ပြည်တွင်းရေး ကြောင့် ဂျပန်သို့ ထွက်လာကြရသော မြန်မာ များ

by Hla Soewai - May 30 2025

အထက်ပါ ခေါင်းစဉ် ဖြင့် နစ်ကီ အေးရှား ရီဗြူးတွင် ရေးသားထားသော ဆောင်းပါး ဖြစ်သည်။

 

၂၀၂၁ စစ်အာဏာ သိမ်း ပြီးနောက် မြန်မာ လူငယ်များ အလုပ်သမား အင်အား အလွန်အမင်း လိုအပ်နေသော ဂျပန်သို့ တဖွဲဖွဲ ရောက်ရှိလာနေကြသည်။

 

ပြီးခဲ့သည့် နှစ် အတွင်း ဂျပန်တွင် ရောက်ရှိ‌ နေသည့် မြန်မာ အရေအတွက် သည် ကျောင်းသားများ အပါအဝင် ၆၀ ရာခိုင်နှုန်း နီးပါးအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထို့အတွက် ဂျပန် ၏ စက်မှု လုပ်ငန်းများ နှင့် သက်ကြီး ‌ပြုစု စောင့်ရှောက်ရေး တို့ အတွက် မရှိမဖြစ် လိုအပ်လာနေသည့် အလုပ်သမား အင်အား ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ ယင်းသည် ဂျပန်မှ ပြည်ပ အလုပ်သမားများကို လက်ခံလာသည့် မူဝါဒ အပြောင်းအလဲကိုလည်း ထင်ဟပ်ပြလိုက်ခြင်းလည်း ဖြစ်သည်။

 

တိုကျို မြိုလည် ပိုင်းရှိ လောဆန် ကုန်မျိုးစုံ စတိုးဆိုင်တွင် အချိန်ပိုင်း လုပိကိုင်နေသည့် အသက် ၂၅ နှစ် အရွယ်ရှိ ကိုအောင်ကျော်ကျော်သည် မြန်မာတွင် စီးပွားရေး ကျဆင်းလာမှု နှင့် ၎င်းကိုယ်တိုင်လည်း ဂျပန် ကာတွန်း ရုပ်ရှင်ကို နှစ်ခြိုက်အားပေးသူ ဖြစ်၍ ရောက်လာခဲ့ခြင်း ဖြစ်သည်ဟု ပြောပြခဲ့သည်။ ၎င်းသည် ဂျပန်သို့ ယမန်နှစ်က ရောက်လာခဲ့သူ ဖြစ်ပြီး စတိုးဆိုင် တွင် တပတ် သုံးရက် လုပ်ကိုင်နေရင်း ဂျပန်ဘာသာ သင်တန်းကို တက်ရောက်သင်ယူနေသူ ဖြစ်သည်။

 

နိုင်ငံ တဝှမ်းရှိ လောဆန် စတိုးဆိုင်ကြီးတွင် အချိန်ပိုင်း ဝင်ရောက်လုပ်ကိုင်နေသော နိုင်ငံခြားသား ဦးရေသည် တဖြေးဖြေး များပြားလျက် ရှိနေပြီး ပြီးခဲ့သည့် နိုဝင်ဘာ လ အထိ ၁၄ ရာနှုန်း အထိ ဖြစ်လာသည်။ ထိုအထဲတွင် မြန်မာ အလုပ်သမား ဦးရေသည် ၂,၀၀၀ ပတ်ဝန်းကျင် ရှိလာပြီး နိုင်ငံခြားသား အလုပ်သမား များထဲတွင် ဆဌမ မြောက် ဖြစ်လာသည်။

 

ယမန်နှစ်ကုန်အထိ ဂျပန်တွင် နေထိုင်နေသော မြန်မာ ဦးရေသည် ၁၃၄,၅၇၄ ‌ရှိနေပြီး တမြန်နှစ်ကထက် ၅၅.၅ ရာနှုန်း များပြားလာခဲ့သည်။ ပြီးခဲ့သည့် ဆယ်စုနှစ် နှင့် နှိုင်းစာလျင် ၁၃ ဆ ရှိလာသည်။

 

သို့သော် မြန်မာသည် နိုင်ငံခြားသား ဦးရေ တွင် ၃.၆ ရာနှုန်းသာ ရှိသေးသည်။ သို့သော် ဝင်ရောက်လာသည့် နှုန်းသည် အခြား နိုင်ငံသားများထက် သာလွန်လျက် ရှိသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အခြား နိုင်ငံသားများ ဝင်ရောက်လာမှု နှင့် ယဉ်လျင် ၈၀ ရာခိုင်နှုန်း ဖြစ်လာခဲ့သည်။

 

တရုတ် နှင့် ဗီယက်နမ်ကဲ့သို့ အခြားအာရှ နိုင်ငံများမှ ဂျပန် ၏ စီးပွားရေး အောင်မြင်မှု နှင့် နိုင်ငံရေး တည်ငြိမ်မှု များကြောင့် ရောက်လာကြသော်လည်းမြန်မာ လူငယ်များကမူ ၂၀၂၁ စစ်တပ် အာဏာသိမ်းခဲ့ရာမှ အစပြုလာခဲ့သည့် ဝရုန်းသုံးကား ဖြစ်လာခဲ့မှုကြောင့် တဖွဲဖွဲ နှင့် ရောက်လာကြခြင်းပင် ဖြစ်သည်။

 

ပြည်တွင်း တွင် ပြည်ပမှ တိုက်ရိုက် ရင်းနှီးမြုပ်နှံမှု ကျဆင်းလာခြင်း နှင့် စီးပွားရေး ကျပ်တည်းလာမှု များကြောင့် ဖြစ်သည်။ အာရှ ဖွံ့ဖြိုးရေး ဘဏ်၏ အဆိုအရ တိုင်းပြည်၏ GDP သည် ၀.၇ ရာနှုန်း ကျုံ့ဝင်သွားခဲ့သည်။ မတ်လ အတွင်း မြေငလျင်ဒဏ် မှ ပြန်လည်နာလံထူ အောင် မလုပ်နိုင်လျင် ပို၍ ပင် ကျပ်တည်းလာဦးမည် လည်း ဖြစ်သည်။

 

မြန်မာ စစ်တပ်မှ ပြီးခဲ့သည့် နှစ်အတွင်း အသက် ၁၈ နှင့် ၃၅ အတွင်း အမျိုးသားများ၊ အသက် ၁၈ နှင့် ၂၇ အတွင်း ရှိ အမျိုးသမီး များကို မဖြစ်မနေ စစ်မှုထမ်းရမည် ဆိုကာ ခေါ်သွင်းလာခဲ့သည့် အတွက် လူငယ်များသည် ဗီဇာ အလွယ်တကူ ရနိုင်သည့် ဂျပန် နှင့် အိမ်နီးချင်း နိုင်ငံများ ဖြစ်သော ထိုင်း၊ စင်္ကာပူ နိုင်ငံများသို့ ထွက်ပြေးလာခဲ့ကြသည်။

 

ဂျပန်တွင် မြန်မာ အများအပြားသည် လုပ်ငန်းခွင်အတွေ့အကြုံမှတစ်ဆင့် လက်တွေ့ကျွမ်းကျင်မှုများရရှိစေရန် ရည်ရွယ်သော နည်းပညာပိုင်းဆိုင်ရာ အလုပ်သင်သင်တန်း အစီအစဉ် အောက်တွင် အလုပ်လုပ်ကိုင်လျက်ရှိသည်။ အချို့ကိုလည်း သတ်မှတ်ထားသော ကျွမ်းကျင်မှု နှင့် လုပ်ငန်းခွင် ဗဟုသုတ များ ရှိပါကလည်း ကျွမ်းကျင် လုပ်သား ဗီဇာ ထုတ်ပေးသည်။

 

အောက်တိုဘာလ စာရင်းဇယားများအရ စက်မှု အလုပ်သင် ၃၃,၈၇၈ ဦး နှင့် ကျွမ်းကျင် အလုပ်သမား ဗီဇာ ကိုင်ဆောင်ထားသူ ၂၁,၉၈၁ ဦး ရှိနေသည်။ မြန်မာသည် အလုပ်သင် အဆင့် တွင် နိုင်ငံ အားလုံးထဲတွင် စတုတ္ထ နေရာတွင် ရှိနေပြီး ကျွမ်းကျင် အလုပ်သမား အုပ်စု တွင် တတိယ နေရာ ယူထားသည်။

 

တိုကျို အနောက်တောင်ဖက် ကာဝါဆာကီ အောက်မေ့ဖွယ် ဆေးရုံ ရှိ မှတ်ဉာဏ် ချို့ယွင်းသူများအား ပြုစု‌ စောင့် ရှောက် ရသည့် အဆောင်တွင် လုပ်ငန်းခွင် သင်တန်းသူ အဖြစ် လုပ်ကိုင်နေသည့် အသက် ၂၇ နှစ် ရှိ မမေသူ အောင် အကြောင်းကိုလည်း ဆောင်းပါးတွင် ဖေါ်ပြထားသည်။

 

သူမသည် ရန်ကုန် ဆင်ခြေဖုံး တနေရာရှိ ဂျပန် နှင့် ဆက်နွယ်နေသော fish processing လုပ်ငန်း တွင် သုံးနှစ်ကျော် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ ထို့နောက် ဂျပန်စာကို တနှစ် ခွဲခန့် သင်ယူခဲ့ပြီး ရောက်ရှိလာသူ ဖြစ်သည်။ သူမသည် ဒီဇင်ဘာလတွင် လူနာ ပြုစုရေး နည်းပညာ လုပ်ငန်းခွင် သင်တန်းသူ အဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ သူမ၏ လုပ်ငန်း နှင့် ပတ်သက်သည့် အသိအမှတ်ပြု လက်မှတ် ရယူပြီး ဂျပန် တွင် အပြီး နေသွားချင်သည်ဟု ဆိုသည်။

 

ကာဝါဆာကီ ဆေးရုံတွင် အခြား မြန်မာ အလုပ်သမား ရှစ်ဦးလည်း ရှိသည်။ မြန်မာ သင်တန်းသူများသည် လူနာများကို စိတ်ရှည်ရှည် နှင့် ကြင်ကြင်နာနာ စောင့်‌ ရှောက်တတ်သူ များ ဖြစ် ၍ ဆေးရုံ အတွက် အဖိုးမဖြတ် နိုင်သူများ ဖြစ်သည်ဟု သူနာပြုဆိုင်ရာ ဒါရိုက်တာက ထုတ်ဖေါ် ပြောဆိုခဲ့သည်။

 

ဂျပန်သည် သက်ကြီးရွယ်အို များပြားလာမှု နှင့် မွေးဖွား နှုန်း ကျဆင်းလာနေ၍ မြန်မာမှ အလုပ်သမား များသည် ဂျပန် ရှိ လုပ်ငန်းများ အတွက် မရှိမဖြစ် လိုအပ်လာသည်။ အခြား အာရှ နိုင်ငံများလည်း စီးပွားရေး တိုးတက်လာနေကြ၍ ဂျပန်သည် ယခင်ကလို အလုပ်သမားများကို ဆွဲဆောင်နိုင်စွမ်း မရှိ ဖြစ်လာနေသည်။

 

၂၀၁၀ အကျော်ပိုင်း နှစ်များတွင် ဂျပန် ကုမ္ပဏီ များသည် မြန်မာ အား "အာရှ၏ နောက်ဆုံးလက်ကျန် နယ်မြေ" အဖြစ် သတ်မှတ်ကာ စီးပွားရေး တိုးချဲ့လာခဲ့ကြသည်။ ဂျပန်ဘာသာ သင်ကြားရေး ပိုင်းတွင်လည်း ထိထိရောက်ရောက် ရင်းနှီး မြုပ်နှံပံ့ပိုးပေး လာခဲ့သည်။

 

ဂျပန် အနောက်ပိုင်း ဟွိုင်ဂျို ခရိုင်ရှိ ပလပ်စတစ်မိုလ် လုပ်ငန်း တခု ဖြစ်သည့် Fuyuya Industrial အကြီးအကဲ တိုရှီတာမီ ဖူယူရားသည် ရန်ကုန်သို့ တနှစ်လျင် သုံးလေး ကြိမ်မက သွားပြီး အလုပ်သမား များကို ကိုယ်တိုင်ကိုယ်ကျ အင်တာဗျုးပြီး ခေါ်ယူခဲ့သူ ဖြစ်သည်၊ ၎င်း၏ စက်ရုံတွင် အလုပ်သမား ပေါင်း ၁၃၂ ဦး ရှိသည့် အနက် ၃၂ ဦးသည် မြန်မာမှ ဖြစ်သည်။ (ပုံတွင်ရှု) ယခင်က ဗီယက်နမ် အလုပ်သမားများကို ဌားရမ်းခဲ့သော်လည်း ဗီယက်နမ်တွင် လုပ်ခ‌နှုန်းထားများ မြင့်တက်လာမှုကြောင့် ငှားရမ်းရ ခက်လာ၍ ၂၀၁၉ မှစ၍ မြန်မာ အလုပ်သမားများကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

 

ဟွိုင်ဂျို ခရိုင်မှာပင် ရှိ‌ နေ သည့် ကပ်ထူပုံးများ ထုတ်လုပ်နေသည့် ကမ်ဇာကီ ထုတ်ပိုးရေး လုပ်ငန်းတွင် မြန်မာ အလုပ်သမား ၅၄ ဦး ရှိနေပြီး နှစ်စဉ်လို ဆယ်ဦး ခန့် ခေါ်ယူလျက်ရှိသည်။ 

 

မြန်မာ၏ ပြည်တွင်းရေး ဝရုန်းသုန်းကား ဖြစ်နေမှုသည် တော်တော်နှင့် ပြေလည်မည့် အလားအလာ မရှိ၍ ဂျပန် ရှိ လုပ်ငန်းများ အတွက် အလုပ်သမား များ ရရာရကြောင်း နေရာတခု ဖြစ်လာနေသည်။

 

ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!