ငလျင် ကြောင့် မရေရာတော့သော နေပြည်တော်၏ အနာဂတ်

by Hla Soewai - May 20 2025

အဆိုပါ ခေါင်းစဉ် ဖြင့် နစ်ကီ အေးရှား တွင် ဒိုမီနစ် ဖော်ဒါ က ယခုလို ရေးသားလာခဲ့သည်။

 

မန္တလေး ကို ဖြတ်၍ မြောက်ဖက်သို့ ဦးတည် နေသော စစ်ကိုင်း ငလျင် ပြတ်ရွေ့ကြောင်းကြီး ပေါ်တွင် နေပြည်တော်သည် ခွ၍ တည်ရှိနေ၍ စစ်အာဏာရှင် တသိုက် ဦးစီး ဆောက်လုပ်ခဲ့သည့် နေပြည်တော်သည် ငလျင်ဒဏ် ခံရပြီး နောက် ပြန်ဆောက် သင့်ပါ၏လောဟု မေးခွန်း ထွက်ပေါ်လာခဲ့သည်။

 

လက်ရှိတွင် ဝန်ကြီးဌာန အချို့ ရန်ကုန်သို့ ပြောင်းရွှေ့သွားခဲ့ရပြီး ကျန်ရှိသော ဌာနများသည်လည်း တရုတ်တို့ ‌ပေးပို့ထားသည့် အသင့် နေထိုင်၍ ရသည့် ကွန်တိန်နာ ပုံစံ ကေဘင် များ ဖွင့်ထားပြီး ဝန်ထမ်းများကမူ အနီးတဝိုက် ရွက်ဖျင်တဲများ ထိုး၍ စားပွဲ၊ ကုလားထိုင်၊ ပန်ကာ၊ မီးစက်များ ချ၍ လုပ်ကိုင်နေကြရသည်။ ယင်းသည် မိုးဒဏ်လေဒဏ် ခံနိုင်ယုံမျှသာ ရှိပြီး တနှစ်လောက်သာ သုံး၍ ရမည်ဟု အမည် မဖေါ်လိုသော အစိုးရ အထက်တန်း အရာရှိကြီး တဦးက ဆိုသည်။

 

အချို့ ဝန်ထမ်းများအား သုံး၍ရသေးသည့် အဆောက်အဦး အောက်ထပ်သို့ ပြောင်းရွှေ့ပေးခဲ့သည်။ ဝန်ကြီးများ အပါအဝင် ဝန်ထမ်း အများစုသည် ကားရပ်နားရာ နေရာများ တွင် တာပေါ်လင် ဖြင့် မိုးထားသော ရွက်ဖျင်တဲများ အောက်တွင် ရုံးတက်နေကြရသည်။

 

နေပြည်တော်ရှိ အစိုးရ အဆောက်အအုံ ၇၀ ရာနှုန်းသည် ပြိုကျ ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။ ဝန်ထမ်း အိမ်ယာ ၆၂၀ ခန့်သည် လုံးဝ နေထိုင်၍ မရ သို့မဟုတ် နေရန် မသင့်တော်တော့သည့် အ‌ဖြစ် ရောက်နေသည်။ အလုံး ၄၄၀ ခန့်သာ နေ၍ ရဆဲ သို့မဟုတ် ပြန်ပြင်၍ ရနိုင်သည့် အနေအထားမျိုး ရှိသည်။

 

သို့သော် ငြားလည်း အထက်ပါ မေးခွန်းသည် စစ်အာဏာရှင် တို့၏ ခေါင်းထဲတွင်တော့ မရှိ။

 

မင်းအောင်လှိုင်သည် ဖောင်ဒေးရှင်းကို ဖြစ်ကတတ်ဆန်း ဆောက်လုပ်ခဲ့၍ အကြီးအကျယ် ပျက်စီးသွားရသည်ဟု အပြစ်ဖို့ကာ ပျက်စီးသွားသော လွှတ်တော် အဆောက်အဦးကို သွားရောက် ကြည့်ရှုခဲ့သည်။ ၎င်းနေထိုင်ရာ အိမ်တော်သည်လည်း ပျက်စီးသွားခဲ့သည်။

 

၎င်းက ထိုသို့ ပျက်စီးခဲ့ရမှုသည် အရည်အသွေး စံချိန်စံညွှန်းမမှီ၍ ဖြစ်ရသည် ဆိုကာ မြေအနေအထား တောင့်တင်းသည့် နေရာမျိုး တွင် ပြန်ဆောက်ရမည်ဟု ပြောသွားခဲ့သည်။ ကာကွယ်ရေး ဝန်ကြီး ဦးစီးသည့် ပြန်လည် တည်ဆောက်ရေး ကော်မတီသည် ပြင်ဆင်ရမည့် လုပ်ငန်းများကို တာဝန်ချပေးလာသည်။

 

ပြန်လည် တည်ဆောက်ရမည့် ကုန်ကျစရိတ်သည် နဲနဲနောနော မဟုတ် ဆိုသည်ကို သိ‌ နေ သော်လည်း ဘယ်ကရ၍ ဘယ်လို သုံးစွဲ မည် ဆိုသည်ကိုတော့ မင်းအောင်လှိုင်သည် ထည့် ပြောသွားခြင်း မရှိပေ။

 

နေပြည်တော်သည် ယခင် အာဏာရှင် ဗိုလ်သန်းရွှေ လက်ထက် ၂၀၀၂ တွင် ပန္နက် ရိုက်ခဲ့ခြင်း ဖြစ်သည်။ ဆယ်စုနှစ် တစု နီးပါး ကြာမြင့်ခဲ့ပြီး ဒေါ်လာ လေး ဘီလီယံခန့် ကုန်ကျခဲ့သည်။ ထိုပမဏ သည် ဘန်ကောက်တွင် အသစ် ဆောက်လုပ်ခဲ့သော Red Line မြေအောက် မီးရထားလမ်း ကုန်ကျစရိတ်ထက် အနည်းငယ်မျှသာ လျော့နည်းနေသည်။

 

ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကိုလည်း ပြည်တွင်း စစ်ကြီးကြောင့် နေရာစုံတွင် မျက်ဖြူဆိုက်နေသည့် စစ်အရာရှိကြီးများက ကွပ်ကဲရဦးမည် ဖြစ်သည်။

 

ယခု အပတ်အတွင်း အမျိုးသား ညီညွတ်ရေး အစိုးရက စစ်တပ်မှ ဗုံးကြဲ၍ ကျောင်းသား ၂၀ ခန့်၊ ဆရာဆရာမ နှစ်ဦး သေဆုံးသွားသည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး စစ်အုပ်စု၏ ရုပ်မြင်သံကြား မှ ‌မျက်နှာ ပြောင်တိုက်ကာ သတင်းမှားဟု ငြင်းဆိုလာသည်။

 

ထိုသို့သော အနေအထားများ ကြားတွင် မြို့တော်ကို စံချိန်စံညွှန်း ပြည့်မီစွာ ပြန်လည် တည်ဆောက်နိုင်ဖို့ ဆိုသည်က မဖြစ်နိုင်။

 

စစ်ကိုင်း ပြတ်ရွှေ့ကြော တလျောက် မြေငလျင် ဒဏ် ခံစားရခြင်းသည် ရှောင်လွှဲလို့ မရဘဲ တချိန်မဟုတ် တချိန် ဖြစ်ပေါ်လာနိုင်သည်မျိုး ဖြစ်၍ အံ့ဩစရာ မဟုတ်၊ ယခင်ကလည်း မြေငလျင်ကြီးများ လှုပ်ခတ်ခဲ့ဖူးသည့် သမိုင်းကြောင်း ရှိနေပြီးသား ဖြစ်သည်၊ နိုင်ငံရေး မုန်တိုင်းကြီး နှင့် အတူ ပြီးခဲ့သည့် လေးနှစ် အာဏာသိမ်းခဲ့မှု ကြောင့် သဘာဝ ဘေး အတွက် စီမံခန့်ခွဲနိုင်မှု ပျက်ယွင်းခဲ့ရသည်ဟု ဧရာဝတီတွင် ဆောင်းပါးရှင်တဦးက ရေးသားခဲ့သည်။

 

၂၀၂၂ အတွင်း မင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည် အစိုးရ မှ သဘာဝ ဘေးအန္တရာယ် အတွက် စီမံခန့်ခွဲရန် အရန်သင့်ထားသည့် ကျပ်ဘီလီယံ ပေါင်း ၄၀၀ (ဒေါ်လာ သန်း ၁၉၀) အား ထုတ်ယူ သုံးစွဲခဲ့ပြီး ဖြစ်သည်။ "စီးပွားရေး ဖွံ့ဖြိုးမှု အစီအစဉ်" များ ဆိုသည်ကလည်း စစ်ကိုင်းတိုင်း အတွင်း ရှိ ပျုစောထီးများ အကျိုးရှိရာ ရှိကြောင်း ဖြစ်လာခဲ့သည်။

 

မန္တလေး တွင် လူအသေ အပျောက် နှုန်းသည် ပို၍ မြင့်မားနေသည်။ မြို့အဝင်အထွက် တွင်လည်း တင်းကျပ်စွာ စစ်ဆေးနေဆဲ ဖြစ်၍ အတိအကျ သိရဖို့ ခက်ခဲနေသည်။

 

စစ်တပ်သည် မြို့တော် ၏ စစ် နယ်နမိတ် များ အတွင်းရှိ စစ်ဌာနချုပ်များ၊ စစ်ရေး အဆောက်အအုံများ၊ မြောက်ကိုရီယား အကူအညီ ဖြင့် တည်ဆောက်ထားသော ဥမင်လှိုဏ်ခေါင်းများ များ ပျက်စီးမှု အတိုင်းအတာ ကို ရေငုံ နှုတ်ပိတ်နေပြီး မြို့၏ ကျန် ဒေသများ နှင့် ပိုင်းခြား ထားသည်။

 

နိုင်ငံတကာ အရေးအခင်းများ လေ့လာရေး အဖွဲ့ မှ ရစ်ချတ် ဟိုဆေးက အခြေအနေ ကောင်းပုံ မရဟု သုံးသပ်ထားသည်။

 

နေပြည်တော်အား အစိုးရ ဝန်ထမ်းများနှင့် သံတမန်များက နကိုယ်ကတည်းက ရွံရှာ မုန်းတီးနေခဲ့ပြီး ဖြစ်သည်။

 

၂၀၀၅ တွင် ဝန်ထမ်းများအား တစုံတရာ ကြိုတင် အသိပေးခြင်း မျိုး မရှိဘဲ ချက်ခြင်းဆိုသလို ရန်ကုန်မှ ပြောင်းရွှေ့ခိုင်းခဲ့သည်၊ သံရုံးများလည်း အငိုက်မိသွားခဲ့ရသည်။ ၎င်းတို့ အတွက် ၅ ဧက ရှိ မြေနေရာ များ သတ်မှတ်ပေးထားခဲ့သော်လည်း ၂၀၁၇ တွင် တရုတ် သံအဖွဲ့ သွားရောက် အခြေစိုက်ခဲ့သည်က လွဲ၍ ကျန် သံရုံးအားလုံး ရန်ကုန်တွင်ပင် ကျန်ရစ်ခဲ့သည်။

 

နေပြည်တော်တွင် စစ်ဗိုလ်ချုပ်များ သဘောကျစရာ ဂေါက်ကွင်း များမှ လွဲ၍ အခြား ဘာမျှ အသုံးမဝင်၊ ရှိနေသည့် ရှော့ပင်းမော နှစ်ခုသည်လည်း စိတ်ပျက်စရာ ကောင်းလှပြီး စားသောက်ဆိုင်ကြီးများ ဆိုသည်ကလည်း မရှိသလောက် ဖြစ်နေသည်၊ လူထု အားလည်း ၎င်းတို့ နေရာများတွင်သာ နေပြီး အပြင်မထွက်နိုင်ရန် ဘတ်စ်ကားများပင် ပြေးဆွဲပေးခြင်း မရှိဟု ဆိုသည်။

 

တကယ်တမ်းတွင် နေပြည်တော်အား အချက်အခြာ ကျသည်ဟု စစ်တပ်က တွေးခေါ် ယူဆခဲ့မှု သည် နှစ်ပေါင်း ရှစ်ဆယ် ကြာလာပြီ ဖြစ်သော တိုင်းရင်းသား များ၏ တော်လှန်နေမှု ကို အကြောင်းခံခဲ့ခြင်းသာ ဖြစ်သည်။

 

လက်ရှိတွင်တော့ နောက်ထပ် ငလျင်ကြီးတခု အနှေးနှင့် အမြန်ဆိုသလို ဖြစ်ပေါ်လာနိုင်သည် ဆိုသော အချက်ကို စစ်ဗိုလ်ချုပ်များ ခေါင်းထဲတွင် ထည့်မထားကြ၊ တကယ်တမ်းတွင် ဖြစ်လာမည့် အချိန်ကို စောင့်နေရသော ဘေးအန္တရာယ်ကြီး မျိုး သာ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချအောင်ရမည်!!!