎င်းတို့ ပါးစပ်ဖျားသို့ ရောက်မလာခဲ့ခြင်းပင်။

 

၎င်းတို့ လုပ်ပေး နိုင်တာ လုပ်ပေးပြီးပြီ ဆိုသော သဘောထား သည် နိုင်ငံအား အကြမ်းဖက် စစ်အုပ်စု လုပ်ချင်တာ လုပ်ဖို့ ထိုးအပ်နေခြင်းပင် ဖြစ်သည်။

 

စစ်အုပ်စု အား အာဆီယံ၏ ထိပ်သီး အစည်း အဝေးများ ဖြစ်သည့် အီးယူ၊ အမေရိကန်၊ တရုတ်၊ ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ များ နှင့် ဆက်၍ ပြုလုပ်မည့် အစည်းအဝေးများ တွင် ပါဝင်ခွင့် ပိတ်ပင်ထားခြင်းဖြင့် ၎င်းတို့သည် မြန်မာ အား ကိုယ်စားပြု‌နေသည့် အစိုးရ တရပ် အဖြစ် အသိအမှတ် မပြု သည့် သဘော ဖြစ်၍ ဂုဏ်သိက္ခာ အရ အကြီးအကျယ် အရှက်ရစေသည့် လုပ်ရပ်လည်း ဖြစ်သည်။

 

သို့သော် ယင်းသည် စစ်အုပ်စု အား ထိထိရောက်ရောက် ထိုးနှက်နိုင်ခြင်း တော့ မရှိ။

 

ယခု အချိန် အာဆီယံ အဖို့ အလုပ်သင့်ဆုံးက အချက် ငါးချက် အား လိုက်နာ ဆောင်ရွက်ခြင်း မရှိက အမျိုးသား ညီညွတ်ရေး အစိုးရ အား တရားဝင် အသိအမှတ်ပြုပြီး ဆက်ဆံသွားမည်ဟု ဖိအားပေး ခြိမ်း ခြောက် ရန်ပင် ဖြစ်သည်။ ယခု လို ပါးစပ်က တဖွဖွ ပြောနေယုံဖြင့် အလုပ်မဖြစ်သည်မှာလည်း လေး နှစ် ကျော်လာပြီ ဖြစ်သည်။

 

ထို့အတွက် အာဆီယံ သည် မည်သို့မျှ သုံးစား၍ မရသည့် အဖွဲ့ကြီးသာ ဖြစ်သည်ဟု မြန်မာပြည်သူများ၏ ယူဆခံရသည့် အဖွဲ့ကြီး ဖြစ်လာသည်။

 

ထိုသို့ ယူဆခံရမှု သည် တော်လှန်ရေးကြီး အောင်မြင် သွားပြီး နောက်တွင်ပင် မြန်မာ ပြည်သူများ၏ စိတ်ဝယ် အမည်းစက်ကြီး အဖြစ် အမြဲလို ထင်ကျန် နေတော့မည်လည်း ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရဖက်ကလည်း တော်လှန်ရေး အောင်မြင်ရာ အောင်မြင်ကြောင်း အတွက် အားဖြည့် ပြောင်းလဲစရာ များ ရှိလာနေသည်၊ ယင်း နှင့် ပတ်သက်၍ ယူရေးရှား စာစောင်တွင် ဆောင်းပါးရှင် နီကိုလပ်စ် ကောင်းက ယခုလို အချက် ရှစ်ချက် ဖြင့် အကြံပြုထားသည်။

 

(၁) အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲတွင် အဓိက ကျသည့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ တဖွဲ့စီမှ ကိုယ်စားလှယ်များ ထည့်သွင်းရန်။

 

(၂) ထိန်းချုပ်နယ်မြေများ အတွင်း လူထု ဝန်ဆောင်မှု၊ တရားဥပဒေ စိုးမိုးရေး၊ စည်းကမ်းသေဝပ်မှု ရှိရေး အစရှိသည့် အုပ်ချုပ်ရေး လုပ်ငန်းများ ပို၍ ခိုင်မာလာအောင် ဆောင်ရွက်ရေး။

 

(၃) တရုတ်၊ ရုရှား တို့မှ စစ်အုပ်စု အား ထောက်ခံမှု ပေးနေပြီး၊ ထရန့် အစိုးရ၏ မူဝါဒသည်လည်း ခန့်မှန်းရ ခက်နေချိန်တွင် NUG သည် မိမိတို့၏ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသည် အ‌မေရိကန် နှင့် ဒေသတွင်း အကျိုးစီးပွား နှင့် ကိုက်ညီ ပြီး တည်ငြိမ်စေမည့် အင်အား တရပ် ဖြစ်ကြောင်း ပုံဖေါ်ရမည်၊ 

 

ဘီဂျင်း နှင့် အာဆီယံတို့၏ တောင်းဆိုလာမှု များသည် လိမ်ညာလှည့်ဖြားသော ရွေးကောက်ပွဲများနှင့် မရိုးသားသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများသာ ပေါ်ထွက်လာဖို့ ရှိ၍ မိမိတို့ဖက်မှ အခြား ရှင်းလင်းပြတ်သားသော ရွေးချယ်စရာများနှင့် မယိမ်းယိုင်သော ဆုံးဖြတ်ချက်များဖြင့် တန်ပြန်ရမည်။

 

၄။ ဘဏ္ဍာရေး အရ ခြိုးခြံ ချွေတာနိုင်ရန်၊ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် ဝန်ကြီးဌာန များကို လျော့ချပြီး ပြန်လည် ဖွဲ့စည်းရမည်။

 

၅။ စစ်တပ်၏ ဝါဒ ဖြန့်မှု များ နှင့် နိုင်ငံတကာ၏ ထောက်ခံမှု ရလာစေရန် နည်းပညာ ပိုင်းကို ဆန်းသစ်တီထွင်စွာ အသုံးပြု‌ ရေး၊ လူငယ်များအား စည်းရုံးလှုံ့ဆော်မှု များနှင့် မဟာဗျူဟာမြောက် ဆက်သွယ်ရေး စနစ် အကောင်အထည် ဖေါ်ဖို့ မရှိမဖြစ် လိုအပ်လာသည်။ (ဒီပဲယင်း စာသင်ကျောင်း ဗုံးကြဲ ခံခဲ့ရပြီးနောက်ပိုင်း ဖြစ်ပေါ်လာမှု များက ညွန်ပြနေသည်)

 

၆။ လက်ရှိ နွေဦး ဖွံဖြိုးရေး ဘဏ် ကို ဆန်းသစ် ဖေါ်ဆောင်နိုင်မှုအား ချီးကြူးရမည် ဖြစ်သည်။ သို့သော် ရေရှည် အတွက် ရံပုံငွေများ ဖူလုံအောင် ဖန်တီးပေးနိုင်မည့် အရင်းအမြစ်များ ရှာဖွေရမည်။

 

၇။ ပြင်ပမှ စာရင်းစစ်ချုပ်တစ်ဦးကို ခန့်အပ်ပြီး ဝန်ကြီးဌာနအားလုံး၏ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းဆောင်တာများကို ကြီးကြပ်နိုင်ရန် နှင့် ပွင့်လင်းမြင်သာမှု၊ ကျင့်ဝတ်ပိုင်း ထိရောက်မှုရှိစေ ရေး ဆောင်ရွက်ရန်။

 

၈။ ပြုပြင်ပြောင်းလဲမှုများအား အရေးပေါ် လိုအပ်ချက်နှင့် သက်ရောက်မှုအပေါ် အခြေခံပြီးဦးစားပေး အစီအစဉ် များ ချမှတ်ရာတွင် တိုင်းရင်းသား ကိုယ်စားပြုမှုမှ အစပြု၍ နိုင်ငံရေး၊ ဥပဒေရေးရာ၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး စသည့် ကဏ္ဍ ၆ ခု ကို အကောင်အထည် ဖေါ်ရန် အစရှိသဖြင့် အကြံပြုထားသည်။

 

သို့မှသာ စစ်ကောင်စီ၏ သေနတ်ပြ၊ ဗုံးကြဲ၊ မဲပုံး ထောင်၊ လိမ်ညာ ခြိမ်းခြောက် အုပ်ချုပ်ခံရမည့် အရေး မှ ပြည်သူတို့ အမြန်ဆုံး ကျော်လွှား လွတ်မြောက်နိုင်မည် ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!