သူမ စိတ်ထဲတွင်တော့ ရောက်လာမည့်လူများသည် အမှောင်ထု ကို အားပြုကာ ခိုးကြောင်ခိုးဝှက်၊ ကျီးလန့်စာစား ဖြင့် အိမ်အနီးတဝိုက် ချဉ်းကပ် လာကြတော့မည်၊ ကုန်း ကုန်း ကုန်းကုန်း နှင့် အရပ်ရှစ်မျက်နှာကို မျက်စိ တောင်မှောက်လည်း ကြည့်နေကြဦးမည် ဟု ထင်နေမိသည်။ အဝတ်အစားများကလည်း ထူးထူးဆန်းဆန်း ဝတ်ဆင်လာကြပေဦးမည်။
တကယ်လည်း အိမ်အနားတဝိုက်သို့ တစုံတယောက် ချည်းကပ်လာပြီ ဖြစ်သည်။ အိမ်နံရံ တလျောက်ကိုလည်း လက် က တစမ်းစမ်း လုပ်နေသည်။
လေချွန်သံ တချက် ကြားလိုက်ရသည်။ အမှောင်ထု ထဲမှ အနုပညာ မြောက်စွာ လွင့်မျောလာသည့် ဆွတ်ပျံ နာပျော်ဘွယ် သံစဉ် တခု လို ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ တစုံတရာ ရှာဖွေနေသည့် အလား ထင်မှတ်ရသည်။ အသံသည် တဖြေးဖြေး နှင့် နီးကပ်လာနေသည်။
ပြတင်းပေါက် နား အရောက်တွင် ရုတ်ခြည်း ပျောက်ကွယ်သွားသည်။ နံရံ၏ သစ်သားထုကြီးထဲ ဝင်ရောက်သွားသကဲ့သို့ပင်။ ဆင်ဝင်အောက်မှ ခြေသံကို ကြားလိုက်ရသည်။ အမေသည် ထိုင်နေရာ မှ ထလာပြီး အထိတ်တလန့်ဖြင့် နားစွင့်လိုက်သည်။
တံခါး ပွင့်လာပြီး အမွှေးပွ ဦးထုတ် ကြီး ဆောင်းထားသော ခေါင်းတလုံး ပြူထွက်လာသည်။ ထို့နောက် ခပ်ပိန်ပိန် ရှိ လူတယောက် ကိုယ်ကို ကိုင်းပြီး လှမ်းဝင်လာသည်။ အိမ်ထဲရောက်သည်နှင့် ကိုယ်ကို ပြန်မတ်လိုက်ပြီး သူ၏ ညာဖက်လက်ကို တမငိ မြှောက်ကာ "ကောင်းသော ညနေခင်းပါ" ဟု နှုတ်ဆက်လိုက်သည်။ အသက်ရှုသံ ပြင်း၍လော မသိ သူ၏ အသံသည် အောက်သံ ထွက်နေသည်။
အမေက ဘာမှ ပြန်မပြောဘဲ ခေါင်းငြိမ့်ပြလိုက်သည်။
ပါဗယ် ပြန်မရောက်သေးဘူးလား ဟု မေးရင်း ဧည့်သည် သည် သူ့ အိမ်သူ့ယာ လား ဝတ်လာသည့် သိုးမွှေး ဂျက်ကက် တို ကို ချွတ်ကာ ခြေထောက် တဖက်ကို မြှောက်ပြီး သူ့ဦးထုတ်နှင့် ဘွတ်ဖိနပ်တွင် ကပ်ပါလာသော နှင်းများကို ခါချနေသည်။ နောက်ထပ် ခြေထောက်တဖက်ကိုလည်း မြှောက်ကာ ထိုအတိုင်းပင် လုပ်ပြန်သည်။ ထို့နောက် ဦးထုတ်ကို အခန်းထောင့် တနေရာသို့ လွှင့်ပစ်လိုက်ရင်း ခြေထောက် ကို လှုပ်ကာ လျှောက်နေရင်းက ကြမ်းပြင်ပေါ်တွင် ထင် ကျန် နေသော သူ့ ခြေရာများကို လှမ်းကြည့်နေပြန်သည်။
စားပွဲရှိရာ သို့ လျှောက်လာပြီး အခိုင်အခံ လုပ်ထားသည်ကို တွေ့၍ သဘောကျသွားပုံ ရသည်။ ပြီးနောက် စားပွဲ တွင် ဝင်ထိုင်လိုက်ပြီး သူ၏ ပါးစပ်ကို လက်နှင့် အုပ်ကာ တချက် သန်းဝေလိုက်သည်။
သူ၏ ဦးခေါင်းသည် အပြစ်ဆိုစရာ မရှိအောင် လုံးဝန်းနေပြီး ဆံပင်ကို တိုတို ညှပ်ထားသည်။ မျက်နှာပေါ်တွင် အောက်သို့ စိုက်ကျ နေသော နှုတ်ခမ်းမွှေး ခပ်ရေးရေး ရှိနေသည်မှ လွဲ၍ အမွှေးအမျှင် ကင်းစင်နေသည်။
သူ၏ ညိုမှိုင်းသော မျက်လုံး ပြူးပြူးကြီးဖြင့် အခန်းတခုလုံး အား စေ့စေ့စပ်စပ် အကဲခတ် သလို ကြည့်ပြီး နောက် ခြေနှစ်ချောင်းကို ချိတ်ကာ စားပွဲ ပေါ် ခေါင်းငုံ့လိုက်ရင်း "ဒီအိမ်က အပိုင်လား၊ ငှားနေတာလား" ဟု မေးလာသည်။
သူ့ရှေ့တည့်တည့် တွင် ထိုင်နေသော အမေက "ကျမ တို့ ငှားနေတာပါ" ဟု ဖြေလိုက်သည်။
"သိတ်တော့ အကောင်းကြီး မဟုတ်ဘူး" ဟု သူက မှတ်ချက်ချလိုက်ပြန်သည်။
အမေက "သားလည်း မကြာခင် ပြန်လာတော့မှာပါ၊ စောင့်လိုက်ပါဦး" ဟု ခပ်တိုးတိုး ပြောလိုက်သည်။
"ဟုတ်ကဲ...ကျွန်တော် စောင့်နေမှာပါ"
ထိုလူ၏ တည်ငြိမ် ရင့်ကျက်မှု၊ ဂရုဏာ သက်စွာဖြင့် လေးလေးနက်နက် ပြောနေသည့် လေသံ၊ ရိုးရှင်းပုံ ရသော မျက်နှာပေး ကြောင့် အမေသည် အားတက်လာခဲ့သည်။ သူမ အား ကြင်ကြင်နာနာ နှင့် မကွယ်မဝှက် စိုက်ကြည့်နေသည့် သူ၏ ကြည်လင်သော မျက်လုံးအစုံ တွင် စိတ်ထဲ ရွှင်မြူး လာပုံရသည့် အရိပ်အယောင်များ ထင်ဟပ်လာသည်။
သူ၏ ပိန်လှီ သော ခြေထောက်များ နှင့် ထောင့်ချိုးချိုး ထားသလို ခပ်ကိုင်းကိုင်း ဖြစ်နေသော ကိုယ်ဟန် အနေအထားသည် ထူးဆန်းပြီး ရယ်စရာ ကောင်းသလို ဖြစ်နေသော်လည်း သူ့တွင် တနည်းတဖုံ ဆွဲဆောင်နိုင်ပြီး ကြည့်လို့ အဆင်ပြေ နေသောပုံစံ မျိုး ရှိနေပြန်သည်။
သူသည် အပြာရောင် ရှပ်အင်္ကျီ နှင့် ပွယောင်း ယောင်း ဖြစ်နေသော အနက်ရောင် ဘောင်းဘီ ကို ဘွတ်ဖိနပ်ထဲ ထည့် ဝတ်ထားသည်။
အမေ စိတ်ထဲတွင်တော့ သူ့ကို ကြည့်ရင်း ဘယ်သူဘယ်ဝါလဲ၊ ဘယ်ကလာတာလဲ၊ သား ဖြစ်သူ နဲ့ သိတာ ဘယ်လောက်ကြာပြီလဲ ဆိုသည့် မေးခွန်းများ တသီကြီး မေးချင်နေမိသည်။
သူမက မမေးမီ မှာပင် သူက ကိုယ်ကို ဆတ်ကနဲ လှည့်ကာ ကောက်ကာ ငင်ကာ မေးလာသည်။
"အမေရဲ့ နဖူးမှာ ကျင်းလို ချိုင့်နေအောင် ဘယ်သူ လုပ်တာလဲ"