ဗြိတိသျှ ရဲအဖွဲ့မှ သံအမတ်ကြီး ဦးကျော်စွာမင်းအား ပိုင်နက် ကျုးကျော်မှု ဖြင့် အမှုဖွင့်

by Hla Soewai - May 20 2025

မြန်မာ စစ်အာဏာပိုင်များက ဒီပဲယင်း မြိုနယ် အတွင်းရှိ ကျေးရွာ စာသင်ကျောင်းအား အကြောင်းမဲ့ လူမဆန်စွာ ဗုံးကြဲ တိုက် ခိုက်ခဲ့၍ ကလေးငယ် နှစ်ဒါဇင် ခန့် သေဆုံးသွားရသည် ဆိုသော သတင်းဆိုးကြီး ထွက်ပေါ်လာပြီး ရက်ပိုင်း အတွင်း ဗြိတိသျှ ရဲ အဖွဲ့၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။

 

သံအမတ်ကြီး ဦးကျော်စွာမင်းသည် စစ်အုပ်စု မှ အာဏာ သိမ်းယူခဲ့ခြင်းကို ဆန့်ကျင်ပြီး နိုင်ငံတော် အတိုင်ပင်ခံကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့မှု ကြောင့် ၎င်းအား လန်ဒန် ရှိ စစ်အုပ်စု အလိုတော်ရိများက မြန်မာ သံရုံးထဲ ဝင်ခွင့် မ‌ ပေး ကြတော့။ သို့သော် ဦးကျော်စွာ မင်းသည် ၎င်း နေထိုင်ရာ လန်ဒန် အနောက်‌ မြောက်ပိုင်းရှိ သံအမတ် အိမ်တော် တွင် ဆက်လက် နေထိုင်ခဲ့ခြင်းကြောင့် သံတမန်ရေးရာ အငြင်းပွား မှု ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

 

ဦးကျော်စွာ မင်းမှ သံအမတ် အိမ်တော်သော့ကို ဒီမိုကရေစီ နည်းလမ်း ဖြင့် ရွေးချယ် တင်မြှောက်ခံရသည့် အစိုးရမှ ခန့်အပ်လိုက်သော သံအမတ် အသစ်ကိုသာ လွှဲပြောင်းပေးမည်ဟု လေးနှစ်လုံးလုံး မဆုပ်မနစ် ပြောဆို ခဲ့ပြီး ဖြစ်သည်။

 

သို့သော် လန်ဒန် ရဲ အဖွဲ့မှ ဦးကျော်စွာမင်းအား ပိုင်နက် ကျုးလွန်မှု ဖြင့် စွဲချက်တင်ရန် ဆုံးဖြတ်လိုက်၍ မေလ ၃၀ ရက် နေ့တွင် ဝက်စ်မင်စတာ တရားရုံး တွင် အမှု ရင်ဆိုင် ရမည်ဟု ရိုက်တာ သတင်း တွင် ဖေါ်ပြလာခဲ့သည်။

 

ဤသည်ကပင် မြန်မာ စစ်အုပ်စု နှင့် ဗြိတိသျှ အစိုးရ အကြား သံအမတ် အိမ်တော်နှင့် ပတ်သက်၍ ထိတ်တိုက် ရင်ဆိုင်နေရမှု မှ အခြေအနေ တရပ်သို့ ရွေ့လျားလာခြင်း ဖြစ်ပုံရသည်ဟု The Diplomat စာစောင် တွင် ရေးသားထားသည်။

 

စစ်တပ် အာဏာသိမ်းခဲ့မှု အား တနိုင်ငံလုံး ဒေါသ အမျက်ချောင်း ချောင်း ထွက်နေချိန်တွင် ဦးကျော်စွာမင်း၏ သတ္တိရှိစွာဖြင့် ဆန့်ကျင်ခဲ့မှု အား ထိုစဉ်က ဗြိတိန် ကွန်ဆာဗေးတစ် အစိုးရ အရာရှိကြီးများက ထုတ်ဖေါ် ချီးကြူးခဲ့ကြသည်၊ အကာအကွယ် ပေးသွားမည်ဟုလည်း ကတိပြုခဲ့ကြသည်။

 

သံတမန် ဆက်ဆံရေး ဆိုင်ရာ ဗီယင်နာ ကွန်ဗင်ရှင်း အရ သက်ဆိုင်ရာ အစိုးရ မှ အိမ်ရှင် အစိုးရအား သံအမတ် အပြောင်းအလဲ ကို အသိပေးလာသည့် အခါ လက်ရှိ သံအမတ်၏ သက်တမ်းသည် အဆုံးသတ် သွားပြီ ဖြစ်သည်။ သို့ဆိုက ယခု လုပ်ရပ်သည် ဗြိတိသျှ အစိုးရမှ ဗီယင်နာ ကွန်ဗင်ရှင်းအရ လုပ်ရပါသည်ဟု ဆို၍ ရသောလည်း စစ်အုပ်စု အား အစိုးရ တရပ် အဖြစ် သွယ်ဝိုက် အသိအမှတ် ပြုလိုက်ခြင်းလောဟု စွပ်စွဲစရာ ဖြစ်လာရသည်။

 

မြန်မာ တာဝန်ခံယူရေး ပရိုဂျက် မှ ခရစ် ဂန်းနက်စ် မှ စစ်အုပ်စု သည် အင်္ဂလိပ် တရားရုံး များ အား အခွင့်အရေး တရပ် အဖြစ် ပြောင်ပြောင်တင်းတင်း အသုံးချကာ ၎င်းတို့၏ တရားမဝင် အုပ်ချုပ်နေမှု ကို အသိအမှတ် ပြုခံရအောင် ကြိုးပမ်းလာခြင်း ဖြစ်၍ ယူကေ အနေဖြင့် ရှုတ်ချ ဒဏ်ခတ်ထားသော စစ်အုပ်စု အား လန်ဒန် ရှိ သံအမတ် နေအိမ်အား ၎င်းတို့ ပိုင် အဖြစ် သိမ်းယူခွင့် ပြုခြင်းသည် မိမိတို့၏ အမျိုးသား အကျိုးစီးပွား နှင့် မညီ၊ မြန်မာရှိ ဒီမိုကရေစီ အရေး အား ထောက်ခံမှု ပေးနေသည့် ဗြိတိန်၏ မူဝါဒကို ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်စေနိုင်သည်ဟု ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

 

၎င်းမှ ဗြိတိန်၏ ရှေ့နေချုပ်အားလည်း ထိုအမှု ကို ဝင်ရောက် တားမြစ်ပေးရန်လည်း တောင်းဆိုထားသည်။

 

ဗြိတိန်သည် စစ်အာဏာသိမ်း အဖွဲ့အား ယခုထိ တရားဝင် အသိအမှတ် ပြုခြင်း မရှိသေး၍ စစ်အုပ်စု မှ အိမ်ရှင် အစိုးရ၏ တရားဝင် ခွင့်ပြုချက် တောင်းခံစရာ မလိုသည့် သံရုံး အကြီးအကဲ ရာထူး ဖြင့် လန်ဒန် သို့ ကိုယ်စားလှယ် စေလွှတ်ခဲ့ရသည်။ အမျိုးသား ညီညွတ်ရေး အစိုးရအားလည်း အလားတူ အသိအမှတ် ပြုရန် လိုလိုလားလား မရှိ ဖြစ်နေသည်။

 

ထိုအစား ဗြိတိန်သည်လည်း အခြားနိုင်ငံများလို ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားနိုင်မည့် နည်းလမ်း အဖြစ် အချိန်က အခြေအနေကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု ဆိုကာ "ပြဿနာကို နောက်ဆုတ်သွားစေရန် မျှော်ကိုးခြင်း" လမ်းကို ရွေးချယ်ခဲ့သည်။

 

စစ်အုပ်စုသည် ၎င်းတို့ သိထားသည့် လမ်းစဉ် တရပ် အဖြစ် ဦးကျော်စွာမင်းအား နေအိမ်မှ အတင်းအကျပ် ဖယ်ရှားပေးရန် တောင်းဆိုလာခဲ့သည်။ သို့သော် လန်ဒန် မှ ထိုသို့ လုပ်ရန် ငြင်းဆိုပြီး သံအမတ်ကြီးအား အခြားနေစရာ ရှာရန် တိုက်တွန်းလာခဲ့သည်။

 

ဦးကျော်စွာ မင်း မှ တသမတ်တည်း ငြင်းပယ်နေခြင်း ကြောင့် ယခုလို ဖိအား ပေးရန် ရည်ရွယ်လာခြင်း ဖြစ်သည်။ သို့သော် ထိုကဲ့သို့ အမှုမျိုးသည် ပြည်ထောင်စု မြန်မာ နိုင်ငံပိုင် ပစ္စည်း ဖြစ်သည် ဆိုကာ ခုခံ ချေပ သွားဖို့သာ ရှိနေ၍ ရေရှည် သွားနိုင်သဖြင့် ဗြိတိန် အဖို့ သူ့အလိုအလျောက် ပြီးမြောက်သွားဖို့ မျှော်လင့်ယုံ သာ ရှိတော့သည်။

 

ဦးကျော်စွာမင်း ကြီးသည် လက်ရှိ တွင် အဆိုပါ အငြင်းပွားနေသော သံအမတ် အိမ်တွင် ဆက်၍ နေထိုင်နေဆဲ ဟုတ်မဟုတ်ကို အတိအကျ မသိရသေးပေ။

 

နောက်ဆုံးရရှိသော သတင်းအရ သီလဝါ ဆိပ်ကမ်း ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်း တွင် ပါဝင်နေသော ဂျပန် ကုမ္ပဏီကြီး များ ဖြစ်သည့် ကာမီဂူမီ၊ ဆူမီတိုမို နှင့် တိုယိုတာ တီဆူရှို တို့ မှ ဆက်လက် ပါဝင် လုပ်ဆောင်တော့မည် မဟုတ်ဟု ဗုဒ္ဓဟူးနေ့တွင် ကြေညာချက် ထုတ်ပြန်လာခဲ့သည်ဟု သိရသည်။

 

ကေအင်ယူ ၏ တပ်မဟာ (၇) မှ လှိုင်းဘွဲ့မြို့ အရှေ့ ၂၅ မိုင် အကွာရှိ ခလရ (၂၄) တပ်စွဲထားသော ,‌တာလယ် စခန်းကုန်း ကို မေလ ၉ ရက်နေ့မှစ၍ ငါးရက်ကြာ တိုက်ခိုက်ပြီး သိမ်းယူနိုင်ခဲ့သည်ဟု ကေအင်ယူ မှ အတည်ပြု ပြောကြားခဲ့သည်။

 

ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!