အာဏာရှင် စနစ်မှ ထုတ်နှုတ်ယူရမည့် သင်ခန်းစာ နှစ်ဆယ်

by Hla Soewai - May 20 2025

1. DO NOT OBEY IN ADVANCE 

 

အာဏာရှင် ဝါဒ တွင် ရရှိလာသော အာဏာအရပ်ရပ်သည် ကျားကုတ်ကျားခဲ ဖန်တီးရယူစရာ မလိုဘဲ အလကား နီးပါး ရရှိလာခြင်းမျိုး ဖြစ်သည်။ ဤသည်ကလည်း အုပ်ချုပ်ခံရတော့မည့် လူများသည် ၎င်းတို့ ဖက်က မည်သို့ ပြုမူ နေထိုင်ရမည်ကို အလိုအလျောက် သိထားကြ၍ ခိုင်းစရာ မလိုဘဲ အဆင်ပြေအောင် ကျင့်ကြံလာကြ၍လည်း ဖြစ်သည်။ ဤသို့ဖြင့် အာဏာရှင်များအား မိမိတို့ အပေါ် ၎င်းတို့ ဘာလုပ်၍ ရနိုင်သည်ကို သင်ကြားပို့ချ ပေးလာခဲ့သည်။

 

ယင်းအား Anticipatory obedience ဟု ခေါ်သည်။ အာဏာရှင်များက လူထုသည် ၎င်းတို့ ခံယူထားသော တန်ဘိုးများ၊ ကျင့်စဉ်များကို မည်မျှ အထိ အလျော့ပေး လိုက်‌လျောလာကြမည် ကို အစပိုင်းတွင် အသေအချာ တွက်ဆနိုင်ခဲ့ကြခြင်း ရှိခြင် မှ ရှိပေလိမ့်မည်။ ဆိုလိုသည်က အုပ်ချုပ်သူ လူတန်းစား အသစ်သည် နိုင်ငံသား များ အပေါ် မည်သို့ မည်ပုံ တနည်း မဟုတ် တနည်း ဩဇာ သက်ရောက်နိုင်မည်လဲ ဆိုသည်ကို တွေးဆနိုင်စွမ်း မရှိကြ‌သေးပေ။

 

၁၉၃၂ တွင် ဂျာမန် တို့၏ ရွေးကောက်ပွဲ ဖြင့် အဒေါ့ဖ် ဟစ်တလာသည် အစိုးရ ဖွဲ့နိုင်လာသည့် အခါ၊ ၁၉၄၆ တွင် ချက်ကိုစလိုဗက်ကီယား တွင် ရွေးကောက်ပွဲ ဖြင့် ကွန်မြူနစ်တို့ အောင်ပွဲခံလာရသည့် အခါများ တွင် ၎င်းတို့ အတွက် အရေးကြီးဆုံး အချက်သည် လူထု ထံမှ သူ့အလိုအလျောက် ကျိုးနွံလာမှု ရရှိ နိုင်ရေး ပင် ဖြစ်သည်။

 

ထို ဖြစ်စဉ် နှစ်ခု စလုံးတွင် အတော်များများ သည် နှိပ်စက် ဖမ်းဆီး ခံရမည် စိုး၍ မိမိတို့ သဘော ဆန္ဒအလျောက် ၎င်းတို့ အား အလိုအလျောက် အလုပ်အကျွေး ပြု ကျိုးနွံ လာခဲ့၍ လုံလောက်သည့် အတိုင်းအတာ ကို ရရှိသွားခဲ့ကြသည်။ ဤသို့ဖြင့် နာဇီ နှင့် ကွန်မြူနစ် ခေါင်းဆောင်များသည် ၎င်းတို့အပြည့်အဝ ထိန်းချုပ်နိုင်မည့် အစိုးရ ပုံစံကို အလျင်အမြန် တည်ဆောက်လာနိုင်တော့မည်ဟု သဘောပေါက် လာခဲ့ကြသည်။

 

ထိုသို့ ပထမဦးဆုံး လူထု ဖက်က လိုက်လျောလာမှု သည် နောက်ပိုင်းတွင် မည်သို့မျှ ပြောင်းလဲပစ်နိုင်စွမ်း မရှိတော့ပေ။

 

ဟစ်တလာသည် ၁၉၃၈ နှစ်ဦး ပိုင်း အာဏာကို အခိုင်အမာ တည်ဆောက်လာနိုင်သည့် အခါတွင်တော့ အိမ်နီးချင်း ဩစတီယားကို သိမ်းပိုက်ရန် ခြိမ်းခြောက်လာခဲ့သည်။ ဩစတီယား အဓိပတိသည် အားမတန်၍ မာန်လျော့ခဲ့သည်၊ ဤသည်ကပင် ကြိုတင် ကျိုးနွံခဲ့မှု ဖြစ်ပြီး ဩစတီယန်း ဂျုး တို့အဖို့ ကြမ္မာ ဆိုး နှင့် ကြုံခဲ့ကြရသည်။

 

ဒေသခံ နာဇီ များသည် ဂျုးများကို သိမ်းကျုံး ဖမ်းဆီးပြီး လမ်းများကို သန့်ရှင်းရေး လုပ်ခိုင်းခြင်းဖြင့် လွတ်လပ်သော ဩစတီယား နိုင်ငံ အထိမ်းအမှတ် သင်္ကေတ များကို ဖယ်ရှားခိုင်းခဲ့သည်။ ထိုနေရာတွင် အရေးပါဆုံး အချက်အဖြစ် ထွက်ပေါ်လာရသည်က လမ်းသွားလမ်းလာ များက ကျေနပ်အားရသည့် မျက်နှာပေးများ နှင့် စိတ်ဝင်တစား ရပ်ကြည့်နေကြခြင်းပင် ဖြစ်သည်။

 

ဂျုးပိုင် ပစ္စည်းဥစ္စာများကို စာရင်းပြုစုထားသော နာဇီများကလည်း ယူနိုင်သမျှ သွားရောက် သွယ်ယူကုန်ကြသည်။ နာဇီ မဟုတ်သူများသည်လည်း ပါဝင်လာကြသည်။

 

ဤသည်ကို နိုင်ငံရေး သိပ္ပံပညာရှင် ဟာနာ အာရင့်က ဂျာမန် တို့ ဩစတီယား သို့ ကျုးကျော် ဝင်ရောက်လာသည့် အခါတွင်တော့ ဂျုး မဟုတ်သော အိမ်နီးချင်းများသည် ဂျုး တို့၏ အိမ်ယာများကို ဝင်ရောက် သောင်းကျန်း လုယက်ကြတော့သည်။ ဩစတီယန်း ဂျုးများလည်း ကိုယ့်ကိုကိုယ် သတ်သေ ကုန်ကြတော့သည့် အကြောင်းများကို အမှတ်ရလာခဲ့သည်ဟု ပြောခဲ့သည်။

 

၁၉၃၈ မတ်လ တွင် ဩစတီယန်းတို့ သင်ကြားပို့ချခဲ့သည့် အလိုက်သင့် ကျိုးနွံမှု များကို ‌တွေ့လာရသည် အခါ နာဇီ ခေါင်းဆောင်ပိုင်းသည် ပို၍ ရဲတင်းလာခဲ့သည်။ ထိုနှစ် ဩဂုတ်လ တွင် ပင် အဒေါ့ဖ် အိုက်ခမန်းသည် ဂျုးများ ရွှေ့ပြောင်းပေးရေး ဗဟို ရုံးချုပ်ကို ဗီယင်နာ တွင် စတင် ဖွင့်လှစ်လာခဲ့သည်။

 

နိုဝင်ဘာလတွင် မူ ဂျာမန်နာဇီ တို့သည် မတ်လ အတွင်း ဩစ‌တီယား နမူနာကို ကြည့်၍ ခရစ်စတယ်နတ်ခ် ဟု ထင်ရှားလာသည့် ဂျာမဏီတွင် တနိုင်ငံလုံး အတိုင်းအတာ ဖြင့် လူမျိုးရေး ဘာသာရေး အရ ဖိနှိပ်သတ်ဖြတ် နိုင်မည့် အစီအစဉ် များကို စနစ်တကျ ချမှတ် အကောင်အထည် ဖေါ်လာခဲ့ကြသည်။

 

၁၉၄၁ တွင် ဂျာမန်တို့ ဆိုဗီယက် ယူနီယံအား ကျုးကျော် တိုက်ခိုက်လာစဉ်တွင် SS အဖွဲ့သည် မည်သူကမျှ ညွှန်ကြားခြင်း မရှိပါဘဲလျက် ၎င်းတို့ဖာသာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု များကို ကျုးလွန်လာခဲ့ကြသည်။ ၎င်းတို့ အကြီးအကဲများ သဘောကျလိမ့်မည်ဟု တွက်ဆ နိုင်ခဲ့၍ လုပ်လို့ ဖြစ်သည်ကို သရုပ်ပြ ခဲ့ကြခြင်းသာ ဖြစ်သည်။ ဤသည်ကပင် ဟစ်တလာ တွေးထင်ထားခဲ့သည်ထက်ပင် အပုံကြီး ကျော်လွန် သွားခဲ့ပြီ ဖြစ်သည်။

 

အစပိုင်း တွင် ဖြစ်လာနိုင်သည့် အရာတခုကို ကြိုတင် သိမြင်ပြီး တုန့်ပြန်သည့် အနေဖြင့် ကျိုးနွံနာခံမှု anticipatory obedience ဆိုသည်က လူများသည် ဖြစ်ပေါ်လာသော အခြေအနေ အသစ်များကို သေချာ စဉ်းစားခြင်း မရှိဘဲ ပင်ကိုယ် အသိစိတ် တွင် ပေါ်လာသည့် အတိုင်း လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်လာခြင်းပင် ဖြစ်သည်။

 

ဤနေရာ တွင် ဂျာမန် များသာ ထိုသို့ လုပ်ခဲ့သည်လော။ ယေးလ် တက္ကသိုလ်မှ စိတ်ပညာရှင် တဦး ဖြစ်သူ စတန်လေ မီလ်ဂရမ် မှ ဂျာမန်များတွင် သီးခြား အာဏာရှင် ဆန်သည့် စရိုက်လက္ခဏာ များ ရှိထားသည်ကို အရင်က ပြုမူခဲ့မှု များကို လေ့လာမည် ဆိုလျင် တွေ့နိုင်သည်ဟု ထောက်ပြခဲ့သည်။

 

၎င်း၏ အယူအဆ ကို သက်သေပြနိုင်ရန် စမ်းသပ်မှု တခု တီထွင် ခဲ့သော်လည်း ဂျာမဏီ တွင် လုပ်ခွင့် မပေး၍ ၁၉၆၁ တွင် ယေးလ် တက္ကသိုလ်ရှိ အဆောက်အဦး တခု အတွင်း စမ်းသပ် ဖြစ်ခဲ့သည်။ ထိုအချိန်သည် အဒေါ့ဖ် အိုက်ခမန်းသည် ဂျုးများကို မီးလောင် တိုက်သွင်းခဲ့မှု ဖြင့် အစ္စရေး တွင် တရားရင်ဆိုင်နေရချိန်လည်း ဖြစ်သည်။

 

မီလ်ဂရမ် သည် ၎င်းစမ်းသပ်မည့် ယေးလ်တက္ကသိုလ် ကျောင်းသားများနှင့် နယူး ဟေဗင် ရှိ လူများအား စမ်းသပ်မှု သည် အခြား ပါဝင်သူများကို လျပ်စစ် ကျင်စက် ဖြင့် တို့ရမည် ဟု အသိပေးခဲ့သည်။ တကယ်တမ်း တွင် ပြတင်းပေါက် တဖက်ရှိ လူများသည် တကယ့် ကျင်စက်ဖြင့် အတို့ခံရမည် မဟုတ်ဘဲ မီလ်ဂရမ် သင်ပေးထားသလို အတို့ခံရသည့် အတိုင်း ဟန်ဆောင်ပေးကြရမည် ဆိုသည်ကိုတော့ တို့ရန် ပြောထားသူ များ မသိခဲ့ကြပေ။

 

၎င်းတို့အားလုံး သုတေသန အတွက် ပါဝင်ရသည် ဆိုသော်လည်း အတို့ခံရသည့် လူများထံမှ နာကျင်စွာ အော်ဟစ်လိုက်သည့် အသံများ ကြားလာရသည့် အခါ တုန်လှုပ်ကုန်ကြသည်။ ထိုလူများသည် ၎င်းတို့ နှင့် တခါဘူးမျှ သိကျွမ်းခဲ့ခြင်း မရှိသည်သာမက နစ်နာအောင်ပင် လုပ်ခဲ့ဖူးသူများ မဟုတ်ကြ။ ယခု အခါ ထိုလူများထံမှ မခံမရပ် နိုင်အောင် နာကျင်လွန်းလှ၍ တဖက်မှ နေ၍ ပြတင်းပေါက် မှန်ကို တဒုံးဒုံး ထုနေသည့် အသံများ ကြားလာရသည်။

 

သို့သော်လည်း ကျင်စက် နှင့် တို့ရန် ညွှန်ကြားခံထားရသူများက ရပ်သွားသည်ဟူ၍ မရှိဘဲ ဆက်၍ ပင် လုပ်နေဆဲ ဖြစ်သည်။ အချို့က အတို့ခံရသူဖက်မှ အသက်ထွက် သွားပုံ ရသည်အထိ တိုး၍ ပင် လုပ်ခဲ့ကြသည်။ အချို့က တဝက်တပျက် နှင့် ရပ်ပြီး ထွက်သွားကြသည်။ ထိုသို့ ထွက်သွားကြသူများသည်လည်း တဖက်လူ မည်သို့ ဖြစ်ကျန်ခဲ့သည် ဆိုသည်ကို တခွန်းတပါဒမျှပင် မေးမြန်း စုံစမ်းခဲ့ခြင်းမျိုး မရှိပေ။

 

ဤသည်ကို ကြည့်၍ လူများသည် အခြေအနေသစ် တွင် စည်းမျဉ်း အသစ် များကို အံ့ဩဖွယ် ကောင်းလောက်အောင် လွယ်လင့်တကူ လက်ခံခဲ့ကြသည့် အချက်ကို မီလ်ဂရမ်သည် နားလည် သဘောပေါက် သွားခဲ့ရသည်။

 

 လူများသည် ၎င်းတို့အား ဩဇာအာဏာ ရှိသူ တစုံတယောက်က ရည်မှန်းချက် အသစ် တခုခု ဆိုကာ ပြောဆို ညွှန်ကြားလာခဲ့လျင် အခြားလူများအား ထိခိုက် နာကျင်အောင် သို့မဟုတ် သတ်ဖြတ်ဖို့ အထိ ကျုးလွန်ဖို့ အံ့ဩဖွယ် ကောင်းလောက်အောင် ဝန်မလေးကြသည် ကို သိခဲ့ရသည်။

 

"ကျွန် တော့် အနေဖြင့် ထိုစမ်းသပ်မှု ကို ဂျာမဏီ တွင် သွား လုပ်စရာ မလိုအောင် လက်ရှိ နေရာမှာပင် ကျိုးကျိုး နွံနွံ လုပ်ခဲ့ကြသည့် အဖြစ်ကို တပုံတပင်ကြီး တွေ့လာခဲ့ရပါတယ်"  

 

(ဆက်လက်တင်ပြ သွားပါမည်)