ရခိုင်ပြည်နယ် အပေါ် အမေရိကန်-တရုတ် လွန်ဆွဲပွဲ ဖြစ်လာမည်လော

by Hla Soewai - May 30 2025

ဧပြီလ လယ်တွင် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး နှစ်ဦး နှင့် ရန်ကုန်ရှိ သံရုံး ယာယီ တာဝန်ခံ တို့ ဒက္ကားသို့ ရောက်လာခဲ့ကြသည်ဟု အစချီကာ ဒက္ကားရှိ North South University ၏ ငြိမ်းချမ်းရေး ဌာနမှ အကြီးတန်း ကထိက ဖြစ်သူ တဦးက ရေးသားထားသည်ကို The Jakarta Post နှင့် The Diplomat တို့မှ ဖေါ်ပြခဲ့ကြသည်။

 

ထိုခရီးစဉ်သည် ၂၀၂၄ ဩဂုတ်လ တွင် ပေါ်ပေါက်လာသည့် မိုဟာမက် ယူနွတ်စ် ဦးဆောင်သည့် ကြားဖြတ် အစိုးရ နှင့် အမေရိကန် အစိုးရ အကြား လွန်စွာ အရေးပါသော ထိတွေ့ဆက်စပ်လာမှုပင် ဖြစ်သည်။

 

ယူနွတ်စ်၏ ကြားဖြတ်အစိုးရသည် ဘူမိနိုင်ငံရေး ၏ လမ်းကြောင်းသစ်ကို စတင်ရှာဖွေ ဖေါ်ထုတ်လာခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ နိုင်ငံ၏ နိုင်ငံရေး နှင့် စီးပွား‌ ရေး ကို အနောက်အုပ်စု အား တံခါးဖွင့်ပေးခြင်းဖြင့် အကျိုးရှိရာ ရှိကြောင်း ဖြစ်လာမည်ဟု ယုံကြည်လာခဲ့သည်။

 

မြန်မာ နှင့် ပတ်သက်၍ မည်သည့် အကြောင်းများ ဆွေးနွေးခဲ့သည်ကို ဘင်္ဂလားဒေ့ရှ် မီဒီယာများက တိတိကျကျ ပြောဆို ရေးသားခြင်းမျိုး မရှိသော်လည်း အသစ် ခန့်အပ်လာသည့် အမျိုးသား လုံခြုံရေး အကြံပေး ခါလီလာ ရာမန် အား အငြင်းပွားဖွယ် ဖြစ်‌နေသည့် ရိုဟင်ဂျာ ဒုက္ခသည်များ နေရပ် ပြန်ပို့ရေး တွင် တာဝန်ပေးလာခြင်း နှင့် 

ယခင် မြန်မာ နိုင်ငံ ဆိုင်ရာ သံအမတ်ဟောင်း ဆူဖီယာ ရာမန် အား နိုင်ငံခြားရေး ဝန်ကြီးဌာန တွင် ယူနွတ်စ် ၏ အထူး အကြံ‌ ပေး လက်ထောက် အဖြစ် ခန့်အပ်လာခဲ့ခြင်းကပင် လုံခြုံရေး နှင့် ပတ်သက်သည့် ဇယားကွက် အတွင်း မြန်မာ နှင့် အမေရိကန် ကို အဓိက အခန်းကဏ္ဍ မှ ထည့်သွင်းစဉ်းစားလာပြီ ဆိုသည် မှာ သိသာ ထင်ရှားလာခဲ့သည်။

 

မတ်လ တွင် ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှုး ချုပ် အန်တို နီ ဂူတားရက်စ် ရောက်လာခဲ့ချိန်မှ စ၍ ကောက်ဘဇား ဒုက္ခသည် စခန်းများ တွင် ၂၀၁၇ မှစ၍ ဆင်းဆင်းရဲရဲ နေခဲ့ကြရသည့် ရိုဟင်ဂျာ ဒုက္ခသည် ၁.၄ သန်းအား နေရပ် ပြန့်ပို့ နိုင်ရေး သည် အဓိက ကျလာခဲ့သည်။ ထိုကိစ္စ အပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန မှ ထိတ်တန်း အရာရှိကြီးများ နှင့် ဆွေးနွေးခဲ့ရာမှ ရခိုင်သို့ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ပေးပို့ နိုင်ရေး အား အဆင်ချောမွေ့စေရေးဆိုသည့် မူဝါဒ ဖက်သို့ သိသိသာသာ ရွေ့လျားလာခဲ့သည်။

 

ထိုအရွေ့ သစ် မှ တဆင့် အစာရေစာ ငတ်မွတ် ခေါင်းပါးမှု အခြေအနေ နှင့် စာနာရိက္ခာ ပြတ်လတ်နေသည့် အကြောင်းများ ပြကာ အာရက္ခ တပ်တော် ထိန်းချုပ်နယ်မြေ များသို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ပေးရေး စင်္ကြန်လမ်း တခု ဖေါ်ဆောင်ရေး ထွက်ပေါ်လာခဲ့သည်။

 

ယင်းအား ဘင်္ဂလား‌ဒေ့ရှ် ရှိ လေ့လာသုံးသပ်သူများက "နိုင်ငံတကာ ဥပဒေ များအရ တရားဝင်မှု မရှိ" ဆိုကာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်၊ မြန်မာဖက်မှ တရားဝင် သဘောတူ ခွင့်ပြုခြင်းမျိုး မရှိဘဲ လုပ်မည်ဆိုက "ဥပဒေ ကြောင်း နှင့် သံတမန်ရေးပိုင်း" တွင် ဆိုးဆိုးဝါးဝါး အကျိုးဆက်များ ဖြစ်လာ နိုင်သည်ဟု ထောက်ပြခဲ့ကြသည်။

 

ဒီဇင်ဘာလ ကုန်ပိုင်းလောက်မှစ၍ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ နှင့် အာရက္ခ တပ်တော်အကြား နီးနီးကပ်ကပ် ဆက်ဆံမှု များ ရှိလာခဲ့သည်။ လေ့လာသူများက မူ သင်္ကြန်ပွဲကို အကြောင်းပြ၍ အာရက္ခ တပ်ဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ် ပိုင်နက် အတွင်း ကျုးကျော် ဝင်ရောက်လာခဲ့မှု ကို ကြည့်မည် ဆိုက နယ်ခြားဒေသ မတည်ငြိမ်မှု နှင့် အချုပ်အခြာ အာဏာကို စိန်ခေါ်မှု များ ဖြစ်လာနိုင်သည်ဟု ပြောဆိုလာကြသည်။

 

အချို့က လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးရေး စင်္ကြန်လမ်းမကြီးသည် တကယ်တမ်းတွင် အမေရိကန်ဖက်မှ အာရက္ခ တပ်တော်အား ထောက်ပံ့ ပေးနိုင်ရန် ဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်။

 

အမေရိကန်သည် "Burma Act" အရ လူကို မထိခိုက် နိုင်သည့် အကူအညီများ ပေးခြင်းဟု ပြောဆိုလာနိုင်သော်လည်း ဘင်္ဂလားဒေ့ရှ် စစ်တပ် မှ ပါဝင်လာခြင်းသည် လုံခြုံရေး ရှုထောင့်အရ ပြောစရာ ဖြစ်လာနိုင်သည်။ မူအားဖြင့် ဆိုက ဘင်္ဂလားဒေ့ရှ် စစ်တပ်သည် အာရက္ခ တပ်တော်အား အကူအညီ ပေးရေး တွင် အရေးပါသည့် အခန်းမှ ပါဝင်လာနိုင်သည်။

 

ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယ မီဒီယာများက အမေရိကား နှင့် ဘင်္ဂလားဒေ့ရှ် စစ်တပ်များအကြား ဆက်ဆံရေး နက်ရှိုင်းလာနေပြီဟူသော အပြောများသည် အမေရိကန် ထိတ်တန်း ‌‌ဗိုလ်ချုပ်ကြီး တဦး နှင့် ဘင်္ဂလားဒေ့ရှ် စစ်ဖက် အသိုက်အဝန်း အကြား ဆက်ဆံလာမှု ကို ကြည့်၍ ယုံထင်ကြောင်ထင် ပြောဆို နေခြင်းမျိုးသာ ဖြစ်သည်။

 

ယင်းသည် ‌ဒေသတွင်း အမေရိကန်၏ ဩဇာဖြန့်ကျက် လာမှု အဖြစ် မီးမောင်းထိုးပြနေသော်လည်း တရုတ်၏ မြန်မာအရေး တွင် ပါဝင်ပတ်သက်လာဖွယ် ရှိသည့် အခန်းကဏ္ဍကြောင့် ထွက်ပေါ်လာမည့် ဘူမိနိုင်ငံရေး အနေအထားသည် ရှုပ်ထွေးလာနိုင် စရာ ရှိနေသည်။

 

မကြာမီက တရုတ် သမ္မတ ရှီကျင့်ပင်မှ မင်းအောင်လှိုင်အား မော်စကို တွင် လက်ခံ တွေ့ဆုံပြီး မြန်မာ၏ အချုပ်အခြာ အာဏာ၊ နယ်‌‌ မြေ တည်တံ့ ပိုင်ခွင့်ကို ထောက်ခံသွားမည်ဟု ထုတ် ပြောလာခဲ့သည်။ ယင်းသည် အကယ်၍ အာရက္ခ တပ်တော်မှ စစ်တွေ၊ ကျောက်ဖြူ နှင့် မန်အောင် တို့ကို သိမ်းပိုက်ရန် ထိုးစစ် ဆင်လာမည် ဆိုက တရုတ်သည် စစ်အုပ်စု ဖက်မှ ရပ်တည်ပေးသွားမည့် သဘောပင် ဖြစ်သည်။

 

ကျောက်ဖြူသည် ယူနန် သို့ တင်ပို့နေသော ဒေါ်လာ ၁.၅ ဘီလီယံ တန်‌ ကြေးရှိ ရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်း၏ စမှတ်လည်း ဖြစ်သည်။ အထူး စီးပွားရေး ဇုံ နှင့် ရေနက် ဆိပ်ကမ်းများလည်း ရှိနေသည်။ ထို့အတွက် ဘီဂျင်းမှ နေပြည်တော် အပေါ် စီးပွားရေး အရ ဩဇာ လွှမ်းမိုးထားနိုင်သည်ဟု စိုးရိမ်စရာ အကြောင်းရင်းများလည်း ဖြစ်သည်။

 

စစ်တွေတွင်လည်း အိန္ဒိယ၏ ကုလားတန် မြစ် စီမံကိန်း ဖြင့် ၎င်းတို့၏ ကုန်းတွင်း ပိတ် အရှေ့မြောက် ဒေသကို ဆက်သွယ်ပေးမည့် အစီအစဉ် များ ရှိနေသည်။ ထို့အတွက်လည်း တရုတ် နှင့် အိန္ဒိယ နှစ်နိုင်ငံစလုံးက မြန်မာ အား လက်မလွှတ်နိုင် ဖြစ်နေကြ၍ နေပြည်တော်ရှိ စစ်အုပ်စု နှင့် ဆက်ဆံနေကြခြင်းလည်း ဖြစ်သည်။

 

အိန္ဒိယ သည် ယခု အထိ ဘင်္ဂလားဒေ့ရှ် မှ အာရက္ခ တပ်တော် အား နီးနီးကပ်ကပ် ဆက်ဆံနေမှု ကို တစုံတရာ ထုတ်ဖေါ် ပြောဆိုချင်းမျိုး မရှိသေးသော်လည်း ၎င်းတို့ အကျိုးစီးပွား ကိုတော့ ကာကွယ်သွားမည်သာ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သည် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေး စင်္ကြန်လမ်းမကြီး ဆိုသည်ကို မြန်မာ စစ်အုပ်စု မှ သဘောတူ မည် မဟုတ်ဆိုသည့် နှင့် ရင်ဆိုင်ရဖို့ ရှိနေသည်။

 

ထိုအတွက် ရိုဟင်ဂျာများ သောင်မတင် ရေမကျ အနေအထား ဖြင့် ဆက်ရှိနေဦးမည် ဖြစ်ပြီး ၎င်းတို့အား နေရပ်ပြန်ပို့ရေး ရည်ရွယ် စီစဉ်ထားသည့် စင်္ကြန် လမ်း ဆိုသည်လည်း ပျက်ပြားသွားနိုင်ပေသည်။

 

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ၏ ရခိုင်ပြည်နယ် အရေး တွင် တက်တက်ကြွကြွ ပါဝင်လာမှု၊ ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ အာရက္ခ တပ်တော်အား ပံ့ပိုးကူညီလာမှု၊ မြန်မာ စစ်အုပ်စု မှ စင်္ကြန် လမ်းအားဘဆန့်ကျင်လာမှု၊ တရုတ်မှ ၎င်းတို့အား အကန့်အသတ် မရှိ ထောက်ခံလာမှု များအား ခြုံငုံ ကြည့်မည်ဆိုလျှင် လာမည့်လ များ အတွင်း ‌အဆိုပါ ဒေသတွင် ဘူမိနိုင်ငံရေး ရေချိန် မြင့်တက်လာတော့မည် သာ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!