ဂါဇာ၊ မြန်မာ၊ ယူကရိန်း

by Hla Soewai - May 20 2025

မြန်မာသည် ကမ္ဘာတွင် ပြဿနာ အရှိဆုံး နိုင်ငံ တခု အဖြစ် ပါဝင်နေသည်ကို ပုပ်ရဟန်းမင်းကြီး အသစ် လီယို ဆယ့်‌ လေး ၏ စိန့်ပီတာ ရင်ပြင်ကြီး ရှိ ဘဆီလီကာ နန်း‌တော် လေသာ ဆောင်မှ ပထမဦးဆုံး စတင်လိုက်သည့် ဝတ်ပြုပွဲ အဆုံးတွင် ဂါဇာ၊ ယူကရိန်း၊ မြန်မာ ဟူ၍ အမည်တပ် ဆုတောင်း မေတ္တာ ပို့သ သွားခဲ့ခြင်းက ဖေါ်ညွန်းနေပြီ ဖြစ်သည်။

 

မြန်မာ တွင် ဖြစ်ပွားနေသော ရန်လို မှု များကြောင့် အပြစ်ကင်းစင်သော ကလေးသူငယ်များ မသေသင့်ပဲ သေဆုံး သွားခဲ့ရသည်ဟု ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

ကျွန်တော်တို့ ဆီမှ ဆရာတော်ကြီးများသည်လည်း စစ်ခေါင်းဆောင်များ နှင့် အနီးကပ် ဆက်ဆံနိုင်ခွင့် ရရှိ‌ နေ၍ ထိုသို့ လူစိတ် ကင်းမဲ့စွာ ကိုယ် ပြည်သူ ပြည်သား များ အပေါ် အကြမ်းဖက်နေသည့် လုပ်ရပ်များကို လူသိရှင်ကြား မ ပြောရဲသည့် တိုင် နှစ်ကိုယ်ကြား လောက်တော့ ဖျောင်းဖြ ပြောဆိုသင့်သည်၊ ပြောဆိုလိမ့်မည်ဟုလည်း မျှော်လင့်ရပေသည်။

 

လမ်းပေါ်တွင် အဆင်ခြင်မဲ့စွာ ပစ်ခတ်ခဲ့မှု ကြောင့် အထင်ကရ ဆရာတော်ကြီး တပါးလည်း ပျံလွန်တော် မူသွားခဲ့ရပြီ ဖြစ်သည်။

 

စာသင် ကျောင်းအား ဗုံးကြဲတိုက်ခိုက် မှု အပေါ်ကုလသမဂ္ဂ အပါအဝင် အီးယူ၊ ပြင်သစ်၊ ဩစတေးလျှ၊ အမေရိကန် အစရှိသည့် နိုင်ငံ အများအပြားက ဝိုင်းဝန်းရှူတ်ချခဲ့ကြပြီး ဖြစ်သည်။ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အအုံ အစရှိသည်တို့အား လူ့ကျင့်ဝတ် အရ အထူး ရှောင်ရှားကြရသည် ချည်းသာ ဖြစ်သည်။ သို့သော် တာဝန်ခံယူ မှု ကင်းမဲ့နေမှု သည် ယဉ်ကျေး မှု တရပ်လို ဖြစ်နေ‌သော နိုင်ငံတွင် လုပ်ချင်သလို လုပ်ခွင့်ရနေခြင်းကပင် အန္တရာယ် တခုပြီး တခု ထပ်တိုးလာနေခြင်းမျိူး ဖြစ်လာနေသည်။

 

မေလ ၁၆ ရက်‌ နေ့ အေပီ သတင်းတွင် ငလျင်ဒဏ်‌ ကြောင့် ဘန်ကောက်ရှိ အဆင့်မြင့် အဆောက်အဦး များ ပြိုကျ ပျက်စီးသွားမှု အတွက် ရာဇဝတ်မှု နှင့် မကင်းသော ပေါ့လျော့ မှု နှင့် အမှုဖွင့် ခံထားရသော ဆောက်လုပ်ရေး ကုမ္ပဏီ အကြီးအကဲများ၊ ကန်ထရိုက်များ၊ အင်ဂျင်နီယာ များ၊ ဒီဇိုင်း ရေးဆွဲသူ ဗိသုကာ ပညာရှင်များ၊ စုစုပေါင်း ၁၇ ဦးသည် သော ကြာ နေ့တွင် ရဲစခန်းသို့ လာရောက် အဖမ်းခဲကြသည် ဟု ပါရှိလာသည်။

 

နေပြည်တော်တွင် မူ မင်းအောင်လှိုင် ကိုယ်တိုင်က ညွံဖျင်းသော အရည်အသွေးနှင့် ဖြစ်ကတတ်ဆန်း ဆောက်လုပ်ခဲ့မှု ကြောင့်ဟု အတိအလင်း ပြောဆိုခဲ့သော်လည်း မည်သူတဦး တယောက်မျှ အရေးယူခြင်း မခံရသည့် အပြင် ထိုပုဂ္ဂိုလ်များကို ပင် ပြန်ဆောက်ခိုင်းဦးမည်ဟု ပင် သတင်းများ ထွက်နေသည်။

 

စစ်ကိုင်း မြေငလျင်ကြီး ၏ ဒဏ်ရာဒဏ်ချက်များက မည်သို့မျှ နာလန်ထူလာသည့် အရိပ်အယောင်များ မတွေ့သေးပဲ စစ်အုပ်စု က ခြေဒရွတ်တိုက် ဆွဲနေဆဲပင် ဖြစ်သည်။

 

၎င်းတို့က သဘာဝ ဘေး အန္တရာယ် ဟု ခေါင်းထဲ ထည့်ထားခြင်း မရှိဘဲ ၎င်းတို့၏ အုပ်ချုပ်နေမှု အား တရားဝင် အဖြစ် ရှုမြင်လာရန် ရှေ့လျောက် နိုင်ငံရေးအရ မည်သို့ အသုံးချ အမြတ်ထုတ်ရမည် ဆိုသည်ကိုသာ တွေးနေဆဲ ဖြစ်သည်။

 

ငလျင်ဒဏ် ခံရပြီး နောက် မကြာမီ၊ ၎င်းတို့ အပစ်အခတ် ရပ်စဲထားပါသည်ဟု ထပ်တလဲလဲ ပြောဆို ‌ နေစဉ် အတွင်း စာသင်ကျောင်းအား ဗုံးကြဲ တိုက်ခိုက်ခဲ့မှု သည် မည်သို့မျှ ပယ်ဖျောက်၍ မရတော့သော လူမဆန်မှု အဖြစ် သမိုင်းတွင် ကျန်ရစ်ပေတော့မည်။

 

စစ်တပ် မှ ယခုလို ဖာသိဖာသာ နေပြီး ၎င်းတို့ အုပ်ချုပ်ရေး ခိုင်မြဲသည်ထက် ခိုင်မြဲအောင် ကြံဆောင်နေရွေ့ လူထု အဖို့ ခံနိုင်ရည်အား ကို ရက်ရက်စက်စက် ဝန်နှင့် မမျှ‌အောင် ရှေ့လျောက် မွေးမြူ ကြရတော့မည်သာ ဖြစ်သည်။

 

ဂါဇာ၊ ယူကရိန်း တို့နှင့် တန်းတူ စာရင်း ဝင်သွား လောက်သည် အထိ ပဋိပက္ခ ကြီး ဖြစ်ပွား လာမည်ဟု မည်သူ မျှော်လင့်ထားကြပေမည်နည်း။

 

ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!