စစ်ပွဲ မှန်သမျှ အတွက် ပေးဆပ်ခဲ့ရမှုသည် တန်ဖိုး ကြီးမား တတ်စမြဲ ပင် ဖြစ်သည်။ တနိုင်ငံထက် တနိုင်ငံ မပိုရင်သာ ရှိရမည် လျော့နည်းသွားသည် ဟူကား မရှိ၊ ပထမ ကမ္ဘာစစ်ကြီး အတွင်း စစ်သားပေါင်း ကိုးသန်းခန့် အသက်ဆုံးရှုံးသွားခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ် တွင် ထိုထက် နှစ်ဆနီးပါး များပြားသွားခဲ့သည်။ ဒဏ်ရာရသွားသည့် အရေအတွက်သည် လည်း ထို့ထက် အဆပေါင်းများစွာ ရှိခဲ့သည်။ သေဆုံး ဒဏ်ရာရခဲ့ကြသည့် အရပ်သား အရည် အတွက် သည် သန်းပေါင်း များစွာ ရှိခဲ့သည်။ စီးပွားရေး အရ မည်မျှအထိ ထိခိုက် ပျက်စီးသွားသည်ကိုကား တွက်ချက်၍ပင် မဖြစ်နိုင်အောင် ဖြစ်သွား ခဲ့ရသည်။
စစ်ပွဲ ဆိုသည်ကို အစဉ်အလာ အားဖြင့် လက်နက်ကိုင် တပ်ဖွဲ့များ အသုံးပြုလာခြင်း ဟု အဓိပ္ပါယ် ဖွင့်ဆိုခဲ့ကြသည်။ သို့သော် စစ်ကို အခြား နည်းလမ်းများ သုံး၍လည်း ဆင်နွှဲနိုင်ပြန်သည်။ ဥပမာ စီးပွားရေး အရ ဒဏ်ခတ်မှု၊ ကုန်သွယ်ခွန်များ တိုးမြှင့် စည်းကြပ်လာမှု၊ ဆိုက်ဘာ ဖြင့် တိုက်ခိုက်လာမှု များ ဖြစ်သည်။
စစ်တပ်အင်အား အသုံးပြုလာသည် ဆိုလျင်ပင် သေနတ် တချက် ပစ်ဖောက်စရာ မလိုပဲနှင့် နိုင်ငံတနိုင်ငံကို ကုန်စည်ပို့ဆောင်ရေး နှင့် လူများ သွားလာခွင့်မရအောင် ရေကြောင်း၊ လေကြောင်းမှ ပိတ်ဆို့ ထားနိုင်ပြီး ယင်းသည် စစ်ပွဲဆင်နွှဲသည့် လုပ်ရပ်မျိုးပင် ဖြစ်သည်။
စစ်တပ်အင်အား ကိုလည်း ၎င်းတို့ လိုလားသလို ဖြစ်လာစေရန် ခြိမ်းခြောက်သည့် ပုံစံမျိုး နှင့် ဖြန့်ကျက် ချထားနိုင်သည်။ ယင်းလုပ်ရပ်အား စစ်သင်္ဘော သုံး သံခင်းတမန်ခင်း "gunboat diplomacy' ဟု ခေါ်သည်။ ယင်းအား စစ်ပွဲတပွဲ ဆင်နွှဲသည်ဟု သတ်မှတ်၍ မရသော်လည်း နောက်ပိုင်း တဖက်က ၎င်းတို့ ဖြစ်စေချင်သလို မတုန့်ပြန်ပါက စစ်ပွဲဆီသို့ ဦးတည်သွားနိုင်ပေသည်။
#စစ်ပွဲ ဖြစ်ရသည့် အကြောင်းရင်းများ နှင့် အမျိုးအစားများ
ဆယ့်ကိုးရာစု နှစ် အစောပိုင်း တွင် ထင်ရှား ကျော်ကြားခဲ့သည့် စစ်ရေး မဟာဗျုဟာ အကျော်အမော် ဖြစ်သည့် ပရပ်ရှား ဗိုလ်ချုပ်ကြီး ကားလ် ဗွန် ကလော့ဝစ်ဇ်သည် စစ်ပွဲ ဆိုသည်မှာ နိုင်ငံရေး ကို အခြားနည်းလမ်း သုံး၍ ဆက်လက် လုပ်ဆောင်ခြင်းဟု ပြောဆိုခဲ့သည်။
နိုင်ငံများ အကြား စစ်ပွဲ ဖြစ်ပွားလာရခြင်း၏ အကြောင်းရင်း များသည် ရည်မှန်းချက်၊ လောဘ၊ ဝါဒသဘောတရား၊ ယခင် နစ်နာခဲ့မှု များ ပြန်ရရန်၊ လူ့အသက်များကို ကယ်ဆယ်ရန်၊ ပြိုင်ဖက် နိုင်ငံအား ခေါင်းထောင်မလာစေရန် ပိတ်ဆို့ ဟန့်တားရန်၊ စွမ်းအား ကောင်းသော စစ်လက်နက် များ ပိုင်ဆိုင်မလာစေရန် နှင့် အသုံးမပြုနိုင်အောင် တားဆီးရန် တို့ ကြောင့် ဖြစ်သည်။
သမိုင်းတလျှောက်တွင်တော့ နယ်မြေ ဆိုင်ရာ အငြင်းပွား မှု များသည် စစ်ပွဲ ဖြစ်ပွားလာရခြင်း၏ အဓိက အကြောင်းရင်းခံများ ဖြစ်ခဲ့သည်။ အုပ်ချုပ်သူများမှ နိုင်ငံ တွင်း ဖိအားပေးလာမှု များမှ သက်သာရာ ရအောင် နှင့် ၎င်းတို့ အပေါ် စိတ်ပျက်လာနေသည့် လူထု ၏ အာရုံကို အခြားတဖက်သို့ လွှဲပစ် နိုင်သည့် ဗျူဟာ တရပ် အဖြစ်လည်း အသုံးချခဲ့ရာမှလည်း ဖြစ်ပွားလာခဲ့ခြင်းမျိုးလည်း ရှိသည်။
စစ်ပွဲများကို အမျိုးအစား အလိုက် ခွဲခြား သတ်မှတ် နိုင်သည်။ နှစ်ဆယ်ရာစု နှစ် အတွင်း ဖြစ်ပွားခဲ့သော ကမ္ဘာစစ်ကြီး နှစ်ခုသည် ရှိသမျှ အရင်းအမြစ်များ နှင့် လက်နက်များ ပုံအော် သုံးလာကြ၍ အလုံးစုံ စစ်ပွဲ total wars ဟု သတ်မှတ်သည်။ ရလဒ် အဖြစိကမ္ဘာတဝှမ်း ရှိ လူအများအပြားသည် စစ်ပွဲကြီး ဒဏ်ကို ခံစားခဲ့ကြရသည်။
စစ်ပွဲ အများစုသည် ရည်ရွယ်ချက်ကော၊ နည်းလမ်းများ တွင် အကန့်အသတ် နှင့် ဆင်နွှဲခဲ့ကြသည်။ ဤနေရာတွင် စစ်ပွဲများကို အကန့်အသတ် နှင့် ဆင်နွှဲနိုင်ရန် ရန်ဖက် နှစ်ဦး၊ သို့မဟုတ် နှစ်ဦးထက် ပို လိုအပ်ကြောင်း ညွှန်ပြနေသည်။ စစ်ပွဲတပွဲ ကို ရည်ရွယ်ချက် အကန့်အသတ်၊ အတိုင်းအတာ အားဖြင့်လည်း ကန့်သတ် ဆင်နွှဲခဲ့စေကာမူ ထို အတိုင်းပင် ဆက်ရှိနေမည်ဟု မည်သို့မျှ အာမခံနိုင်မည် မဟုတ်ပေ။
စစ်ပွဲများအား တခါတရံတွင် သမာရိုးကျ သို့မဟုတ် သမာရိုးကျ မဟုတ်သော စစ်ပွဲဟူ၍ လည်း ခွဲခြား နိုင်သည်။ သမာရိုးကျ စစ်ပွဲ ဆိုသည်ကား စစ်မက်ဖြစ်ပွားသည့် နိုင်ငံများ ၏ တပ်များသည် အစိုးရ ထိန်းချုပ်မှု အောက်တွင် ယူနီဖောင်းများ ဝတ်ဆင်ပြီး ကြည်းတပ် အပြင် လေတပ်၊ ရေတပ်များ အသုံးပြု တိုက်ခိုက်ခြင်းမျိုး ဖြစ်သည်။ ထိုသို့သော စစ်ပွဲများသည် လူနေဒေသများ နှင့် ဝေးကွာသည့် စစ်မြေပြင်များ တွင် ဆင်နွှဲလေ့ ရှိသည်။
သမာရိုးကျ မဟုတ်သော စစ်ပွဲကား ယင်းနှင့် ဆန့်ကျင် ဖက် ဖြစ်သည်။ တိုက်ခိုက်နေသူများသည် အစိုးရ တပ်များ မဟုတ်တော့ဘဲ အဖွဲ့အစည်းများ မှ ဖြစ်လာကြသည်။ ၎င်းတို့သည်လည်း စနစ်တကျ ဖွဲ့စည်းထားသော တပ်များ၏ နည်းဗျူဟာ များကို အတုယူလာကြသည်။ ယူနီဖောင်းများ ဝတ် လေ့ ဝတ်ထ မရှိဘဲမကြာခဏ ဆိုသလိုလည်း အရပ်သားများ အကြား ဝင်ရောက်ရောနှောလာတတ်သည်။
ထိုသို့သော စစ်ပွဲများ၏ စစ်မျက်နှာသည် မြို့ပြဒေသ များ ဖြစ် ကောင်း ဖြစ်လာ နိုင်သည်။ သမာရိုးကျ မဟုတ်သော စစ်ပွဲများတွင် အသုံးပြုသော လက်နက် ခဲယမ်းများက နျူကလီယား၊ ဓါတု အဆိပ်ဓါတ်ငွေ့များ၊ ဇီဝ လက်နက်များ ပါဝင်လာနိုင်သည်။
ဆိုက်ဘာ တိုက်ခိုက်မှု များသည်လည်း ထုံးစမ်တခုလို ဖြစ်လာနေသည်။ လူတဦးချင်းစီ သော်၎င်း၊ စစ်ရေး စီမံချက် တခု အဖြစ်၎င်း အသုံးချ လာကြ၍ သမားရိုးကျ နှင့် သမာရိုးကျ မဟုတ်သော စစ်ပွဲများ အကြား ရောထွေးကုန်သည်။ စစ် နှင့် ငြိမ်းချမ်းရေး အကြားလည်း ထို့အတူပင် ဖြစ်သည်။ ဤသို့ဖြင့် သမာရိုးကျ မဟုတ်သော စစ်ပွဲများသည် ပို၍ အဖြစ်များလာခဲ့သည်။