တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားနေသည့် ဗန်းမော် မြို့ အနီး ပျံသန်းနေသော စစ်ကောင်စီ ၏ ရဟတ်ယာဉ် နှစ်စီးကို ကချင် လွတ်လပ်ရေး တပ်ဖွဲ့မှ လေယာဉ်ပစ် လက်နက်များ ဖြင့် ပစ်ချ ခဲ့ရာ ရဟတ်ယာဉ် တစီးသည် ပျက်ကျသွားပြီး တစီးသည် အရေးပေါ် ထိုးစင်းခဲ့ရသည်ဟု သိရသည်။
နေ့လည် တနာရီ ခန့်တွင် ရဟတ်ယာဉ် သုံးစီးသည် ဗန်းမော်မြို့ရှိ စကခ (၂၁) သို့ ဆင်းရန် ချဉ်းကပ်လာစဉ်တွင် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ဝင်များ နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ မှ ဝိုင်းဝန်း ပစ်ခတ်ခဲ့ကြသည်။
ရဟတ်ယာဉ် နှစ်စီးကို တိုက်ရိုက်ထိမှန်သွားခဲ့ပြီး တစီးသည် ဗန်းမော် နှင့် ရွှေကူ မြို့အကြား၊ ရွှေကူ နှင့် ၁၄ မိုင်အကွာ တောအုပ်တွင်း သို့ ပျက်ကျသွားပြီး ကျန်တစီးသည် ချက်ခြင်းလို အနီးအနားသို့ အရေး ပေါ် ထိုးစင်းသွားခဲ့ရသည်ဟု ကချင် လွတ်လပ်ရေး တပ် ပြောခွင့်ရ ဗိုလ်မှုးကြီး နော်ဘူးက အတည်ပြု ပြောဆိုလိုက်ပြီ ဖြစ်သည်။ ပျက်ကျသွား သော ရဟတ်ယာဉ်မှ လေယာဉ်မှုး ဗိုလ်ကြီး မျိုးထက်အောင် ရုပ်အလောင်းကို လည်း ရှာဖွေ တွေ့ရှိခဲ့ကြသည်။
၎င်းတို့ ထိုးဆင်းသွားသည့် နေရာသည် တော်လှန်ရေး တပ်များ၏ ထိန်းချုပ် နယ်မြေများ အတွင်း ဖြစ်နေ၍ အခြေအနေ မဟန်ဘဲ ပိုင်းလော့ သေဆုံးသွားနိုင်ဖွယ် ရှိသည်ဟု ရှေ့တန်း သတင်း ရပ်ကွက်များက ခန့်မှန်းနေကြသည်။
တတိယ တစင်းအား ထိမှန်ခဲ့ခြင်း မရှိ၍ အကောင်းပကတိ ဆက်၍ ပျံသန်းသွားသည်ဟု ဆိုသည်။
နောက်ထပ် ရရှိသော သတင်းများအရ တော်လှန် ရေး အဖွဲ့များသည် ထိုးဆင်းသွားသည့် နေရာ သို့ သွား ရောက်၍ ပစ်ခတ် ဖျက်ဆီးပစ်ခဲ့ကြသည်ဟု သိရသည်။
စစ်ကောင်စီ ၏ သတင်း အလိမ်အညာများကမူ စက် ချို့ယွင်း၍ ပျက်ကျသွားသည်ဟု ဆိုသည်။ သို့သော် ဗီဒီယို ဖိုင်တွင် လက်နက်ကြီး ထိမှန် ပျက်စီးသွားသည့် ရဟတ်ယာဉ်၏ ဒလက်ကို အထင်အရှား တွေ့နေရသည်။
ကေအိုင်အေ၊ ကချင် ပီဒီအက်ဖ်၊ အာရက္ခတပ်များ ပူးပေါင်း၍ ဒီဇင်ဘာလ မှ စပြီး ဗန်းမော်ကို သိမ်းပိုက်နိုင်ရန် စတင် ထိုးစစ် ဆင် နေကြခြင်း ဖြစ်သည်။
စစ်ကောင်စီ တပ်များသည် မြို့တွင်းရှိ နေရာအများအပြားကို နှင့် အနီးပတ်ဝန်းကျင်ရှိ စခန်းများ လက်လွှတ် ဆုတ်ခွာ ထွက်ပြေးသွားခဲ့ရပြီ ဖြစ်သည်။
၎င်းတို့မှ ရုရှား၊ တရုတ်တို့မှ ရရှိသော နောက်ဆုံး ပေါ်အနီအောက် ရောင်ခြည်သုံး ညကြည့် ဒရုန်းများ၊ လေကြောင်းပစ်ကူများ၊ စစ်ကူ ရိက္ခာများဖြင့် ဆက်လက်၍ ခုခံနေကြဆဲ ဖြစ်သည်။
တရုတ်ကလည်း လားရှိုးကျသွားပြီးနောက် ဒရုန်းများကို လိုသလောက် ရောင်းချပေးလာခဲ့သည်ဟု South China morning Post သတင်းစာတွင် ရေးသားထားသည်။
ပြည်သူ့ ဘက် တော်သား တော်လှန်ရေး တပ်များ နှင့် ပြည်သူများသည် တိုက်လေယာဉ်များ အပြင် နောက်ဆုံးပေါ် စစ်ဖက်သုံး ဒရုန်း အန္တရာယ်နှင့် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။
ကချင် လွတ်လပ်ရေး တပ်များသည် ၂၀၂၁ မေလတွင် မိုးမောက်တွင် တကြိမ်၊ ၂၀၂၄ ဇန်နဝါရီ တွင် ကွတ်ခိုင်ဖက်တွင် တကြိမ် ရဟတ်ယာဉ်များကို ပစ်ချနိုင်ခဲ့ပြီး ဖြစ်သည်။
ကရင်နီ တော်လှန်ရေး အဖွဲ့များကလည်း ၂၀၂၃ ဇူလိုင် နှင့် နိုဝင်ဘာလ များ အတွင်း ဘော်လခဲ နှင့် ဖရူးဆိုး မြို့နယ်အတွင်း စစ်ကောင်စီ ရဟတ်ယာဉ် များကို နှစ်ကြိမ်တိုင် ပစ်ချနိုင်ခဲ့ပြီး ဗိုလ်မှုး အဆင့်ရှိသူ ပိုင်းလော့အား အရှင်ဖမ်းဆီး ရမိခဲ့သည်။
အာရက္ခတပ်မှလည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ချဉ်းကပ်လာသော ရဟတ်ယာဉ် အား ၂၀၂၄ နိုဝင်ဘာလ အတွင်း ပစ်ချခဲ့၍ မကွေးဖက်တွင် အရေးပေါ် ထိုးဆင်းသွားခဲ့ရသည်။
ကရင် အမျိုးသား လွတ်မြောက်ရေးတပ်သည် တနင်္လာနေ့တွင် ဖားအံမြို့နယ် အတွင်း ထိုင်း-မြန်မာ နယ်စပ် အနီးရှိ နာမည်ကျော် မောဖိုးကေ စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းမှ ခြေဦးတည့်ရာ စွန့်ခွာ ထွက်ပြေးသွားသော စစ်ကောင်စီ တပ်သားများ အနက် ၂၇ ဦးသည် ထိုင်းဖက်သို့ ရောက်ရှိလာသည်ဟု ထိုင်း အာဏာပိုင်များက အတည်ပြု ပြောကြားခဲ့သည်။
မော်ဖိုးကေအား ဗိုလ်နေဝင်း တပ်များက ၁၉၈၁ ခု နှစ် အတွင်း သိမ်းယူခဲ့သည်ဟု သိရသည်။
ယနေ့ အီကောနော်မစ် မဂ္ဂဇင်းကြီးမှ ဆွီဒင် နိုင်ငံ စတော့ဟုမ်း တွင် အခြေစိုက်သည့် SIPRI အဖွဲ့ကြီး၏ နိုင်ငံ အလိုက် စစ် အသုံးစရိတ်ကို ထုတ်ပြန် ချက်ကို ဖေါ်ပြရာတွင် မြန်မာ စစ်တပ်မှ ၂၀၂၄ တွင် ဒေါ်လာ ၅.၀၁ ဘီလီယံ သုံးစွဲခဲ့သည်ဟု ဈေးကွက် တွင် ပေါက်သည့် ငွေလဲနှုန်းကို အခြေခံ၍ ဖေါ်ပြထားသည်။ GDP ၏ ၆.၇၉ ရာနှုန်း ရှိနေသည်။
မင်းအောင်လှိုင်သည် စစ်စရိတ်ကို ဒေါ်လာ သန်းပေါင်း ၅,၀၀၀ ကျော် သုံးစွဲခဲ့သော်လည်း ၎င်းတို့ တင်းပြည့်ကျပ်ပြေ့ ထိန်းချုပ် နိုင်သည်ဟူ၍ ကောင်းကင်ယံသာ ရှိတော့သည်။ တနိင်ငံလုံးလည်း မီးအား တနေ့လျင် နာရီ ပိုင်းသာ ခွဲတမ်းနှင့် ပေးနိုင်တော့သည်။
ရုရှား ရောက်ခိုက် ရုရှား RT သတင်းဌာန နှင့် အင်တာဗျူးတွင် မင်းအောင်လှိုင်မှ ယခုထိ မြေငလျင် အတွက် အမေရိကန်မှ ပေးမည် ဆိုသော ဒေါ်လာ ၉ သန်း မရသေးဟု ငြည်းညူ သွားရှာသည်။
အာဆီယံ မှ နောက်အပတ် အတွင်း ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်မီ မြန်မာ ပြည်တွင်းစစ် အရေး အတွက် သီးသန့် အစည်းအဝေး နှစ်ခု ပြုလုပ်သွားမည်ဟု အဖွဲ့၏ အတွင်းရေး မှုး ချုပ်က အသိပေး ပြောဆိုသွားခဲ့သည်။
သို့သော် အာဆီယံသည် စစ်အုပ်စု မှ ပြည်သူများ အပေါ် ကျူးလွန်နေသော အကြမ်းဖက် လုပ်ရပ်များကို အသိအမှတ် မပြုမချင်း လူထု မှ ၎င်းတို့၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှု များကို ဖုတ်လေသည့် ငပိ ရှိမည် ဟု ပင် မထင်၊ နှစ်ဖက်စလုံး က ၎င်းတို့အား သံတမန်ရေး အရ အသိအမှတ် ပြုသည် ဆိုသည့် အနေအထား မျိုး နှင့်သာ ပြောဆိုကြမည် ဖြစ်သည်။
မလေးရှား ဝန်ကြီးချုပ်၏ မနေ့က ပြောဆိုမှု များ ကို ကြည့်က မြေပြင် အခြေအနေများကို ဘူးလုံး နား မထွင်း ဖြစ်နေသည်ကို တွေ့ရသည်။
၎င်းက မကြာမီ က ဖြစ်ပေါ် လာမှု များကို ကြည့်က သိသိသာသာ တိုးတက်မှု များ တွေ့လာရသည်ဟု အချက် သုံးချက် ဖြင့် ပြောဆိုသွားသည်။
နံပတ် တစ် သည် သက်ဆိုင်သူ အားလုံး နှင့် ထိတွေ့ ဆက်ဆံနိုင်ခဲ့သည်၊ နံပတ် နှစ်သည် အပစ်အခတ် ရပ်စဲရေး ရရှိအောင် လုပ်နိုင်ခဲ့သည်။ နံပတ် သုံး ငလျင် ဒဏ်အတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ မည်သူက ထိန်းချုပ်ထားသည် ဖြစ်စေ ဒေသအားလုံးကို ပို့ပေးနိုင်ခဲ့သည် ဟု ၎င်း၏ ထင်မြင်ချက်ကို ပံ့ပိုးပေးသွားခဲ့သည်။
ကိုယ့်ဘာသာ ပြော၊ ကိုယ့်ဘာသာ ထောက်ခံ ပြောဆိုနေခြင်းမျိုး သာ ဖြစ်ပေသည်။
ထို့အတွက်လည်း ဒေသတွင်း နှင့် နိုင်ငံတကာရှိ လူမှု အဖွဲ့ အစည်း ၂၈၅ ဖွဲ့မှ လက်မှတ်ထိုးကာ ဥက္ကဌ မလေးရှား ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင် နိုင်ငံ ခေါင်း ဆောင် များသို့ အိပ်ဖွင့် ပေးစာ ပေးပို့လိုက်ပြီး ဥက္ကဌ အနေဖြင့် သီလကြောင် လုပ်ရပ်များ ရှောင်ရှားပြီး မူအရ ဆောင်ရွက် ရန် တိုက်တွန်းထားသည်။
ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!