တရုတ်၏ "ရုပ် သေး" ဟု အမည် တွင်နေသည့် မင်းအောင်လှိုင် သည် မော်စကို တွင် ရှီကျင့်ပင် နှင့် ရှားရှားပါးပါး တွေ့ခွင့် ရခဲ့စဉ် အတွင်း နိုင်ငံတွင်း ရှိ တရုတ် အကျိုးစီးပွား ကို စွမ်းစွမ်းတမံ ကာကွယ် ပေးသွားမည် ဟု ကတိပေးခဲ့ရှာသည်။
ကြာသပတေး နေ့ တွင် တော့ နွားထိုးကြီး မြို့နယ် အတွင်းရှိ တရုတ် ဓါတ်ငွေ့ ပိုက်လိုင်းမှ ခွဲထုတ် စခန်း off-take station တခု အား စောင့်ကြပ်နေသော စစ်ကောင်စီ တပ်သား ၈၀ ခန့်သည် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့၏ တိုက်ခိုက်လာမှု ကြောင့် စခန်းအား စွန့်ခွာကာ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။
တရုတ် အစိုးရ မီဒီယာ များက လေးနှစ် အတွင်း ပထမ ဆုံး အကြိမ် တွေ့ဆုံခဲ့မှု ဟု ဖေါ်ပြခဲ့ပြီး ရှီကျင့်ပင် မှ "တရုတ် ဝန်ထမ်းများ၊ အဖွဲ့အစည်းများ၊ ပရိုဂျက်များ လုံခြုံမှု ရှိရေးကို အာမခံပေးရန် နှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု များ တိုက်ဖျက် ရေး အား အရှိန်မြှင့် လုပ်ဆောင်ပေးရန်" တိုက်တွန်းခဲ့သည်ဟု ဖေါ်ပြထားသည်။
ထိုသို့ တွေ့ဆုံခဲ့မှု အပေါ် နိုင်ငံတကာ ရှိ မြန်မာ အရေး လေ့လာသုံးသပ်သူများ၏ သုံးသပ်ချက်များကို South China Morning Post တွင် ဖေါ်ပြထားသည် ကို တင်ပြသွားပါမည်။
ဂျေဆင် တာဝါ (အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု)
ရှီကျင့်ပင် သည် လေးနှစ်ကျော် မတွေ့ပဲ ထားခဲ့ရာမှ ယခု အခါ ကျရှုံးလာနေပြီ ဖြစ်သော စစ်အုပ်စု အား ပို၍ ထောက်ခံပေးဖို့ လိုအပ်လာသည်ဟု ယူဆလာသည်ကို ထုတ်ဖေါ်ပြသလိုက်ခြင်းပင် ဖြစ်သည်။
ထိုသို့ တွေ့ဆုံနိုင်ရန် ရုရှားဖက်မှလည်း နေရာထိုင်ခင်းက အစ စီစဉ်ပေးခဲ့သည်ကို ကြည့်မည် ဆိုက ရုရှား နှင့် တရုတ်သည် မြန်မာ အရေး အပေါ် ပို၍ နီးနီးကပ်ကပ် ညှိနှိုင်းလာမှု ကို ပြဆိုနေသည်။
သို့သော် ရှီ သည် မင်းအောင်လှိုင်အား လက်ခံ တွေ့ဆုံခဲ့မှု ကြောင့် မြန်မာနိုင်ငံ အတွင်း တရုတ် ဆန့်ကျင်ရေး သဘောထား များ ပြင်းထန်လာခဲ့ရသည်သာ အဖတ်တင် ကျန်ခဲ့သည်။ တရုတ်၏ အပြင်းအထန် ဖိအား ပေးမှု ကြောင့် ကိုးကန့် အဖွဲ့သည် လားရှိုးအား ပြန်ပေးလိုက်ရသည်အထိ ဖြစ်လာခဲ့မှု အပေါ် လည်း စိုးရိမ်မကင်း ဖြစ်မှုများ ကြီးထွားလာခဲ့သည်။
ဆက်တိုက် ဆိုသလို အရှက်ရနေသော မင်းအောင်လှိုင် အဖို့ အနည်းငယ် အသက်ရှု ချောင်သွားစေခဲ့ရသော်လည်း ၎င်းတို့ အသက်ဆက် နိုင် ရေး အတွက် တရုတ် အပေါ် ပို၍ မှီခိုလာရမှု ကြောင့် "ပြည်ပအားကိုး ပုဆိန်ရိုး" ဟု သမုတ်ခြင်း ခံခဲ့ရသည် ဟု ဆိုသည်။
ဇာကာရီ အဘူဇာ (ဝါရှင်တန် အမျိုးသား စစ်ကောလိပ်)
ကင်မရာ ရှေ့တွင် အပြုံးများ ဝေဆာနေသော်လည်း နောက်ကွယ်တွင် မူ လုပ်မည်ဆိုသော ရွေးကောက်ပွဲ အတွက် စစ်မြေပြင် တွင် သိသိသာသာ တိုးတက်လာအောင် လုပ်ဖို့ ပြောဆို ဖွယ် ရှိသည်။
တရုတ်သည် ရွေးကောက်ပွဲ အား စစ်အုပ်စု၏ သွားနေရာ လမ်းကြောင်းမှ ခွဲထွက်နိုင်မှု အဖြစ် ရှုမြင်ထားသည်။ ဤသည် မှာလည်း ၎င်းတို့ မည်သို့ မျှ အနိုင်ရ နိုင်တော့မည် မဟုတ်ဆိုသည် ကောင်းစွာ သိထားပြီး ဖြစ်၍ နိုင်ငံရေး အရ အဖြေရှာနိုင်ရေး ဖက် လှည့်လာခြင်း ဖြစ်သည်။
အတိုက်အခံများ ဖက်က အနိုင်ရသွားမည်ဆိုက တရုတ် အတွက် ရှုပ်ထွေး လာနိုင်သည့် ဖက်ဒရယ် ဒီမိုကရေစီ နှင့် ထိုထက်ပို၍ ဆိုးသွားနိုင်သည်က ရေရှည်လာမည့် ပြည်တွင်းစစ်ကြီး ဆိုသည့် အန္တရာယ် များ ရှိနေသည်။
ထိုအကြောင်းများ ကြောင့် စစ်အုပ်စု အလွန် နိုင်ငံရေး တွင် စစ်တပ်မှ အတိုင်းအတာ တခုအထိ ကိုယ်စားပြုနိုင်မည့် ပုံစံမျိုးသာ အလိုရှိ နေသည်။
ဘီဂျင်းသည် ထွက်ပေါ်လာမည့် အစိုးရ ပုံစံ အပေါ် သံသယ ရှိနေသော်လည်း ၎င်းတို့ အဓိက ထားနေသည်က နယ်စပ်ဒေသ တည်ငြိမ်ရေး နှင့် ၎င်းတို့ အကျိုးစီးပွားများ ကာကွယ် နိုင်ရေးပင် ဖြစ်သည်။
ကီလိုမီတာ ၁,၀၀၀ ကျော်ရှိပြီး ဒေါ်လာ ၁၅ ဘီလီယံ ခန့် ကုန်ကျနိုင်မည့် ကျောက်ဖြူ ဆိပ်ကမ်းမှ မူဆယ် အထိ ဖေါက်လုပ်မည့် စင်္ကြန်လမ်းမကြီးသည် တော်လှန်ရေး တပ်ပေါင်းစု ၏ ထိန်းချုပ် နယ်မြေများ ကို ဖြတ်သန်းသွားရမည် ဖြစ်၍ တိုးတက်မှု တစုံတရာ ရှိမလာသည့်အပြင် မန္တလေး-မူဆယ် မီးရထားလမ်း သည်လည်း ရပ်တန့်ထားရသည်။
မိုက်ကယ် ဂရေဗားစ် (တွဲဖက် ပါမောက္ခ၊ ဒိန်းမတ် အာဟုစ် တက္ကသိုလ်)
ဘီဂျင်းသည် ယခုအခါ အာရက္ခ တပ်တော်မှ ရခိုင်ပြည်နယ် တခုလုံး နီးပါး ကို ထိန်းချုပ်ထားပြီး ဖြစ်သဖြင့် ၎င်းတို့၏ ရပ်ဝန်း နှင့် လမ်း စီမံကိန်းများအတွက် စိုးရိမ်မကင်း ဖြစ်လာနေသည်။
နိုင်ငံရေး အစီအမံများကိုလည်း နှိုင်းနှိုင်းချိန်ချိန် ဖြင့် ဆက်၍ လုပ်ရန် တရုတ် သမ္မတ မှ မင်းအောင်လှိုင်အား ပြောသည်ဟု လူသိရှင်ကြား ထုတ်ပြန်လာခဲ့ခြင်းသည်ကပင် ရွေးကောက်ပွဲ မတိုင်မီ အခြေအနေများ ပို၍ တည်ငြိမ်လာအောင် ပြုလုပ်သင့်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သို့မဟုတ်က ၎င်းတို့ ထိန်းချုပ်ထားနိုင်သည့် နေရာ ကွက်ကွက် လေး တွင် သာ ပြီးစလွယ် လုပ်သွားတော့မည် ဖြစ်သည်။
ရှီကျင့်ပင်သည် မင်းအောင်လှိုင်အား မြောက်ပိုင်း နှင့် အရှေ့မြောက် ဒေသ ရှိ တိုင်းရင်းသား အဖွဲ့များ နှင့် ပြေလည် အောင် လုပ်စေချင်သော်လည်း မင်းအောင်လှိုင်ဖက်က မည်သို့မျှ မလိုက်လျောပဲ ဗုံးများ ဆက်တိုက် ဆိုသလို ကျဲ နေသည်က ရှီ မျှော်လင့်သည့် ဆင်ခြင်တုံတရား လက်ကိုင်ထားသည့် ခေါင်းဆောင်မှု မျိုး ဖြစ်မလာခဲ့ ဟု သတင်းစာ တွင် ဖေါ်ပြထားသည်။
မိမိ အမြင်ကို ပြောရလျင် ရှီကျင့်ပင် မှ ငလျင်ဒဏ် ခဲနေရချိန်တွင် ပင် အကြိမ်ပေါင်း များစွာ ဗုံးကြဲတိုက်ခိုက်နေသည့် အဖြစ်ကို သိနေ၍ ချင့်ချင့်ချိန်ချိန် လုပ်ရန် လူသိရှင်ကြား ပြောဆိုသွားခြင်းဖြင့် ထိုဖြစ်စဉ်များသည် မိမိတို့ မြှောက်ပေးနေခြင်း မဟုတ်ဟု ရှောင်လွှဲလိုက်ခြင်းသာ ဖြစ်သည်။
မင်းအောင်လှိုင်ဖက်ကလည်း ရွေးကောက်ပွဲ လုပ်ရန် နှင့် တရုတ်တို့ ဖြစ်စေချင်သလို ၎င်းတို့ အာဏာတည်မြဲ နေရန် ဒီနည်းလမ်းသာ ရှိတော့သည့် ဆိုပြီး အကြောင်းပြလာမည်သာ ဖြစ်သည်။ ထို့အတွက် နကိုယ်ကပင် "အာဏာသည် သေနတ်ပြောင်းဝက ထွက်လာသည်" ကို လက်ခံထားသော တရုတ် အစိုးရအားလည်း သဘောပေါက်စေဖို့ အထူးတလည် ပြောနေစရာပင် မလိုပေ။
တရုတ် အစိုးရ လိုလားသော ငြိမ်းချမ်းရေးသည် စစ်ဗိုလ်ချုပ် များ အုပ်ချုပ်ပြီး လူထု သည်လည်း anticipatory obedience ပုံစံ ဖြင့် ကျိုး နွံလာရေး ပင် ဖြစ်သည်။ ဥပမာ အားဖြင့် မြစ်ဆုံလို ကိစ္စမျိုး ထပ်ပေါ်လာမည်ကို စိုးရိမ်စရာ မရှိ။
သို့သော် တရုတ် ကွန်မြူနစ် ခေါင်းဆောင်ကြီးသည် မင်းအောင်လှိုင် အား လက်ခံ တွေ့ဆုံပေးခဲ့ရမှုအား အခွင့် အရေး တရပ် အဖြစ် အသုံးချကာ ၎င်းအ နေဖြင့် ပါးပါးနပ်နပ် ရှောင်ထွက်နိုင်ခွင့် ရသွားခဲ့ခြင်းပင် ဖြစ်သည်။
ရှီကျင့်ပင် က နှိုင်းနှိုင်းချိန်ချိန် လုပ်ဖို့ ပြောပြီး မကြာမီ မှာပင် ဒီပဲယင်း မြို့နယ် အတွင်းရှိ စာသင်ကျောင်းအား ဗုံးကြဲတိုက်ခိုက်၍ ကလေးသူငယ် နှစ်ဒါဇင် ခန့် သေဆုံးသွားသည့် သတင်းဆိုကြီး ထွက်ပေါ်လာခဲ့ရသည်။
တရုတ်ဖက်မှ မတတ်သာ၍ ရေငုံ နှုတ်ပိတ်နေရသော်လည်း ၎င်းတို့ဖက်မှ စစ်လက်နက်များ ထောက်ပံ့ပေးနေသည်ကို တကမ္ဘာလုံးက သိထား၍ ဒေါသ အမျက်ချောင်းချောင်း ထွက်နေမည်သာ ဖြစ်သည်။
ဤသည်ကို သိသော မင်းအောင်လှိုင်တို့ စစ်အုပ်စုသည် ၎င်းတို့ လက်ဝယ်ရှိ များပြားလှသော ဖေ့စ်ဘုတ် နှင့် တယ်လီဂရမ် အကောင့်များကို သုံး၍ လုပ်ကြံ ဖန်တီးသော သတင်းများ ဖြစ်သည်ဆိုကာ လိမ်ညာ ထုတ်လွှင့်ခြင်း၊ မင်းသား မင်းသမီးများ၏ ငယ်ကျိုး ငယ်နာ များ ရေးသားသော သတင်းများ ဖြင့် အာရုံ လွှဲနိုင်ရန် စီမံချက်တရပ် အဖြစ် အမြန် အကောင်အထည် ဖေါ်လာခဲ့သည်။
၎င်းတို့၏ ပို့စ်များ၊ ကွန်မန့်များသည်လည်း တူညီလုနီးပါး ဖြစ်နေသည်ဟု NUG ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်ဟု မြန်မာ နောင်းတွင် ဖေါ်ပြထားသည်။
ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!