မစ္စက် မိုရီသည် ကျွန်တော် နှင့် စတွေ့ပြီး နောက် သိပ်မကြာမီမှာပင် ကျွန်တော် လူမသတ်ခဲ့ဘူး ဆိုသည်ကို သိရ၍ တော်သေးတာပေါ့ ဟု ပြောလာခဲ့သည်။ ငြိမ်းချမ်းရေး သင်္ကေတ ကို လည်တွင် ဆွဲထားသည်ကို တွေ့ရ၍ ၍ စာနာစိတ် ဖြင့် ပြောလာခြင်း ဖြစ်သည် မှာ သိသာနေသည်။
ကျွန်တော်သည် လက်ဝဲ သမားများကို စာနာစိတ် ရှိသူ တဦးသာ ဖြစ်သည်ကို တစုံတယောက်အား ပြောပြချင်စိတ် ပြင်းပြနေသည်၊ ထိုသို့ စိတ်ထဲ ပေါ်လာသည် မှာ ယခု မှ မဟုတ်၊ ကျွန်တော်သည် ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေး၊ ဒီမိုကရေစီ၊ လွတ်လပ်ခွင့် နှင့် လွတ်လပ်ရေး တို့ အတွက် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးသမား တဦး ဖြစ်သည်။ ထိုသို့ မြင့်မြတ်သည့် တရားများ အတွက် ကျွန်တော် လူများ အသက်စွန့်သွားခဲ့ရပြီး၊ ကျွန်တော်ကတော့ ဘယ်သူ မှ မသိအောင် ဖုံးကွယ် ထားရသူ ဖြစ်သည်။
သူမက "တကယ်လို့ သတ်ခဲ့မိတယ် ဆိုရင်လည်း မင်း ဘယ်သူကိုမှ ပြောမှာ မဟုတ်ဘူး၊ ဟုတ်တယ် မဟုတ်လား ဟု ပြောပြန်သည်။
"ခင်ဗျား ဆိုရင်ကော ပြောမှာလား မစ္စက် မိုရီ"
အဲ့တာတော့ ငါမသိဘူး၊ ဆိုကာ ကျွန်တော် နှင့် မျက်နှာခြင်းဆိုင် မိအောင် ဆုံလည် ကုလားထိုင် ကြီးကို သူမ၏ တင်ပါးဆုံကြီး နှင့် လှည့်လိုက်သည်။ ကျွန်တော်၏ စားပွဲလေးအား အခန်း၏ ထောင့် တနေတွင် ကပ်၍ ထားပေးထားသည်။ ကျွန်တော်လည်း တခုခု လုပ်နေဟန်ဖြင့် ဟို စာရွက်လှန် ဒီစာရွက်လှန် လုပ်နေရသည်။ တနေ့ ရှစ်နာရီ ဆိုသည့် အလုပ်ချိန် တလျောက်လုံးတော့ ထိုသို့ လုပ်နေ၍ မလုံလောက်သေး။
ကျွန်တော် ထင်ထားသည့် အတိုင်းပင် ကျောင်းသား သတင်းစာ ဆရာ လေးက စားပွဲ တွင် ထိုင် နေသော ကျွန်တော့် ပုံအား ဓါတ်ပုံ ရိုက်သည်။ ကျွန်တော်ကလည်း အလိုက်တသိဖြင့် ကျွန်တော်၏ ဝါကျင့်ကျင့် ဖြစ်နေသော သွားများ ပေါ်အောင် ပြုံးပြခဲ့ရသည်။ အဖြူ အမည်း သတင်းစာ မျက်နှာပေါ်တွင် ကျွန်တော့်သွားများက ဖြူနေမည်သာ ဖြစ်သည်။
ကျွန်တော့် အဖို့က အမေရိကန် မူလတန်း ကျောင်းများတွင် ကျောင်းသားများ ၎င်းတို့ မုန့်ဖိုးများမှ ထည့်ဝင်နိုင်ရန် အလှုခံနေသော နို့မှုန့်ဗူး များ ပေါ်က တတိယ ကမ္ဘာမှ ကလေးငယ်တဦး၏ အပြုံးမျိုး ဖြစ်အောင် အတုခိုးခဲ့ရသည်။ သို့မှသာ အယ်ဂျန်ဒရို၊၊ အဗ္ဗဒူလာ၊ အာ ဆင်း တို့ အား နေလည်စာ ပူပူ နွေးနွေး ကျွေး နိုင်ပြီး ကာကွယ် ဆေးများ ထိုးပေး နိုင်မည် မဟုတ်ပါလား။
ကျွန်တော် ဖက်ကလည်း တကယ်ပဲ ကျေးဇူး တင်နေမိသည်။ ကျွန်တော် ကိုယ်တိုင်လည်း ကံမကောင်း အကြောင်း မလှခဲ့သူ တဦး ဖြစ်၍ ထိုသို့ အမေရိကန် တို့၏ သဒ္ဒါတရား ဖြင့် ဦးဦးဖျားဖျား ကူညီခံခဲ့ရသူ တဦး ဖြစ်ခဲ့လေမလားဟု မတွေးဘဲ မနေမိအောင် ဖြစ်ခဲ့ရသည်။
ကျွန်တော်လည်း ကျေးဇူးတရား ကို မသိတတ်သူ ဟု အထင်ခံရမည် စိုး၍ ထောပတ်သီး အစိမ်းရောင် အမွှေးပွ ဆွယ်တာ ဝတ်ထားသော မစ္စက်မိုရီ အား အနှောက်အယှက်လည်း မဖြစ်စေဘဲ ကျွန်တော် အလုပ်လုပ်နေမှန်းလည်း သိအောင် မသိမသာ အသံပေးနေရပြန်သည်။ တခါတရံ တွင် အခြား တောက်တိုမယ်ရ အလုပ်များ ပေါ်လာတတ်ပြီး အခန်းချင်း ကပ်နေသော ဌာနမှူး ရုံးခန်း သို့ ကူးသွားရသည် မျိူးလည်း ရှိခဲ့သည်။
ကျောင်းဝင်းထဲရှိ အခြား မည်သူ တဦးတယောက်ကမျှ ကျွန်တော်တို့ နိုင်ငံ အကြောင်း သိသူ မရှိသော်လည်း ဌာနမှုး ကတော့ ကျွန်တော်တို့၏ ယဉ်ကျေးမှု၊ ဘာသာစာပေ အကြောင်းများကို ရှည်ရှည်လျားလျား မေးမြန်း ဆွေးနွေးခဲ့သည်။ ထိုသို့ ပြောရဆိုရသည်ကိုလည်း သဘောတွေ့နေပုံ ရသည်။
သူ၏ အသက်သည် ခုနှစ်ဆယ် နှင့် ရှစ်ဆယ်ကြား ရှိမည်ဟု ထင်ရသည်။ အရှေ့တိုင်း ပညာကို လုပ်သက်တလျောက်လုံး လေ့လာခဲ့၍ သူ၏ ရုံးခန်းထဲတွင် စာအုပ်စာတမ်းများ၊ မှတ်စုစာအုပ်များ၊ စာရွက်စာတမ်းများ၊ အရှေ့တိုင်း၏ အမှတ်တရ ပစ္စည်းများ နှင့် ပြည့်နှက်နေသည်။ ရုံးခန်း၏ နံရံပေါ်တွင်လည်း အနုစိတ် ရက်လုပ်ထားသော အရှေ့တိုင်းလက်ရာဟု ယူဆရသည့် ကော်ဇော် တချပ်ကို ချိတ်ဆွဲထားသည်။
စားပွဲကိုလည်း အပေါက်ဝ ဖက် မျက်နှာမူထားသည်။ စားပွဲပေါ်တွင် မိသားစု ဓါတ်ပုံကို ရွှေရောင် အနားကွပ်ထားသော မှန်ဘောင်တွင် ထည့်သွင်းပြီး ထောင်ထားသည်။ အညိုရောင် ဆံပင် လေး နှင့် ချစ်စရာကောင်းပြီး အပြစ်ကင်းစင်သည့် ကလေးငယ်လေး တဦး နှင့် သူ့အသက်၏ တဝက် သို့ မဟုတ် သုံးပုံ နှစ်ပုံ ခန့် ရှိ အာရှ သူ အမျိုးသမီး တဦးကို တွေ့ရသည်။
သူမသည် ချောမော လှပသည်ဟု ပြော၍ မရသော်လည်း ဖဲပြားပုံ နက်ကတိုင် စီးထားသော ဌာနမှုး ဘေး တွင်တော့ ကြည့်ကောင်းနေသည်။ ချောင်ဆမ်ဟု ခေါ်သည့် လည်ပင်းကျပ် တရုတ် အမျိုးသမီး ဝတ် ကြက်သွေးရောင် ဝတ်စုံ ကို ဆင်မြန်းထားပြီး သူမ၏ နှုတ်ခမ်းပေါ်တွင် အပြုံးရိပ်များ သန်း နေသည်။
ကျွန်တော် ဓါတ်ပုံကို ကြည့်နေမှန်း သိ၍ ဌာနမှုးက သူ့အမည်သည် လင်းလင်း ဖြစ်သည်ဟု ပြောလာသည်။ စားပွဲတွင် ဆယ်စု နှစ်ပေါင်း များစွာ တကုန်းကုန်း နှင့် လုပ်လာရ၍ သူ၏ နောက်ပိုင်း သည် မြင်းခွာ ပုံစံလို ဖြစ်လာသည်။ ဦးခေါင်းသည်လည်း နဂါးတစ်ကောင်၏ စူးစမ်းလိုသည့် ပုံစံမျိုးလို ရှေ့ကို ငေါထွက်နေသည်။
မော် ရန် ကြောင့် မိသားစုလိုက် တိုင်ဝမ်သို့ ထွက် ပြေးလာကြ၍ သူ နှင့် ဇနီး ဖြစ်သူတို့ ဆုံစည်းခွင့် ရခဲ့ကြောင်း၊ သားဖြစ်သူ သည် ယခုအခါ ဓါတ်ပုံထဲကထက် ပို၍ ထွားကျိုင်းနေပြီဟု ပြောပြခဲ့သည်။ ဓါတ်ပုံထဲမှာ မောင်ရင် မြင်တဲ့ အတိုင်း ဗီဇ မျိုးရိုးက အမေ ဖက် ပါသွားတယ်၊ ရွှေရောင် ဆံပင်များသည် နက်မှောင်သော ဆံပင်များ နှင့် ရောထွေးနေ၍ မှိန်သလို ဖြစ်သွားခဲ့သည်။
ထိုအကြောင်းများကို ကျွန်တော် တို့ ငါးကြိမ် ခြောက်ကြိမ်ထက် မနည်း ဆုံဖြစ်ခဲ့ပြီး ရင်းနှီးလာသည့် အခါကျမှသာ ထုတ်ပြောခဲ့ခြင်း ဖြစ်သည်။ သူသည် ထူထည်သော ဆိုဖာကြီးပေါ်တွင် ထိုင်နေ၍ လူမည်း မိခင်တဦး၏ တုတ်ခိုင်သော ပေါင်လုံးကြီးများ ကြား ထိုင်နေသည့် ကလေးငယ်တဦးလို ဖြစ်နေသည်။
ကျွန်တော် ထိုင်နေသည် ဆိုဖာကြီးလည်း အတူတူ ပင် ဖြစ်၍ နူးညံ့ သော သားရေ ဆိုဖာကြီး ပေါ် နောက်ပြန် မှီ၍ လက်နှစ်ဖက်ကို လက်တန်းပေါ် တင်၍ ထိုင်နေသည့် ကျွန် တော့် ပုံသည် လင်ကွန်း အထိမ်းအမှတ် ကျောက်ရုပ်ကြီး နှင့် တူနေသည်။
သူက လက်ရှိ ကယ်လီဖိုးနီယားတွင် ဖြစ်ပျက်နေပုံ ကို ဥပမာ ပေး၍ ပြောလာပြန်သည်။ အခြားက လာတဲ့ မြက်ပင်တွေ ရောက်လာမယ် ဆိုရင် ဒေသရင်း အပင်တွေ ကို လည်ပင်းညှစ်သလို ဖြစ်နိုင်ပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်၊ ဒေသရင်းအပင်တွေနဲ့ နိုင်ငံခြားအပင်တွေကို ရောစိုက်လိုက်မယ်ဆိုရင် မကြာခဏဆိုသလို ဒီလို ဝမ်းနည်းစရာအကျိုးဆက်တွေကို ဖြစ်စေတတ်တယ်၊ ဒါကို ခင်ဗျား ကိုယ်တွေ့ တွေ့ကြုံခဲ့ရတာ တွေက သင်ပေးပြီးသား ဖြစ်မှာပါလေ။
ကျွန်တော်က ဟုတ်ပါတယ်ဟု ထောက်ခံလိုက်ရင်း စိတ်ထဲတွင်လည်း အနိမ့်ဆုံး သတ်မှတ်ထားသည့် လုပ်အားခ ပင် မရသေး ဆိုသည်ကို သတိရလာသည်။