တော်လှန်ရေး အပြီး ပြုပြင်ပြောင်းလဲမှု နှင့် ဘင်္ဂလား‌ဒေ့ရှ်

by Hla Soewai - May 30 2025

၁၆ နှစ်လုံးလုံး ဘင်္ဂလားဒေ့ရှ် သည် "ငလျင်ဒဏ် ကြီး" ကို မရပ်မနား ခံခဲ့ရသည်ဟု မိုဟာမက် ယူနွတ်က ပြောဆိုခဲ့သည်။ ၎င်းသည် နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် နှင့် အသေးစား ချေးငွေ လုပ်ငန်းကို ရှေ့ဆောင် ခဲ့သူ တဦး အဖြစ် ကမ္ဘာက အသိအမှတ်ပြု ခံထားရသူ တဦးလည်း ဖြစ်သည်။

 

ယူနွတ်၏ ငလျင်လှုပ်ခံရသည် ဆိုသည်မှာ ရှိတ် ဟာဆီနာ နှင့် သူမ၏ အဝါမီလိဂ် ပါတီ၏ အာဏာရှင် ဆန်ဆန် အုပ်ချုပ်ခံခဲ့ရသည်ကို ရည်ညွန်းခြင်းဖြစ်သည်။ ဟာစီနာ အစိုးရသည် ၂၀၂၄ ဩဂုတ်လ အတွင်း ပေါ်ပေါက်ခဲ့သော လူထု အုံကြွမှု ကြီး ဖြင့် ပြုတ်ကျသွားခဲ့ပြီ ဖြစ်သည်။

 

ယခုအခါ တိုင်းပြည်၏ ကြားဖြတ် အစိုးရ ခေါင်းဆောင် ဖြစ်လာသည့် ယူနွတ်စ် မှ "ဖျက်ဆီးခဲ့သည် မှန်သမျှ ကို ပြင်ဆင်ဖို့" ကြိုးစားနေသည်ဟု ဆိုသည်။ "ကျွန်တော်တို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ် လျှောက်နေပြီ၊ လူထု ကလည်း ကျွန်တော်တို့ နဲ့ အတူ ရှိနေလို့ မျှော်လင့်ချက်တွေ ရှိလာနေပြီ" လို့လည်း ထပ်ပြောသွားခဲ့သည်။

 

ထိုသို့ အကောင်းဖက်က ရှုမြင်နိုင်ဖို့ ယခုအခါ လိုအပ်လာခဲ့သည်။ ရှိတ် ဟာစီနာ ပြုတ်ကျသွားခဲ့မှု နှင့် အတူ သူမ အစိုးရ ၏ အလွန်အကျွံ လုပ်ရပ်များ ဗူးပေါ်သလို ဆင့်ကာဆင့်ကာ ပေါ်ထွက်လာနေသည်။

 

ယမန်နှစ်အတွင်း ထွက်ပေါ်ခဲ့သော စက္ကူဖြူ စာတမ်းတွင် သူမ အုပ်ချုပ်ခဲ့စဉ် ကာလ အတွင်း တနှစ်လျင် တိုင်းပြည် ဘဏ္ဍာငွေများထဲမှ ဒေါ်လာ ၁၆ ဘီလီယံ ခန့် ခိုးယူခံနေခဲ့ရသည်ဟု ပါရှိလာခဲ့သည်။ရှိတ် ဟာဆီနာ အားလည်း လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ လူမျိုးရေး သုတ်သင်မှု အစရှိသည့် အမှုပေါင်း များစွာ နှင့် စွဲဆိုထားသည်၊ သူမ ကတော့ စွဲဆိုထားသည့် အမှု များကို ငြင်းဆိုထားသည်။

 

နိုင်ငံရေး ပါတီများ အားလုံးက ထိုကဲ့သို့ အာဏာ ကို အလွဲသုံးစားမှု များ နောက်တကြိမ် ပြန်မပေါ်ပေါက်လာစေရေး အတွက် ဒီမိုကရေစီ ကျကျ ပြုပြင်ပြောင်းလဲမှု များ ပြုလုပ်ရန် တောင်းဆိုလာခဲ့ကြသည်။ သို့သော် တော်လှန်ရေး ကြီး အပြီး ကိုးလ ကြာလာသော်လည်း ပြုပြင်ပြောင်းလဲနိုင်ရေး အတွက် အခက်အခဲများ တွေ့လာရသည်။

 

ထိုလုပ်ငန်းစဉ်များကို အိန္ဒိယ သို့ ရှိတ် ဟာစီနာ ထွက်ပြေးသွားလျှင် သွားခြင်း စတင်လာခဲ့ခြင်းလည်း ဖြစ်သည်။ စက်တင်ဘာလ မှာပင် ယူနွတ်စ်သည် ‌ရွေးကောက်ပွဲ၊ တရားရေး၊ ဖွဲ့စည်းပုံ အပါအဝင် နယ်ပယ် အသီးသီးတွင် ပြုပြင် ပြောင်းလဲ နိုင်ရေး အတွက် ကော်မရှင်များ ဖွဲ့စည်း ပေးလာခဲ့သည်။ ထိုကော်မရှင်များတွင် လူမှု အဖွဲ့အစည်းများမှ ကျွမ်းကျင်သူများ၊ တတ်သိပညာရှင်များ ပါဝင်လာခဲ့သည်။

 

ထိုကော်မရှင် များ မှ တင်သွင်းလာသော စာတမ်းများကို အသေးစိတ် လေ့လာနိုင်ရန် အမျိုးသား သဘောမျှတရေး ‌ကော်မရှင် ဆိုကာ ထပ်မံ ဖွဲ့စည်း ခဲ့ပြန်သည်။ စုစုပေါင်း ၁၆၆ ခု ရှိသည့် တင်ပြလာသည်များကို စုစည်းပြီး နိုင်ငံရေး ပါတီ ၃၅ ပါတီမှ ပံ့ပိုးကူညီထားသည့် spreadsheet နှင့် အကွက်ချ ထည့်သွင်းပေးခဲ့သည်။

 

ယူနွတ်စ်က အမျိုးသား သဘောမျှတရေး ကော်မရှင်သည် နိုင်ငံရေး ပါတီ များ အားလုံး နှင့် ပူပေါင်းပြီး ရွေးကောက်ပွဲ ကျင်းပကာ "ဘင်္ဂလား‌ဒေ့ရှ် နိုင်ငံသစ်"ဆီ ဦးတည်မည့် "ဇူလိုင် ပဋိညာဉ်" ကို ဖေါ်ဆောင်သွားမည်ဟု ပြောခဲ့သည်။

 

သဘောတူညီမှု ရရှိရေးက အခက်အခဲများ ရှိလာခဲ့သည်၊ ပထမဦးစွာ နိုင်ငံရေး သမားများ နှင့် လူထုက မည်သို့သော် ကော်မရှင်မျိုး ရှိသင့်သည် ဆိုသည့် အပေါ် သ‌ဘောကွဲလွဲလာခဲ့သည်။ အချို့က ဘင်္ဂလားဒေ့ရှ် စီးပွားရေး၏ ပင်မ ဒေါက်တိုင်ကြီး ဖြစ်သော အထည်အလိပ် လုပ်ငန်း နှင့် ပတ်သက်၍ ရှိသင့်သည်ဟု မကျေမနပ် ပြောဆိုခဲ့ကြပြီး အချို့ကလည်း ပညာရေး ကို အလေးပေးခြင်း မရှိဟု ဆိုလာသည်။

 

အကြီးအကျယ် အငြင်းပွားမှု ဖြစ်လာခဲ့ရသည်က နောက်ကျမှ ဖွဲ့စည်း ပေးလာသည့် အမျိုးသမီးရေးရာ ပြုပြင်ပြောင်းလဲရေး ကော်မရှင် ပင် ဖြစ်သည်။ ထိုကော်မရှင်မှ အမျိုးသမီးများ ၏ အခွင့်အရေး များ ပိုမိုရရှိရေး အတွက် အစ္စလမ် အမွေဆက်ခံရေး ဥပဒေကို ပြောင်းလဲရန် အကြံပြုလာခဲ့၍ အစ္စလမ်မစ် ပါတီများ ဦးဆောင်၍ လူထု ကန့်ကွက် ဆန္ဒ ပြပွဲများ ထွက်ပေါ်လာခဲ့သည်။

 

ထိုသို့ အခက်အခဲများ ရှိလာသော်လည်း ပြုပြင် ပြောင်းလဲရေး နှင့် ပတ်သက်၍ လွတ်လပ်စွာ တရားစီရင် နိုင်ရေး အတွက် ဗဟိုတရားရုံးချုပ် တရားသူကြီးများ ခန့်အပ် နိုင်ခဲ့သည်။ ဩဂုတ်လ တွင် ဇူလိုင် ပဋိညာဉ် ကို အပြီးသတ် နိုင်လိမ့်မည်ဟု ယုံကြည်လျက် ရှိသည်။ ထိုသို့ ဖြစ်လာမည် ဆိုက ဒီဇင်ဘာလ အစောဆုံးထား၍ ရွေးကောက်ပွဲ ပြုလုပ်ပေးနိုင်မည် ဖြစ်သည်။

 

ယူနွတ်စ် ကမူ ရွေးကောက်ပွဲ ကို ၂၀၂၆ ဇွန်လ ထက် နောက်မကျစေပဲ ကျင်းပပေးမည်၊ ၎င်းလည်း ဝင်ရောက် အရွေးခံမည် မဟုတ်ဟု ပြောလာသည်။ ရွေးကောက်ပွဲ နှောင့်နှေးပါက ပေးဆပ်ရမည့် အဖိုးအခ များ ရှိလာသည်။

 

ကြားဖြတ် အစိုးရသည် ဈေးနှုန်းများ နှင့် ဘဏ်လုပ်ငန်းများ တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့သော်လည်း စီးပွားရေး တိုးတက်မှု တွင် အားပျော့နေဆဲ ဖြစ်သည်။ နိုင်ငံရေး ‌အခြေအနေများကလည်း ထိလွယ်ရှလွယ် ဖြစ်နေဆဲပင်၊ စစ်တမ်းကောက်ယူမှု များအရ ၆၀ ရာနှုန်းသည် အစိုးရ အပြောင်းအလဲ ဖြစ်ပြီး နောက်ပိုင်းတွင် တရားဥပ‌ဒေ စိုးမိုးရေး ဖက်တွင် တိုးတက်မှု မရှိသေးဟု ဖြေဆိုခဲ့သည်ဟု သိရသည်။ လမ်းပေါ် ဆန္ဒပြပွဲများက ပုံမှန်လို ဖြစ်လာနေသည်။

 

ဆန္ဒပြသူများ အဓိက တောင်းဆိုနေသည့် အချက်သည် ယခင် အာဏာရ အဝါမီလိဂ် ပါတီကို လက်စား ချေ အရေးယူရေးပင် ဖြစ်သည်။ မေလ ၁၂ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်သည် အဝါမီလိဂ် ၏ ပါတီ မှတ်ပုံတင်ကို ရပ်ဆိုင်းပစ်ခဲ့ပြီးရွေးကောက်ပွဲ ဝင်ရောက်ယှဉ် ပြိုင်ခြင်းကို ပိတ်ပင်ခဲ့သည်။

 

ပါတီအား ရွံရှာ မုန်းတီးမှု များ ရှိနေသော်လည်း ထောက်ခံသူများလည်း ရှိနေသည်။ ထို့အတွက် အဝါမီလိဂ် သည် အာဏာ လက်လွှတ် ဖြစ်နေသော်လည်း နိုင်ငံတဝှမ်း တုန်ခါသွားအောင် ဆွဲကိုင် လှုပ်ရမ်းနိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။

 

(၂၀၂၅ မေလ ၁၅ ရက်နေ့ ထုတ် အီကောနော်မစ် တွင် ပါရှိသည့် "After the revolution, Bangladesh is hoping to reform" ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။)