အနှစ် ၈၀ မြောက် ဒုတိယ ကမ္ဘာစစ် အောင်ပွဲခံ အခမ်းအနား သို့ တက် ရောက်ရန် မော်စကိုသို့ ရောက်ရှိ နေသော တရုတ်သမ္မတ ရှီကျင့်ပင် မှ ရုရှားသို့ ငါးကြိမ်မြောက် ရောက်ရှိလာသည့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အား အခမ်းအနား ၏ ဘေးထွက် အစီအစဉ် အဖြစ် လက်ခံ တွေ့ဆုံခဲ့သည်ဟု တရုတ် ၏ ဆင်ဟွာ သတင်းဌာနမှ သတင်းတို လေးဖေါ်ပြလာသည်။
မင်းအောင်လှိုင် နှင့် စစ်ခေါင်းဆောင်များ ပြုတ်မကျစေရန် တရုတ်မှ ဝင်ရောက် ကြားဝင် ပေးခဲ့ပြီး ပထမဆုံး အကြိမ် တွေ့ခွင့်ရခဲ့ခြင်းလည်း ဖြစ်သည်။
အဖြေကား လယ်ပြင်တွင် ဆင်သွားသလိုပင် ရှင်းလင်းလှသည်။ တရုတ်ပြည် ကွန်မြူနစ် ပါတီ ခေါင်းဆောင်ကြီးသည် တိုင်းပြည် နှင့် လူထု အား ဖွတ်ကျောပြာစု မတတ် နိပ်စက် ညှင်းပမ်းသတ်ဖြတ်နေသော စစ်ဗိုလ်ချုပ် တသိုက် နှင့် အလိုတူ အလိုပါ ဖြစ်သည်ဟု ပထမဆုံး အကြိမ် လူသိရှင်ကြား အသိပေးလိုက်ခြင်းပင် ဖြစ်သည်။
တရုတ်သည်လည်း စစ်အေး တိုက်ပွဲ အပြီး နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးကို ပထမဆုံး အကြိမ် ဗြောင်ကျကျ စွက်ဖက်ခဲ့ခြင်း ဖြစ်သည် ဆိုသော သမိုင်း မှတ်တမ်း လည်း တွင် သွားခဲ့ရပြီ ဖြစ်သည်။
တရုတ်မှ ဝင်ရောက် ဖြန်ဖြေ ပေးသည် ဆိုသော်ငြားလည်း တကယ်တမ်း တွင် ၎င်းတို့ တောင်းဆိုသည်များကို စာရွက်ပေါ်တွင် လက်မှတ်ထိုးမည်လော၊ ဗုံးကြဲ ခံမည်လော ဟူသော လမ်းနှစ်လမ်း မှ တလမ်းကို ရွေးခိုင်းခြင်းပင် ဖြစ်သည်။
၎င်းတို့ တောင်းဆိုသည်များ လက်မှတ် ထိုးရန် ငြင်းပယ်ခဲ့ ၍ TNLA ထိန်းချုပ်ထားသည့် နောင်ချိူ ရှိ ရွာလေးရွာ အား အပြင်းအထန် ဗုံးကြဲတိုက်ခိုက်လာခဲ့သည်။
မော်စကို ရှိ မင်းပရိသတ် အလည်သို့ မျက်နှာငယ်ငယ် ဖြင့် ရောက်လာကြသည့် မင်းအောင်လှိုင် နှင့် အဖွဲ့ အားလည်း ကိုယ့်အပူ နှင့် ကိုယ် ဖြစ် နေရှာ သော ရုရှား ခေါင်းဆောင်များက ချေးမည့်ငှားမည့် အပူကပ်မည့် ရွာမှ ဧည့်သည်များ ရောက်လာကြသည့်အလား ကြည့်ကောင်းအောင် ပြောလွှတ်ဆိုလွှတ် ဆက်ဆံ နေကြခြင်းထက် မပိုပေ။ ထို့ အတွက်ကြောင့်လည်း ၎င်းတို့ အခေါက်ခေါက် အခါခါ သွားကာ နားပူနားဆာ လုပ်နေကြရခြင်း ပင် ဖြစ်သည်။
နျူကလီယား ဓါတ်ပေါင်းဖို စီမံကိန်းသည်လည်း ယခုထိ ပန္နက်ပင် မချရသေး၊ မည်သည့် နေရာ တွင် ထားမည် ဆိုသည်ကိုလည်း လူသိရှင်ကြား မထုတ်ပြန် ရသေးပေ။
တရုတ်သမ္မတ အား ပူတင် နှင့် ဘေးချင်းယှဉ် နေရာပေးထားသော်လည်း မင်း အောင်လှိုင် အဖို့ကား နောက်ဆုံး ခုံတန်း တွင် မထင်မရှား ထိုင်နေရရှာသည်၊ ထိုဓါတ်ပုံအား မစ္စတာ ရှောင်တန်နဲလ် မှ loser of losers ဆိုကာ ထုတ်ပြလာခဲ့သည်။
ဗီယက်နမ် ခေါင်းဆောင် တို့ ဇနီးမောင်နှံကား ရှေဆုံးတန်း တွင် တလေးတစား နေရာပေးထားသည်ကို တွေ့နိုင်ပေသည်။ အကယ်၍သာ ပူတင်က နိုင်ငံတော် အတိုင်ပင်ခံ ကိုသာ မင်းအောင်လှိုင်လိုဆက်ဆံမည် ဆိုက တနိုင်ငံလုံး ပွက်လော ရိုက်သွားပေတော့မည်။
ရုရှား ၏ စစ်ရေးပြ အခမ်းအနားကို နှစ်စဉ် လေ့လာစောင့်ကြည့်နေကြသည့် အဖွဲ့အစည်း များ၏ အဆိုအရ ထုတ်ပြလာသော စစ်သုံးပစ္စည်း များ သိသိသာသာ လျော့ကျသွားပြီ ဖြစ်၍ bear to bare ဟု ပင် လှောင်ပြောင် သရော်လာကြပြီ ဖြစ်သည်။
ကုလသမဂ္ဂ မှ ၂၀၂၄ အတွက် အဖွဲ့ဝင် နိုင်ငံ ပေါင်း၁၉၃ နိုင်ငံ ၏ လူသား အရင်းအမြစ်များ ဖွံ့ဖြိုးမှု အညွန်းကိန်း တွင် မြန်မာ သည် အဆင့် ၁၅၀ တွင် ရောက်ရှိနေသည်။ အဆိုပါ အညွန်းကိန်း အား နိုင်ငံသား တို့ ၏ ပျမ်းမျှ သက်တမ်း၊ ပညာရေး နှင့် ဝင်ငွေများ အပေါ် လေ့လာတွက်ချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စာရင်းတွင် အိုက်စလန် သည် နံပတ် တစ်၊ နော်ဝေး နှစ်၊ ဆွစ်ဇာလန် ၃ တွင် ရှိနေပြီး စင်္ကာပူ သည် နံပတ် ၁၃ ဖြစ်သည်။ ရုရှား ၆၄၊ တရုတ် ၇၈၊ မလေးရှား ၆၇၊ ထိုင်း ၇၆၊ ဗီယက်နမ် ၉၃၊ ဘင်္ဂလားဒေ့ရှ် ၁၃၀၊ လာအို ၁၄၇၊ ကမ္ဘောဒီယား ၁၅၁ တို့ ဖြစ်သည်။
ထို့အတွက် မင်းအောင်လှိုင် အဖို့ နောက်ဆုံးခုံ တွင် လက်ရေးတိုစာရေးလော၊ တက်ရောက်လာသည့် နိုင်ငံ ၂၉ နိုင်ငံ ခေါင်းဆောင်များထဲက တယောက်ယောက်၏ ကိုယ်ရေး အရာရှိများလား ဟု အထင်ခံရ မတတ် ဖြစ်ရခြင်းသည်လည်း အဆန်းတကြယ်တော့ မဟုတ်ပေ။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!