အာဏာရှင် စနစ်မှ ထုတ်နှုတ်ယူရမည့် သင်ခန်းစာ နှစ်ဆယ် (၂)

by Hla Soewai - May 30 2025

2. DEFEND INSTITUTIONS 

 

ကျွနုပ်တို့ လူချင်းတူတူ သူချင်းမျှမျှ နေထိုင်နိုင်ရန် အဖွဲ့အစည်းများက ကာကွယ် စောင့်ရှောက်ပေးသည်။ ၎င်းတို့သည်လည်း ကျွနုပ်တို့၏ အကူအညီများ လိုအပ်နေပြန်သည်။ ၎င်းတို့ အတွက် ကျွနုပ်တို့ဖက်က တစုံတရာ ဆောင်ရွက်ပေးခဲ့ခြင်းမျိုး မရှိပါက "ကျွနုပ်တို့၏ အဖွဲ့အစည်းများ" ဆိုသော စကား မျိုး ထည့်မပြောသင့်ပေ။

 

အဖွဲ့အစည်းများ သည် ၎င်းတို့ဘာသာ ကာကွယ်၍ မရပေ။ အဖွဲ့အစည်း တခုစီအား မူလကတည်းက ကာကွယ် ပေးနိုင်ခြင်း မရှိခဲ့လျင် တခုပြီး တခု ပြိုလဲသွားကြ ပေ လိမ့်မည်။

 

အဖွဲ့အစည်း ဆိုသည်က တရားရုံးတရုံး၊ သတင်းစာတ‌ စောင်၊ ဥပဒေတရပ်၊ အလုပ်သမား သမဂ္ဂ အစရှိသည် တို့ကို ဆိုလိုခြင်း ဖြစ်ပြီး ထိုအထဲမှ မိမိတို့ ဂရုစိုက်ဖို့ လိုအပ်သည် ဆိုသော အဖွဲ့အစည်း တခုခု ဖက်က ရပ်တည် ပေးရတော့မည် ဖြစ်သည်။

 

အဖွဲ့အစည်း များသည် မည်မျှပင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရပါစေ၊ ၎င်းတို့ဘာသာ ၎င်းတို့ အလိုအလျောက် ပြန်လည်ထိန်းသိမ်းပြီး ဆက်လက်ရပ်တည်နိုင်လိမ့်မည်ဟု ကျွနုပ်တို့ အများအားဖြင့် ယူဆတတ်ကြသည်။

 

ထို အယူအဆသည် လွန်စွာ မှားယွင်းခဲ့ကြောင်း ဟစ်တလာ ဦးဆောင်သည့် နာဇီတို့ အစိုးရ ဖွဲ့လာပြီး နောက်တွင် ဂျာမန် ဂျုး အတော်များများ သဘောပေါက် သွားခဲ့ကြသည်။

 

၁၉၃၃ ဖေဖေါ်ဝါရီ ၂ ရက်နေ့တွင် ထိတ်တန်း ဂျုး သတင်းစာကြီး တစောင်၏ အယ်ဒီတာ အာဘော်တွင် ၎င်းတို့၏ မှားယွင်းစွာ ယုံကြည်ခဲ့မှု ကို တွေ့လာခဲ့ရသည်။ သတင်းစာက ယခုလို ရေးသားလာခဲ့သည်။

 

"မစ္စတာ ဟစ်တလာ နှင့် အပေါင်းအပါများသည် ၎င်းတို့ကာလ ကြာမြင့်စွာကတည်း က တောင့်တနေခဲ့ကြသည့် နိုင်ငံရေး တန်ခိုး အာဏာ ကို ပိုင်ဆိုင်ခဲ့ကြပြီ ဖြစ်သည်။ သို့သော် နာဇီ သတင်းစာ များ တွင် ရေးသား နေကြသလို ဂျုးများအား နိုင်ငံသားများ၏ အခွင့် အရေး များ ရုတ်သိမ်းခြင်း၊ တနေရာတည်း တွင် စုဝေး ထားရှိမည်ဆိုခြင်း၊ မနာလို ဝန်တိုစိတ်ဖြင့် သတ်မည် ဖြတ်မည် တကဲကဲ လုပ်နေသော လူအုပ်ကြီး နှင့် ရင်ဆိုင်ခိုင်းခြင်းများ လုပ်လိမ့်မည် ဟူသော အမြင်များကို ကျွနုပ်တို့ သဘောမတူ၊ 

 

အ့ဘယ်ကြောင့် ဆိုသော များပြားလှသော အဖွဲ့အစည်းများက ထိုသို့ မလုပ်နိုင်အောင် ဝင် ထိန်း ထားနိုင်၍ ဖြစ်သည်။ ထိုသို့ ဖြစ်လာမည် လမ်းကို ၎င်းတို့ ရွေးချယ်ကြလိမ့်မည် မဟုတ်၊

 

ဥရောပတွင် အင်အားကြီး နိုင်ငံ တခု အဖြစ် ရပ်တည် ဆောင်ရွက်ဖို့ ဆိုက အခြေအနေ တရပ်လုံးသည် ကျင့်ဝတ်တရား များ ပေါ် မူတည် ပြောင်းလဲသွားဖို့ ရှိလာ၍ ယခင် အတိုက်အခံ ဘဝ က ရပ်တည်ခဲ့ရာ စားကျက်ကို ပြန်သွားမည် မဟုတ်သည့် အပြင် ဝေးဝေးကပင် ရှောင်ရှားကြရဖို့သာ ရှိသည် မဟုတ်ပါလား။"

 

၁၉၃၃ တွင် အခြေအနေ အရပ်ရပ်ကို အကျိုးသင့် အကြောင်းသင့် တွေးခေါ်တတ်သူများ တွင် လည်း ထိုကဲ့သို့သော အမြင်များ ရှိထားကြသည်။ ၎င်းတို့အဖို့က အဖွဲ့အစည်း များမှတဆင့် အာဏာရလာသူများသည် ၎င်းတို့ ကို အာဏာရစေခဲ့သည့် အဖွဲ့အစည်းများကို မည်သို့ပင် ပြောလာခဲ့စေကာမူ တကယ်တမ်းတွင် ဖျက်ဆီး ဖြိုလှဲ ကြမည် မဟုတ်ဟု မှားယွင်းစွာ ယူဆခဲ့ကြသည်။

 

တော်လှန်ပစ်လိုသူများသည် တခါတရံ တွင် အဆိုပါ အဖွဲ့အစည်း များကို ချက်ခြင်း လက်ငင်းဆိုသလို ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားကြပြီး ဖြစ်သည်။ ဤသည်ကို ရုရှား ဘော်ရှီဗစ် တို့၏ လုပ်ရပ်များ တွင် တွေ့မြင် နိုင်သည်။

 

တခါတရံ တွင် အဖွဲ့အစည်းများသည် အသက်ဝင်မှု နှင့် လုပ်ငန်း တာဝန်များ အား စွမ်းဆောင်မှု များ ကင်းမဲ့လာတတ်၍ တချိန်က ၎င်းတို့ ဖြစ်ခဲ့ဖူးသည့် ပုံစံမျိုး ဖြစ်လာသည်။ ထိုအခါတွင် ၎င်းတို့အပေါ် ပြဋ္ဌာန်းလာသည် အစီအစဉ် သစ် ကို ခုခံကြရမည့်အစား အထောက်အကူ ပြုလာကြသည်။ ဤသည်က ဂျာမန် နာဇီတို့ ခေါ်သည့် Gleichschaltung ပင် ဖြစ်သည်။

 

နာဇီတို့သည် ၎င်းတို့ လုပ်ချင်သည့် အစီအစဉ်များကို တနှစ် မပြည့်မီမှာပင် အခိုင်အမာ အကောင်အထည် ဖေါ်နိုင်ခဲ့ကြသည်။ ၁၉၃၃ နှစ်ကုန် မှာပင် ဂျာမဏီသည် တပါတီ အုပ်ချုပ်သော နိုင်ငံ ဖြစ်လာပြီး အဓိက ကျသည့် အင်စတီကျုးရှင်း များ အားလုံး ပြိုလဲ သွားခဲ့ပြီ ဖြစ်သည်။

 

ထို နှစ် နိုဝင်ဘာလ တွင် ဂျာမန် အာဏာပိုင်များက အတိုက်အခံ မပါ‌သော ရွေးကောက်ပွဲ ကို ပြုလုပ်လာပြီး ၎င်းတို့ စီစဉ်ထားသည့် စနစ်သစ် အတွက် "မှန်ကန်သော" အဖြေ မျိုး ရရန် သေချာသည့် ဆန္ဒခံယူပွဲ ကိုလည်း ကျင်းပပေးခဲ့သည်။

 

၎င်းတို့ အပေါ် သစ္စာရှိ နိုင်ငံသား များ အဖြစ် ထင်မြင်လာစေရန် ဟူသော မျှော်လင့်ချက်ဖြင့် ဂျုး အချို့သည် ပါဝင် မဲထဲ့ခဲ့ကြခြင်း ဖြင့် အဆိုပါ နာဇီစနစ်သစ် ကြီး ၏ ချုပ်နှောင်ခြင်းကို ခံခဲ့ကြရတော့သည်။