နိုင်ငံ တဝှမ်း တွင် စစ်ရေး လှုပ်ရှား မှူ အရှိန်အဟုန် များ အား နှစ်ဖက်စလုံး မှ စတင် အရှိန် မြှင့်တင်လာနေပြီ ဖြစ်သည်။
အမျိုးသား ညီညွတ်ရေး အစိုးရမှ ကြေညာထားပြီး ဖြစ်သည့် အထွေထွေ ထိုးစစ်ကြီး ဖြစ်လာပါက ပြည်သူများ တတ်နိုင်သည့် ဖက်မှ ပါဝင်ကြပါရန် ၈၈ မျိုးဆက် ခေါင်းဆောင် ဦးမင်းကိုနိုင် ၏ တိုက်တွန်းချက် ထွက်ပေါ်လာခဲ့သည်။
ပြည်သူ့ ဘက် တော်သား တော်လှန်ရေး အဖွဲ့များသည် လည်း ကချင်၊ ရခိုင်၊ ကရင် နှင့် နိုင်ငံ အလယ်ပိုင်း တွင် အရှိန်မြှင့် တိုက်ခိုက်နေပြီ ဖြစ်သည်။
မေလ ၁၈ ရက်နေ့ မနက် ၁ နာရီ ၄၈ မိနစ်တွင်တောင်ငူမြို့၊ ကေတုမတီလေ တပ် စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၈ လုံးအေင်မြင်စွာ ကျရောက် ပေါက်ကွဲခဲ့ပြီး လေတပ်အရာရှိ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ ၂ ဦး၊ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦး၊ လေအုပ် အပါအဝင် အခြားအဆင့်စစ်သည် ၆ ဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး များအားသင်တန်းများပေးနေသည့် စစ်ကောင်စီ၏ တန်းမြှင့်တိုက်ခိုက်ရေးသင်တန်းကျောင်းအား ယနေ့ နံနက် ၇ နာရီ မိနစ်၂၀ တွင် ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်သည့်အနက် ၄ လုံးအောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း Brave Warriors For Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်လာသည်။
ထို့အပြင် Jet Fighter လေယာဉ် ၂ စီး ၊ Y-8 လေယာဉ် ၁ စီးတို့ ထိခိုက်ပျက်စီးခဲ့ပြီး လေတပ်အတွင်းရှိ ဒရုန်းဂိုဒေါင်မီး လောင်ပျက်စီးကာ လေတပ်အတွင်းပစ္စည်းသယ်ပို့လုပ်ပေးနေသော ယာဉ်အချို့၊ လေတပ်အတွင်းရှိ လေတပ်စစ်သည်များ နားနေဆောင် ၁ လုံး ၊ လေယာဉ်အပိုပစ္စည်းဂိုဒေါင် ၂ လုံးတို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း ၎င်းတို့ စုံစမ်း အတည်ပြု နိုင်ခဲ့သည် များ အား ပူးပေါင်းတိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် Brave Warriors for Myanmar (BWM) မှ ခေတ်သစ် သတင်းဌာနကို အတည်ပြု ပြောဆိုခဲ့သည်။
ရခိုင် တပ်တော်သည်လည်း ရခိုင်ရိုးမ ကို ကျော်၍ ဧရာဝတီ တိုင်း အတွင်း ထိုးစစ်ကို တိုးမြှင့်လာရာ တိုက်ပွဲများသည် အင်္ဂပူ မြို့နယ် ကွင်းကောက် ကျေးရွာ အထိ ရောက်ရှိလာပြီ ဖြစ်သည်။ လေးမျက်နှာ မြို့နယ် အတွင်းရှိ ကျေးရွာ အများအပြား ကို သိမ်းပိုက်ထားပြီး ဖြစ်သည်။
AA နှင့် PDF ပူးပေါင်းတပ်များသည် ရခိုင်ရိုးမ တလျောက် ခြေကုပ်ယူထားပြီး ဖြစ်၍ ကြံ့ခင်း၊ မြန်အောင်သွား လမ်းများကို ခြိမ်းခြောက်လာပြီ ဖြစ်သည်။ ပုသိမ်-မုံရွာ လမ်းတလျောက်လည်း တနေ့ ဆယ်မိုင် နှုန်းဖြင့် နယ်မြေ စိုးမိုးမှု ရနေပြီဟု ဒေသခံများက မြန်မာနောင်းကို ပြောပြခဲ့ကြသည်။
ရေကြည်၊ ငါးသိုင်းချောင်း၊ သာပေါင်း၊ လေးမျက်နှာ၊ အင်္ဂပူ၊ မြန်အောင် မြို့များအထိ ထိုးစစ် ဆင်လာနေပြီ ဖြစ်သည်။
ကချင်ပြည်နယ်၊ ဖားကန့် -နန့်ယား -ကာမိုင်းလမ်းပိုင်းရှိ တံတားညီနောင်အနီး KIA-PDF ပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတပ် အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က သေတဲ့သူတွေ ဒဏ်ရာရ တဲ့သူ များပြားနေပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိ ထားသည်ဟု သိရသည်။
ထိုင်း-မြန်မာနယ်စပ်၊ စစ်ကောင်စီ၏ မော်ဖိုးကေစခန်းအား KNLA ပူးပေါင်းတပ်များက စတင်တိုက်ခိုက်နေပြီး ပြည်သူ ၁၀၀ ဝန်းကျင် ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးတိမ်းရှောင်ရနေရသည်ဟု ဆိုသည်။
မင်းအောင်လှိုင်သည် တရုတ် သမ္မတ ရှီကျင့်ပင် နှင့် တွေ့ခွင့် ရသွားခဲ့ပြီ ဖြစ်၍ ၎င်းတို့ အကြား ခေါင်းမော့ ရင်ကော့ ဖြစ်လာပုံရပြီး မေလ ၁၂ ရက်နေ့မှ စတင်ကာ စစ်တိုင်းမှုးများ၊ နေပြည်တော်ရှိ စစ်ဗိုလ်ချုပ် များ နှင့် ဆက်တိုက် ဆိုသလို ခေါ်ယူ စည်းဝေး နေပြီ ဖြစ်သည်။
ရွေးကောက်ပွဲ အား လည်း ဒီဇင်ဘာ တတိယ နှင့် စတုတ္ထ ပတ်၊ ဇန်နဝါရီ ပထမ နှင့် ဒုတိယ ပတ်များ တွင် လေးသုတ်ခွဲ၍ ပြုလုပ်မည် ဖြစ်သည်ဟု သိရသည်။ အတည်မပြု နိုင်သေးသော သတင်းများအရ ဇူလိုင် လ သက်တမ်းတိုးရမည့် အချိန်တွင် "ကြားကာလ အစိုးရ" အဖြစ် အမည်ပြောင်းဖို့ပင် ရှိနေသည်ဟု သိရသည်။
ရွေးကောက်ပွဲ နှင့် ပတ်သက်၍ မဲဆန္ဒ နယ်မြေများ မည်သို့ မည်ပုံ သတ်မှတ်မည် အစရှိသည့် လုပ်ထုံး လုပ်နည်းများကို ကြေညာခြင်းမျိုး မရှိသေးပေ။
၎င်း၏ ဖဲသုံးချပ် ရွေးကောက်ပွဲတွင် ပါဝင်ကြမည့် ထိုးသားများကလည်း ရွေးကောက်ပွဲ ကို လူထု က သပိတ်မှောက်မည်ကို စိုးရိမ် မကင်း ဖြစ်နေကြောင်း အရိပ်အမြွက် ထုတ်ဖေါ် ပြောဆိုလာကြသည်။ ဤသည်က စစ်တပ် အား လူထုကို မဲရုံထဲ သေနတ်ပြ၍ အတင်းအကျပ် ဆွဲသွင်းဖို့ လိုကြောင်း သတိပေးလိုက်ခြင်းသာ ဖြစ်သည်။ သို့မဟုတ်ပါက ငွေကုန်လူပမ်း ဖြစ်သည်သာ အဖတ်တင် ပေတော့မည်။
သို့သော် ရှမ်း နှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ကတော့ ဒီမိုကရက်တစ်ဟု အမည်ခံထားသော်လည်း ရွေးကောက်ပွဲ တွင် လူတဦး မဲလာပေးလည်း အထမြောက်သည်ဟု ပြောလာခဲ့သည်။
၎င်းတို့ အားလုံးက ရွေးကောက်ပွဲ လုပ်လိုက်သည် နှင့် တိုင်းပြည်၏ နာတာရှည် ရောဂါကြီးသည် နေ့ခြင်းညခြင်း သက်သာသွားမည်ဟု ယူဆနေသည်။ ထိုသို့ ယူဆခြင်းမှာလည်း အကြောင်းများ ရှိနေသည်၊ လူထု၏ စိတ်ထဲတွင် ဒီမိုကရေစီ စနစ် ကြီး ပေါ်ထွန်းလာပါပကော ဟု ဆိုကာ တော်လှန်နေသူ များ အား ကျောခိုင်းလာကြတော့မည်၊ စစ်တပ်ကို ထောက်ခံလာကြမည်၊ ဤသို့ဖြင့် လူထု ထောက်ခံမှု ကျဆုံးသွားသော တော်လှန်ရေး သည် တဖြေးဖြေး နှင့် မီးဇာကုန် ရေခမ်း ဖြစ်သွားမည်ဟု တွက်ဆထား၍ ဖြစ်သည်။ တရုတ် ကလည်း အခြားနည်းလမ်း မရှိတော့သည့် အတူတူ စမ်းကြည့်သင့်သည်ဟု ခံယူထားသည်။
ကြံ့ဖွတ် မှ လွဲ၍ ကျန် ၅၅ ပါတီ သည် ရွေးကောက်ပွဲ မှ တဆင့် တိုင်းပြည်အာဏာ ကို ရလာကြမည်၊ ၎င်းတို့ ကိုယ်တိုင် လက်ရှိ အကျပ်အတည်းကြီးကို စိတ်ကြိုက် ဖြေရှင်းနိုင်မည်ဟု ယူဆထားခြင်း မရှိ။ ဖြေရှင်းခွင့် ရသည် ဆိုဦး ခေါင်းဆောင်မှု အရည်အချင်း ပြည့်ဝသူ၊ လူထု၏ ယုံကြည် ကိုးစား ခံရသူ တဦးတလေမျှ ပင် ပါဝင်နေခြင်း မရှိပေ။
စစ်တပ်၏ စင်တင် ရုပ်သေး များ အဖြစ် လွှတ်တော်ထဲ မည်သို့မျှ ဖြစ်လာမည် မဟုတ်သည့် ဟို အဆိုတင်၊ ဒီ အဆိုတင် နှင့် ကပြ အသုံး တော် ခံသွားကြရမည့် လူများ ဖြစ်သည်ကိုလည်း ကောင်းစွာ သဘောပေါက်ထားကြပြီး ဖြစ်သည်။ ထိုသို့ လုပ်ခွင့်လေး ရဖို့ကလည်း ရွေးကောက်ပွဲ တကယ်တမ်း လုပ်ဖြစ်မှသာ ဖြစ်ပေမည်၊ စစ်အုပ်စု ကို ကူညီရန် အတွက် သာ ဖြစ်၍ မလုပ်ဖြစ်လည်း အရေးမကြီးလှ ဟု ခံယူ ထားပြီးဖြစ်သည်။
ယခု ပင် ကြံဖွတ် ပါတီ ခေါင်းဆောင်ပိုင်းသည် သိုသိုသိပ်သိပ် နှင့် သတိဝီရိယ ကြီးစွာ သွားလာနေရပြီ ဖြစ်သည်ဟု လူမှု ကွန်ယက်တွင် ထုတ်ဖေါ်ပြောဆိုလာရသည်။
မင်းအောင်လှိုင် ကိုယ်တိုင်ပင် နိုင်ငံတွင်း လွတ်လွတ်လပ်လပ် သွားရဲသည့် နယ်မြေများသည် ၁၆ ရာနှုန်းသာ ရှိတော့သည်ဟု မြန်မာ အရေး အကြံပေး ကောင်စီ မှ တွက်ချက်ထုတ်ပြန်ထားပြီး ဖြစ်သည်။
ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!