တရုတ်တို့ အဘယ်ကြောင့် နိုင်လိုမင်းထက် ပြုကျင့်ချင်ကြရသနည်း

by Hla Soewai - Jun 22 2020

တရုတ်အား အမျိုးသားရေး ဝါဒ ၏ ကျေးကျွန်များဟု မကြာခဏ ကင်ပွန်းတပ်ခြင်း ခံရသည်။ သို့သော် လက်တွေ့တွင် ထိုထက် ပို၍ နက်နဲပြီး ပို၍လည်း အတ္တကြီးမားသည်။ ထိုအကြောင်းကို အနီးစပ်ဆုံး သက်သေ အဖြစ် နှစ်ပေါင်း ငါးဆယ် အတွင်း ပထမဆုံးအကြိမ် သွေးထွက်သံယို နှင့် ပြီးဆုံးသွားသော ဇွန်လ ၁၅ ရက်နေ့ အိန္ဒိယ နှင့် နယ်ခြားပဋိပက္ခကြီး၏ နောက်ပိုင်းတွင် တနိုင်ငံလုံး ဘာမျှ မဖြစ်ခဲ့သည့်အလား ပုံမှန်အတိုင်း သွားလာ လှုပ်ရှားလျှက်ရှိနေကြသည်။ ဘီဂျင်း ရှိ အိန္ဒိယ သံရုံးရှေ့တွင် ရဲ နှစ်ယောက်လောက်သာ ပူပြင်းသော နေရောင်အောက်တွင် ပျင်းရိပျင်းတွဲ ဖြင့် လမ်းသွားလမ်းလာများကို ငေးမောကြည့်နေသည့် အဖြစ်က သက်သေခံလျှက် ရှိနေပေသည်။

 

တရုတ်အစိုးရပိုင် မီဒီယာများက ပြင်းထန်သော စကားလုံးများ သုံးကာ အဆိုပါ နယ်ခြား ပဋိပက္ခ ကို သတင်းထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။ တရုတ် ဆိုရှယ်မီဒီယာ သုံးသူများကလည်း သေဆုံးသွားသော အိန္ဒိယ စစ်သား အလောင်းပုံများကို ထပ်တလဲလဲ ရှယ် နေကြသည်။ သို့သော် တရုတ်တို့ဖက်မှ မည်ရွေ့မည်မျှ သေဆုံးဒဏ်ရာရခဲ့သည်များကို တရားဝင် မထုတ်ပြန်၍ မကျေမနပ်နှင့် ညည်းငြူ ပြောဆိုသူဟူ၍ အနည်းငယ်သာ ရှိသည်။ အချို့ကလည်း အဆိုပါ သတင်းကို ပျက်လုံးတခုလို သဘောထားကာ အိန္ဒိယ စစ်သားများအား ချိနဲ့နဲ့ သမားများဟု ခေါ်ဝေါ်ခဲ့ကြပြန်သည်။

 

နောက်ထပ် နှိုင်းယှဉ်ပြစရာ ဥပမာ တခုက ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း အမေရိကန် ဘေ့စ်ဘော အသင်း ဖြစ်သည့် Houston Rockets ၏ မန်နေဂျာ ဒါရယ် မိုရေ သည် ဟောင်ကောင် ကျွန်းသားများ၏ ကြွေးကြော်သံ ဖြစ်သော “Fight for Freedom, Stand with Hong Kong” ကို သူ၏ တွစ်တာ ပို့စ် တွင် ထည့်သွင်းဖေါ်ပြခဲ့သည်။ ထိုအခါတွင် သန်းပေါင်းများစွာသော တရုတ် နိုင်ငံသားများက ထကြွလာပြီး ၎င်းအား အရေးယူရန် အွန်လိုင်းပေါ်မှ ဆူညံစွာ တောင်းဆိုလာကြသည်။ နှစ်ရက်အတွင်းမှာပင် တရုတ် ရုပ်မြင်သံကြားမှ မိမိတို့သည် Houston Rockets ၏ ပွဲစဉ်များကို ဆက်လက် ထုတ်လွှင့်ပြသတော့မည် မဟုတ်ဟု ကြေငြာလာခဲ့သည်။

 

တရုတ် အမျိုးသားရေး ဝါဒအား ကွန်မြူနစ်ပါတီ အကြီးအကဲများ မှ နှစ်ပေါင်းများစွာ အစာကျွေးကာ မွေးမြူထားသော ကျားကြီး တကောင်ဟု မကြာခဏ ဆိုသလို နှိုင်းယှဉ်ခြင်း ခံရသည်။ယခုအခါ ၎င်းတို့ ကျွေးမွေး ပြုစုထားသော ကျားကြီးပေါ်မှ မဆင်းဝံ့တော့၊ ဆင်းပါက အစားခံရတော့မည်ကို စိုးရွံ့လာရသည့် အဖြစ် ရောက်လာနေပြီ ဖြစ်သည်။ အနီးစပ်သုံး ဖြစ်ရပ်မှန် နှင့် နှိုင်းယှဉ်ရမည်ဆိုက လူတို့ ဆောက်လုပ်ထားသော ရေလှောင်ကန်ကြီး တခုနှင့် အသွင်တူနေပေသည်။ ရေကာတာ တံတိုင်းကြီးများ ပတ်လည်ကာရံကာ သိုလှောင်ထားသော ပြင်းထန်လှသည့် ရေအား ကြီး တခုအလား ဟု ဆိုရမည် ဖြစ်သည်။ ထိုရေကာတာ တံခါးကြီးအားလည်း တိုင်းပြည်တွင် ပြင်းထန်သော အကျပ်အတည်းကြီးများနှင့် ရင်ဆိုင်လာရသည့် အခါတိုင်း အန္တရာယ်ကြီးထွားလာနေသော ဖိအားများကို လျော့ချပြစ်ရေး အတွက် ဖွင့်ချပေးလေ့ရှိသည်။

 

လူထု သည် အမေရိကန်၊ ဂျပန် နှင့် ၎င်းတို့ စိတ်ထဲ မကျေမနပ်ဖြစ်နေသည့် အခြားနိုင်ငံများနှင့် ပတ်သက်လာလျှင် ပို၍ ပြင်းထန်စွာ တုန့်ပြန် လာခဲ့သည်။ ၁၉၉၉ မေလ အတွင်း ဘဲလ်ဂရိတ်ရှိ တရုတ်သံရုံးသည် နေတိုး စစ်လေယာဉ်များ၏ ဗုံးဒဏ်ကို ခံခဲ့ရပြီး သတင်းထောက် သုံးဦး သေဆုံးသွားခဲ့ရသည်။ မတော်တဆ ဖြစ်ရခြင်းပါဟု အမေရိကန်တို့၏ ရှင်းပြချက်ကို တရုတ်ခေါင်းဆောင်များက လက်မခံခဲ့ကြပေ။ ဘီဂျင်း တွင် တရုတ်ကျောင်းသားများက လေးရက်လုံးလုံး အမေရိကန် နှင့် ဗြိတိန် သံရုံးများကို အုတ်ခဲများ နှင့် လာရောက် ပစ်ခတ်ခဲ့ကြသည်။ အဆိုပါ အကြမ်းဖက်မှု အား ထိန်းချုပ်ခဲ့သည်မှာ ရေဘုံဘိုင် ခေါင်းကို ပိတ်ချလိုက်သလို ရုတ်ခြည်း ရပ်တန့်သွားခဲ့သည်။ သံရုံးပြတင်းပေါက်များ၊ ရပ်ထားသော သံရုံးဝန်ထမ်းများ ၏ ကားမှန်များကို ရိုက်ခွဲ ဖျက်ဆီးခြင်းလောက်သာ ခွင့်ပြုခဲ့ပြီး ကျောင်းသားများသည် လွှင့်ထူထားသော အမေရိကန် အလံကို ဝါးလုံးရှည်ကြီး၏ ထိပ်တွင် ဓါတ်ဆီ ဆွတ်ထားပြီးမီးစွဲနေသောအဝတ်ကိုပတ်၍ မီးရှို့ရန် ကြိုးပမ်းလာကြသည့် အခါတွင်တော့ စစ်ရဲများက ချက်ခြင်းလို ဆန္ဒပြသူများကို တုတ်များ နှင့် လိုက်လံရိုက်နှက်ကာ မောင်းထုတ်ခဲ့ကြသည်။ ဆန္ဒပြသမားများက ရဲများအား “သစ္စာဖေါက်တွေ” ဟု ပြန်လည် အော်ဟစ်ခဲ့ကြသည်။

 

တရုတ်တို့သည် အိန္ဒိယအား ဆင်းရဲပြီး ဖြစ်ချင်တိုင်း ဖြစ်နေသော နိုင်ငံတခုဟု အလွယ်တကူ သတ်မှတ်ထားကြသော်လည်း ကျောင်းများတွင် တရုတ် လူငယ်လေးများ သင်ယူခဲ့ကြရသည့် အရင်းရှင်နယ်ချဲ့ ဗိုလ်ကျလိုသော နိုင်ငံများ စာရင်းတွင် ထည့်သွင်း ဖေါ်ပြခြင်း မခံရသေးသည့် နိုင်ငံလည်း ဖြစ်သည်။ နှစ်နိုင်ငံ ကုန်သွယ်ရေးသည် အသင့်အတင့်မျှသာ ရှိပေသည်။ တရုတ်တွင် အိန္ဒိယထက် ပမာဏ များစွာ ကုန်သွယ်နေသည့် နိုင်ငံပေါင်း ၁၁ နိုင်ငံ ရှိနေပြီး ဖြစ်သည်။ ထို့အတွက်လည်း တရုတ် ခေါင်းဆောင်များက အိန္ဒိယ နှင့် ဖြစ်သည့် ပြဿနာကို လျော့လျော့ပေါ့ပေါ့ ပြောဆိုဖို့ စဉ်းစားစရာ မလိုအောင် ဖြစ်လာခဲ့သည်။ တရုတ်တို့ဖက်မှ အဆင်ခြင်မဲ့ ပြုလုပ်ခဲ့လျှင်လည်း ဖြစ်လာမည့် အကျိုး နှင့် အန္တရာယ် ကို တွက်ချက်၍ ရသည်။

 

လွန်ခဲ့သည့် နှစ်အတွင်း ဗာဂျီနီယားရှိ ဂျော့ချ် မေဆင် တက္ကသိုလ်မှ ကီရှန် ဂျောင် သည် တရုတ်မှ ဒေသ အတွင်း ၎င်းတို့ ဖြစ်စေချင်သလို ဖြစ်လာရန် မည်သို့ မည်ပုံ နည်းလမ်းများ သုံးနေသည် ဟူသော စာတမ်းတစောင်ကို ပွင့်ပွင့်လင်းလင်း ရေးသားလာခဲ့ဘူးသည်။ စာတမ်း ခေါင်းစဉ်အား “Cautious Bully: Reputation, Resolve and Beijing’s Use of Coercion in the South China Sea” ဟု အမည်ပေးခဲ့သည်။ ထိုစာတမ်းသည် တရုတ် ခေါင်းဆောင်များက ၎င်းတို့ရှိ ကြီးထွားလာနေသော စစ်အင်အားနှင့် ငါသိ ငါတတ် အတွေးအခေါ်များကြောင့် အင်အား အသုံးပြုရန် ဝန်လေးခဲ့ကြခြင်း မရှိ ဟူသော ယူဆချက်ကို စိမ်ခေါ်လာခဲ့သည်။ တကယ်တမ်းတွင် တရုတ်တို့ က ၎င်းတို့ အင်အား ချိနဲ့နေဆဲ ဖြစ်သည့် ၁၉၉၀ ကျော် နှစ်များ အတွင်းတွင် ပို၍ သုံးလာခဲ့ကြသည်ဟု ဆိုသည်။ ယခုအခါ တရုတ်သည် အိမ်နီးချင်းများကို နိုင်လိုမင်းထက် လုပ်ရန် ၎င်းတို့၏ ကမ်းခြေစောင့်တပ်များ၊ ကင်းလှည့် ပြည်သူ့စစ်များ ၊ အခြားရေကြောင်းနှင့် ပတ်သက်သည့် အေဂျင်စီများကို သုံးရန် ပို၍ စိတ်အားထက်သန်လာကြသည်။

 

အထူးသဖြင့် သတိကြီးစွာထား၍ လုပ်တတ်သည်ဟု ထင်ရှားခဲ့သော သမ္မတ ဟူဂျင်တောင် (၂၀၀၂-၁၂) အုပ်ချုပ်ခဲ့စဉ်အတွင်း ယခုထက်ပင် ပို၍ ရန်လိုခဲ့ဘူးသည်။ တရုတ်နှင့် ပတ်သက်သော မှတ်တမ်းများ၊ ထိုကာလ က တာဝန်ရှိသူများနှင့် တွေ့ဆုံ မေးမြန်းခဲ့ပြီးနောက် “Cost-balancing theory - ပေးဆပ်ရမည့် တန်ဘိုး ထိန်းချုပ် သီအိုရီ" ကို ဆုံးဖြတ်ချက် ချမှတ်ရာတွင် အသုံးပြုခဲ့ကြသည်ဟု ထုတ်ဖေါ်ခဲ့သည်။ ဆိုလိုသည်မှာ “မိမိတို့၏ စိတ်ဓါတ်ကြံ့ခိုင်မှု ကို ပြသရန် အလွန်အမင်း လိုအပ်လာပြီး စီးပွားရေး အရ ပေးဆပ်ရမည့် တန်ဘိုးသည် မဖြစ်စလောက်သာ ရှိသည် ဆိုက” ခြိမ်းခြောက်အကျပ်ကိုင် ခြင်း ကို အသုံးချလာကြသည်ဟု မစ္စက် ဂျောင် မှ သူမ၏စာတမ်းတွင် ထောက်ပြခဲ့သည်။

 

သက္ကရာဇ် ၂၀၀၀ ကျော် ကာလများအတွင်း တရုတ်တို့သည် တောင်တရုတ် ပင်လယ်အတွင်း လှုပ်ရှားမှု သိပ်မလုပ်ပဲ ခပ်ကုပ်ကုပ်သာ နေခဲ့ကြသည်။ ဤသည်ကလည်း အာဆီယံ နိုင်ငံများနှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များရရေး လုံးပမ်းနေရသောကြောင့် ဖြစ်သည်။ သို့သော် အာဆီယံသည် တရုတ်ကို ၎င်းတို့၏ စီးပွားရေး အတွက် မရှိ မဖြစ် လိုအပ်လာကြပြီ ဆိုသော အနေအထားသို့ ရောက်လာသည့် အခါတွင်တော့ အင်အားပြလာခဲ့သည်။ အဆိုပါ နိုင်ငံများက နိုင်ငံတကာ၏ အကူအညီ ကို တောင်းခံ လာနိုင်သည်ကိုလည်း ဟန့်တားနိုင်မည် ဖြစ်သည်။အထူးသဖြင့် ၎င်းတို့ကို အာခံသူများအား တဖက်သတ် နစ်နာမည့် စီးပွားရေး ဒဏ်ခတ်မှုကို ကျင့်သုံးခဲ့ကြသည်။ ၂၀၁၂ ခုနှစ်အတွင်း ဖိလစ်ပိုင် နှင့် နယ်မြေ အငြင်းပွားမှု ဖြစ်လာသည့် အခါ တရုတ်သည် ဖိလစ်ပိုင်မှ ငှက်ပျောသီးများ တင်သွင်းမှုကို ပိတ်ပင်လိုက်သဖြင့် ဖိလစ်ပိုင် တောင်သူများ ဒုက္ခတွေ့ခဲ့ကြရသည်။ တရုတ် စားသုံးသူများ အတွက်မူ မဆိုသလောက်သာ ထိခိုက်ခဲ့ရသည်။

 

အဆိုပါ ပုံစံမျိုးက ယခုထိ ဆက်လက်ရှိနေခဲ့သည်။ မကြာမီက တရုတ်မှ ဩစတေးသျှ အမဲသားကို သပိတ်မှောက်ခဲ့မှု နှင့် Houston Rockets အသင်းအား ပိတ်ပင်ခဲ့မှုများသည် တကယ်တမ်းတွင် ၎င်းတို့အတွက် ပို၍ အရေးပါလှသည့် အခြား ကုန်ပစ္စည်းများကို ထိခိုက်ခဲ့ခြင်း မရှိပေ။ လက်ရှိ ကပ်ဆိုးကြီး ကာလအတွင်း တရုတ်တို့၏ ငါသိငါတတ် လုပ်လိုမှုနှင့် ကမ္ဘာတဝှမ်း ကိုဗစ်-၁၉ ကြောင့် ဗျာများနေသည်ကို အခွင့်ကောင်းယူကာ ၎င်းတို့ စိတ်ကြိုက် ဖန်တီးခွင့် ရလာသည် ဆိုသော အယူအဆများ အပေါ် နောက်ထပ် မီးမောင်းထိုးပြစရာ များ ဖြစ်ပေါ်လာခဲ့သည်။

 

ပြီးခဲ့သည့် လများ အတွင်း တရုတ်တို့ ပို၍ ရန်လိုလာနေမှုကား အထင်အရှားပင် ဖြစ်သည်။ အိန္ဒိယ နယ်ခြားတွင် ရန်စောင်လာနေပြီး ဟောင်ကောင် ကိုလည်း ပြင်းထန်လှသည့် လုံခြုံရေး အက်ဥပဒေကို သွတ်သွင်းရန် ဆုံးဖြတ်လာခဲ့ကြသည်။ ဩစတေးသျှနှင့် အခြား ဥရောပနိုင်ငံများ အားလည်း ကုန်သွယ်ရေး အရ သပိတ်မှောက်လိုက်ကြပြီး တောင်တရုတ် ပင်လယ်အတွင်းရှိ ၎င်းတို့ ပိုင်နက်ဟု ကြေငြာထားသော နေရာများတွင် နိုင်ငံခြား သင်္ဘောများကို နှောက်ယှက် နစ်မြှုပ်ပြစ်ရန်လည်း ဝန်မလေးကြတော့ပေ။

 

ကမ္ဘာတဝှမ်း နိုင်ငံများအဖို့ ဘူမိနိုင်ငံရေး ဖက်တွင် အာရုံများနေသည်ကတော့ အမှန်ပင် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံ အတော်များများက တရုတ်ထံ မှ အသက်ရှူစက်များ ဝယ်ရန် ဆွေးနွေးနေရချိန်မျိုးတွင် ဟောင်ကောင် ကိစ္စနှင့် ပတ်သက်ပြီး ၎င်းတို့အား မည်သို့ အပြစ်ဆို၍ ရနိုင်ပေမည်နည်း။ သို့သော် စီးပွားရေး ဖက်တွင် တော့ တရုတ်တို့ အရေးထားရဖို့ ဖြစ်လာနေသည်။

 

ယခုအခါ ကမ္ဘာတဝှမ်း တရုတ် ကုန်ပစ္စည်းများအပေါ် ဝယ်လိုအား ကျနေပြီး ကုန်စည် ထောက်ပံ့ရေး ကွင်းဆက်များလည်း ပြတ်တောက်လာနေသည်။ ထို့အတွက် စီးပွားရေး ဦးမော့လာစေရန် တရုတ် အာဏာပိုင်များက ပြည်တွင်း ဝယ်လိုအား တက်လာစေရန် အင်နှင့် အားနှင့် လုပ်လာကြသည်။ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ရန် နယ်ခြားဂိတ်များကို ပိတ်ဆို့လိုက်ကြပြီး နိုင်ငံခြားသားများ ဝင်ထွက်မှုကို ဟန့်တားခဲ့ကြသည်။ ယခုအခါ တရုတ် မိဘများသည် သူတို့၏ သားသမီးများကို အမေရိကား၊ ဩစတေးသျှ နှင့် ဥရောပနိုင်ငံများရှိ တက္ကသိုလ်များသို့ ပို့လွှတ်ရန် စဉ်းစားလာနေကြပြီ ဖြစ်သည်။ ဟောင်ကောင်ရှိ နိုင်ငံခြားဘဏ်များအားလည်း ၎င်းတို့၏ အမျိုးသား လုံခြုံရေး ဥပဒေကို ထောက်ခံရန် နှင့် သို့မဟုတ်က အစားထိုး ခံရဖို့ ရှိသည်ဟု ဟိန်းဟောက် ပြောဆိုလာကြသည်။

 

အားလုံးခြုံငုံ သုံးသပ်ကြည့်လျှင် တရုတ်သည် လောလောဆယ်တွင် အခြားနိုင်ငံများအပေါ် အယင်ကလောက် မှီခိုနေစရာ မလိုတော့ဟု ယူဆနေပြီ ဖြစ်သည်။ ထို့အတွက်လည်း ပါဝါ ပြလာခြင်း ပင် ဖြစ်သည်။ အဆိုပါ သုံးသပ်မှု အတိုင်းဆိုက တရုတ်နှင့် စီးပွားရေးတွင် အနည်းငယ်သာ အဆက်အဆံရှိသော နိုင်ငံများ အဖို့ လုံခြုံစိတ်ချစွာ နေ၍ ရမည် မဟုတ်တော့ပေ။ အိန္ဒိယ သည် ယခုအခါ ထိုအကျပ်အတည်း နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ နောက်ပိုင်းတွင်လည်း အိန္ဒိယ လို နိုင်ငံပေါင်း များစွာ ရှိလာနိုင်ပေသည်။

 

(၂၀၂၀၊ ဇွန်လ ၁၈ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ “Why China Bullies” ကို ပြန်ဆိုသည်)