အာဆီယံသည် 'အခြားသူများ အိမ်တွင်း ပရိဘောဂများ ဝင်‌၍ နေရာချထားသည်ကို စောင့်ကြည့်နေမည်လော

by Hla Soewai - May 20 2025

လူအများအပြားသည် ကြီးမားသည့် ဆင်းရဲဒုက္ခများ ခံစားနေရပြီး အကာအကွယ်မဲ့ ဖြစ်‌ နေ ချိန်တွင်ဒေသတွင်းရှိ ညီအစ်ကိုမောင်နှမများဆီက အကူအညီ ပေးလာဖို့ကို မည်မျှ အထိ ထပ်၍ နာကျင်ခံစားစွာ စောင့် ရဦးမည် နည်း ဟု စထရိတ်တိုင်းမ် သတင်းစာမှ စီနီယာ အယ်ဒီတာ တဦး ဖြစ်သည့် ရာဗီ ဗဲလူးက မေးခွန်းထုတ်လာခဲ့သည်။

 

ယင်းသည် အခက်အခဲ အကျပ်အတည်းများ တခုပြီး တခု ရင်ဆိုင်လာနေရသည့် သန်းပေါင်းများစွာသော မြန်မာပြည်သူများ၏ ခေါင်းထဲတွင် အစီအရီ ပေါ်လာနေပြီ ဖြစ်သည်။ ၎င်းတို့၏ အာဆီယံ ညီနောင်များကတော့ နှေးကွေးလာနေသည့် စီးပွားရေး၊ အလုပ်လက်မဲ့ နှုန်း တရိပ်ရိပ် မြင့်တက်လာနေမှု နှင့် ထရမ့် မှ ကုန်သွယ်ခွန်တိုးမည် ဟု ညာသံပေးလာမှု များ ကြားတွင် အလုပ်များ နေကြပြီ ဖြစ်သည်။

 

ကမ္ဘာကြက်‌ခြေနီ အသင်းကြီးကပင် ကမ္ဘာ နိုင်ငံပေါင်း ၁၉၃ နိုင်ငံ ထဲမှ အရေးပေါ် စောင့်ကြည့်ရမည့် နိုင်ငံ သုံး နိုင်ငံ စာရင်း တွင် မြန်မာအားထည့်သွင်းထားပြီ ဖြစ်သည်။ ဆေးရုံဆေးခန်းများ၊ ရေပေးဝေရာ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်လာမှု ကြောင့် ရောဂါဘယ များ ထူပြောလာပြီး မနိုင်မနင်း ဖြစ်လာရသည်။ 

 

ထိုအနေအထားသည် ကမ္ဘာကြက်ခြေနီ အသင်းကဲ့သို့ NGO အဖွဲ့များအား ထရမ့်မှ အကူအညီများ ဖြတ်တောက် ထားမှုကြောင့် ပို၍ ဆိုးလာဖို့သာ ရှိသည်။

 

အံ့အား သင့်စရာ များ နှင့် ဒုက္ခသုက္ခများ အမြဲလို ဒွန်တွဲလာနေသည်။ ယခုအခါ လူလုပ်၍ အက်ကြောင်း ထ နေသော နိုင်ငံသည် အားမရသေးသည့် အလား ယခုအခါ မဟာပထဝီ မြေကြီး မှ ထပ်မံ ဒုက္ခပေးလာခဲ့ပြန်သည်။ အနည်းဆုံး လူပေါင်း ၃,၇၀၀ သေဆုံးပြီး ၅,၀၀၀ ကျော် ဒဏ်ရာရသွားပြီး စီးပွားရေး အရ ဒေါ်လာ ဘီလီယံ ပေါင်း များစွာ ထိခိုက် ဆုံးရှုံးသွားခဲ့သည်။

 

ပြဿနာက ထိုမျှ နှင့် ပြီး မသွား၊ ရေပေးဝေရေး စနစ် ပြိုလဲသွား၍ မသန့်ရှင်းသော ရေများ အပေါ် အမှီ ပြုလာ၍ ရောဂါဘယ များ ထူပြောလာနိုင်သည်။ ငလျင်ဒဏ် ခံရသည့် ‌ဒေသသည် ပြောင်းနှင့် နှံစားပင် တို့ သည် တနိုင်ငံလုံး၏ သုံးပုံတပုံခန့် ထွက်ရှိ ရာ ဖြစ်သည်။

 

 နိုင်ငံ‌ တော် အုပ်ချုပ်‌ ရေး ကောင်စီ အမည်ယူထားသော စစ်အုပ်စုသည် နိုင်ငံ၏ သုံးပုံ တပုံ ခန့်သာ ထိန်းချုပ် နိုင်တော့သည့် အနေအထား မှ မြေငလျင်ကြောင့် ရလာသည့် အခွင့် အရေး ကို အသုံးချပြီး ၎င်းတို့ အပေါ် လူထု ၏ ရွံရှာ မုန်းတီးနေမှု နှင့် နိုင်ငံတကာ၏ အပယ်ခံ ဘဝ ရောက်နေရသည့် အဖြစ် မှ လျော့ပါး‌သွားစေရန် လုပ်လာကြမည်လားဟု တွေးထင်မိကြမည်သာ ဖြစ်သည်။

 

သို့သော် ထိုသို့ အတွေးများက မှားယွင်းသွားခဲ့ပြီ ဖြစ်သည်၊ ထိုသို့ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ရမည့် အစား လူထု ကို အရင်ကထက် ပင် ပို၍ တိုက်ခိုက်လာကြသည်။ ၎င်းတို့၏ လေကြောင်းမှ တိုက်ခိုက်မှု ကြောင့် ဒီပဲယင်း မြို့နယ် အတွင်း ကျောင်းသား ကလေးသူငယ် နှစ်ဆယ်ကျော် အသက်ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။

 

မင်းအောင်လှိုင် ကိုယ်တိုင် မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်အား ပြီးခဲ့သည့် ဧပြီလအတွင်း အတွင်း ပေးခဲ့သည့် ကတိ အတော်ပင် တည်ရှာသည်ဟု ပြောရမည်ပင် ဖြစ်သည်။

 

စိတ်ဝင်စားဖို့ ကောင်းသည်က တရုတ်၏ အတင်းမရမက ဝင်ရောက် စွက်ဖက်ခဲ့မှု ကြောင့် ကိုးကန့် အဖွဲ့မှ လားရှိုးအား စစ်အုပ်စုသို့ ပြန်ပေးခဲ့ရပြီးနောက် ယခုလို တိုက်ခိုက်မှုကြီး ထွက်ပေါ်လာခဲ့ရခြင်းပင် ဖြစ်သည်။ MNDAA သည် အသက်ပေါင်းများစွာ ရင်း၍ အောင်ပွဲခံခဲ့သော်လည်း တရုတ်၏ ဩဇာအရှိန်အဝါ ကို မလွန်ဆန်နိုင်ခဲ့ရှာသဖြင့် သိက္ခာ အကျကြီး ကျသွားခဲ့ရသည်။

 

ဤသည်ကို ကြည့်မည်ဆိုက တရုတ်သည် ၎င်းတို့ အကျိုးစီးပွား ထိခိုက်လာမည် ဆိုလျင် မြန်မာ၏ အချုပ်အခြာ အာဏာကို ချိုးဖောက်ဖို့ ဝန်မလေး ဆိုသည်ကို ပြဆိုနေသည်ဟု မြန်မာအရေး လွတ်လပ်သော အထူး အကြံပေး ကောင်စီမှ ဧပြီ ၁၅ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

တရုတ်သည် စစ်တပ်မှ ပြည်သူများအား ယခုလို သတ်ဖြတ် နိုင်အောင် တိုက်လေယာဉ်များ ပံ့ပိုးပေးနေသည်သာမက ဗုံးများကို ပြည်တွင်း တွင် ထုတ်လုပ် နိုင်အောင် လက်နက်စက်ရုံများအား ကူညီ ပံ့ပိုးနေပုံကို မကြာမီ ထုတ်ပြန်မည့် မိမိတို့ အစီရင်ခံစာတွင် အသေးစိတ် ဖေါ်ပြသွားမည်ဟု ပါရှိသည်။

 

ထိုသို့ အခြေအနေများ ဖြစ်ပေါ်ပြောင်းလဲလာမှု များ ကြောင့် အချက် ငါးချက်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည့် အာဆီယံ အတွက် မေးခွန်းထုတ်စရာ ဖြစ်လာရသည်။

 

စစ်အုပ်စု သည် မကြာသေးမီကပင် မြန်မာ၏ ပြည်တွင်း အခြေအနေကို အာဆီယံ နှင့် ဆွေးနွေးရန်ကိုပင် ဆတ်ဆတ်ထိ မခံ ဖြစ်နေသည်ကို တွေ့ရသည်။

 

မြန်မာ နိုင်ငံသို့ သွားရောက်ခဲ့သည့် ကုလ အတွင်းရေး မှုးချုပ်၏ အထူး သံတမန် အီဘရာဟင် ဂမ်ဘာရီသည် ၎င်း၏ ခရီးစဉ် နှင့် ပတ်သက်၍ ၂၀၀၇ အာဆီယံ ထိပ်သီး အစည်းအဝေး သို့ တက်ရောက်၍ ရှင်းပြမည်ကိုပင် ထိုစဉ်က ဝန်ကြီးချုပ် ဖြစ်သူ သိန်းစိန်သည် ကန့်ကွက်ခဲ့၍ အထမမြောက်ခဲ့။

 

၎င်းက ဂမ်ဘာရီသည် ကုလ အတွင်းရေးမှုးချုပ် ထံသို့သာ အစီရင်ခံဖို့ တာဝန်ရှိသည်၊ မိမိတို့ အနေဖြင့် အိမ်တွင်း ပရိဘောဂများကို မိမိတို့ဖာသာ နေရာချထားနိုင်စွမ်း ရှိသည်ဟု ပြောလာခဲ့သည်။ ဆိုလိုသည်ကတော့ မိမိတို့ အရေး မိမိတို့ ကြိုက်သလို စီမံသွားမည်ဟူ၍ ဖြစ်သည်။

 

ထိုအချိန်က အာဆီယံသည် ၎င်း၏ အပြောကို ဘာမှ စောဒကာ မတက်ခဲ့။

 

ယခုအခါ လားရှိုး ဖြစ်စဉ်သည် အပေါ်ယံ အသွင် 

သဏ္ဍာန် ပြောင်းလဲမှု ဟု ‌ယူဆ၍ ရသော်လည်း တဖက်တွင် ပြင်ပ မှ ပေါ်ပေါ်ထင်ထင် ပါဝင် ပတ်သက်လာမှု ကို တအံ့တဩ မြင်ခွင့်ရလာခဲ့ခြင်းပင် ဖြစ်သည်၊ ထိုသို့ ပါတ်သက် လာသော နိုင်ငံကြီးသည် အခြား နိုင်ငံများ၏ ပြည်တွင်းရေး ကို ဝင်ရောက် မစွက်ဖက်ဟု ကြွေးကြော်နေသော်လည်း မြန်မာ အိမ်ထဲဝင်လာပြီး ပရိဘောဂများကို နေရာချ စီမံ နေခြင်းပင် ဖြစ်သည်။

 

အလားတူ အိန္ဒိယ သည်လည်း နှစ်ဖက်ခွ၍ လုပ်စား နိုင်ရန် ၎င်းတို့၏ နိုင်ငံခြားရေး မူဝါဒ ရွက်လှေကြီး၏ ရွက်ကို တိုက်ခတ်နေသော လေ နှင့် လိုက်လျောညီ ထွေ ဖြစ်ရန် ချိန်ညှိလာနေပြီ ဖြစ်သည်။

 

ထို့အတွက် အာဆီယံသည် ၎င်းတို့၏ ချည်းကပ်မှု ကို ပြန်လည် သုံးသပ်ရ‌ တော့ မည် ဖြစ်သည်။ မြန်မာ၏ မြေပြင် အနေအထား ပြောင်းလဲလာနေပြီ ဖြစ်၍ အတွေးအခေါ် အယူအဆသစ်များ လိုအပ်လာနေပြီ ဖြစ်သည်။

 

အာဆီယံ အထူးသံတမန် ဆိုသည်ကလည်း ၎င်းနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ ဘောင်အတွင်းကသာ ဆောင်ရွက်လေ့ ရှိသည်၊ ခန့်အပ်ပြီး ပထမ ခြောက်လ အတွင်းသာ လှုပ်လှုပ်ရှားရှား ရှိပြီး ကျန် ခြောက်လ တွင် နောက်တက်လာမည့် လူကိုသာ ထိုင်စောင့်နေတတ်သည်။

 

ထို့အတွက် ဒေသတွင်းရှိ မြန်မာ အရေးကို ပိုင်ပိုင်နိုင်နိုင်သိပြီး ကိုယ့် အစီအစဉ်နှင့် ကိုယ် လုပ်တတ်သူကိုသာ ရွေးချယ်ခန့်ထားသင့်သည်။

 

လက်ရှိတွင် ပင် တရုတ်သည် ငြိမ်းချမ်းရေး အကြောင်းပြကာ လာမည့် ရွေးကောက်ပွဲအားလည်း ဝင်ရောက်စွက်ဖက် ကြိုးကိုင်လာတော့မည် ဖြစ်သည်။

 

ထို့အတွက် မြန်မာ အရေး အတွက် အာဆီယံမှ အရေးယူ ဆောင်ရွက်ဖို့ အချိန်တန်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!