စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့သော တရုတ် သမ္မတ မှ နိုင်ငံ အရေး အတွက် လုပ်စရာ ရှိသည်များကို "ချင့်ချင့် ချိန်ချိန်" ဖြင့် လုပ်ဆောင်သွားဖို့ နှင့် တရုတ် ဝန်ထမ်းများ၊ အင်စတီကျုးရှင်း များနှင့် စီမံကိန်း များကို ထိထိရောက်ရောက်" အကာအကွယ်ပေးရန်၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု များ ကိုလည်း "ပိုမို ကြိုးပမ်း" တိုက်ဖျက်သွားဖို့ ပြောဆိုသွားသည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ မောနင်း မှ X တွင် ရေးသားလာခဲ့သည်။
အထက်ပါ စကားလုံး သုံးလုံးကို ကြည့်မည် ဆိုက မင်းအောင်လှိုင် အပေါ် အားမလို အားမရ နှင့် စိုးရိမ်မကင်း ဖြစ်နေသည်မှာ ပေါ်လွင် ထင်ရှားနေပြီ ဖြစ်သည်။
တရုတ် သံအမတ် မာဂျား မှ မြန်မာ ပြည်၏ ငလျင်ဘေး အတွက် တရုတ် မှ ရက်ရက်ရောရော ကူညီ ပေးခဲ့မှု များကို မြန်မာ ၏ Global New Light of Myanmar တွင် စာမျက်နှာ ပြည့် ဖေါ်ပြ ရေးသားလာခဲ့သည်။ ဤသည်ကပင် မြန်မာ ပြည်သူများ စိတ်ထဲတွင် ၎င်းတို့ အပေါ် စေတနာ ရှိသော နိုင်ငံ အဖြစ် သိမြင်လာရန် ကြိုးပမ်းမှုလည်း ဖြစ်၍ ပြည်သူများက မည်သို့ သဘောထား နေသည်ကို သိရှိနေ၍ တုန့်ပြန်လာခြင်းလည်း ဖြစ်သည်။
ထိုအထိ ပြဿနာ မရှိလှသေးသော်လည်း သူမ၏ ဆောင်းပါးတွင် တရုတ်ကုန်းမြင့်ဒေသကြီး မှ မြစ်ဖျားခံလာသော ဧရာဝတီ မြစ်ကြီးသည် မြန်မာ နိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းစီးဆင်းနေ၍ နှစ်နိုင်ငံ အကြား ကာလ ကြာမြင့်စွာ တည်ရှိနေသော ချစ်ကြည်ရင်းနှီး မှု နှင့် ပေါင်းစည်းမှု ကို ဖေါ်ကျုးနေသည်ဟု ရေးသားလာခြင်းက စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းလာသည်ဟု ဧရာဝတီ မှ ယခုလို တုန့်ပြန် ချေပလာခဲ့သည်။
တကယ်တမ်းတွင် ဧရာဝတီ မြစ်ကြီးသည် တရုတ် ကုန်းမြင့် ပိုင်းမှ မြစ်ဖျားခံလာခြင်း မဟုတ်ပေ၊ မြန်မာ ပြည်ဖွား မြစ်ကြီးတစင်းသာ ဖြစ်သည်။ ဤသည်ကို ယူနက်စကို မှ နိုင်ငံ မြောက်ဖက်ပိုင်း တောင်ကုန်း ဒေသမှ မြစ်ဖျားခံလာသော မြစ်လက်တက်များသည် မြစ်ကြီးနား၏ အရှေ့မြောက် ဖက်တွင် မေခ နှင့် မလိခ အဖြစ်ပေါင်းဆုံမိရာမှ ဧရာဝတီမြစ်ကြီး အဖြစ် စီးဆင်းလာသည်ဟု ဖေါ်ပြထားပြီးလည်း ဖြစ်သည်။ Environmental Literacy Council မှလည်း အလားတူ ဖေါ်ပြထားသည်။
မေခ နှင့် မလိခ အား ဂူဂဲလ် မြေပုံ ဖြင့် ကြည့်မည် ဆိုက ကချင်ပြည်နယ် နယ်နမိတ် အတွင်းသာ မြစ်ဖျားခံလာသည်ကို တွေ့ရမည်သာ ဖြစ်သည်။
ဧရာဝတီသည် နိုင်ငံ နယ်နမိတ်များကို ဖြတ်သန်းစီးဆင်းနေသော နိုင်ငံတကာ မြစ်ကြီး မဟုတ်၊ မြန်မာ အမျိုးသား များ ပိုင် နိုင်ငံ နယ်နမိတ် အတွင်း မွေးဖွားလာသော နိုင်ငံသား စစ်စစ် မြစ်ကြီးတစင်း ဆိုသည်ကို နိုင်ငံတကာ က ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားခဲ့ပြီး ဖြစ်သည်။
သို့ပါလျက် ဧရာဝတီ မြစ် ကြီး စတင်ရာ ကချင်ပြည်နယ် မြောက်ပိုင်းကို တရုတ် ပိုင် အဖြစ် မရိုးမသား ဆိုလို နေခြင်းလော ဟု ဧရာဝတီ မှ ဆောင်းပါးရှင် Zung Ying က မေးခွန်းထုတ်ထားသည်။ တကမ္ဘာလုံး ငမ်းငမ်းတက် ဖြစ်နေသော မြေရှား သတ္တုများ၊ ရွှေ များ ထွက်ရှိရာ ကချင် ပြည်နယ် မြောက်ပိုင်းကို တရုတ်တို့ မျက်စပစ်လာခြင်း၏ ပွဲဦးထွက် သွေးတိုးစမ်းလာခြင်းလော။
မာဂျားက ကမ္ဘာကြီးသည် ရာစုနှစ်တခုတွင် တကြိမ်သာ ရနိုင်သော အသွင် ပြောင်းလာမှု ကြီး နှင့် ကြုံနေရပြီဟုလည်း ရေးသားထားသည်။
မာဂျာ၏ ဆောင်းပါးသည် မြန်မာ ၏ အချုပ်အခြာ နှင့် နယ်မြေ တည်တံ့ ပိုင်ခွင့်ကို ထိပါးလာ၍ လျစ်လျူရှုထား၍ မဖြစ်ဘဲ စစ်အုပ်စု၊ အမျိုးသား ညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသား အဖွဲ့အစည်းများက ရှင်းလင်းချက် တောင်းခံရမည် ဖြစ်သည်ဟု ဆိုသည်။
ငြိမ်နေမည် ဆိုက မာဂျား ဆောင်းပါးမှ တရုတ်တို့၏ မူဝါဒ အဖြစ် ကူးပြောင်းသွားနိုင်သည့် အဖြစ်ကို ဆောင်းပါးရှင်က စိုးရိမ်လာ၍ လည်း ဖြစ်ပေမည်။
တရုတ်သည် Nine-dash-line ဟု ဆိုကာ ဖိလစ်ပိုင် ကျွန်းစု၊ အင်ဒို နီးရှား နား အထိ တောင်တရုတ် ပင်လယ် တခုလုံး နီးပါးကို ၎င်းတို့ ပိုင် အဖြစ် ပြောဆိုထားခဲ့ပြီးလည်း ဖြစ်သည်။ ထိုသို့ ပိုင်ဆိုင်သည် ဆို သဖြင့် နိုင်ငံတကာ ပင်လယ် ပြင် ဥပ ဒေ အရ သတ်မှတ် ပေးထားသော ဘရူးနိုင်း၊ အင်ဒိုနီရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ တိုင်ဝမ်၊ ဗီယက်နမ် တို့၏ အထူး သီးသန့်စီးပွား ရေး ဇုံ များအား ပေယာလကံ ပြုလိုက်ခြင်းပင် ဖြစ်သည်။ တောင်တရုတ် ပင်လယ်ထဲရှိ ကျွန်းများသည် တရုတ်ပြည်မကြီးရှိ တောင်တန်းများ ပင်လယ်ထဲ ငုတ်လျိုးသွားရာမှ ပေါ်ထွက်လာခြင်း ဖြစ်သည်ဟု ဆိုကာ အခိုင်အမာသက်သေ ပြနိုင်ခြင်းလည်း မရှိပါဘဲ ပိုင်ဆိုင်သည်ဟု ဆိုလာခြင်းပင် ဖြစ်သည်။
တောင်တရုတ် ပင်လယ်မှ မြန်မာဖက် လှည့်လာခြင်းလော၊ ယခု အချိန်သည် စစ်ခေါင်းဆောင်များ အဖို့ အားမတန် မာန် လျော့လာ နေပြီး ၎င်းတို့ အသက်ဆက်နိုင်ရေး အတွက် အချုပ်အခြာ အာဏာ ကို ရောင်းစားရန် ဝန်မလေး ကြ တော့ ဆိုသည်ကို လည်း သိရှိထားကြ၍ အခွင့်ကောင်းဟု ယူဆလာနိုင်ပေသည်။
၎င်းတို့ကို အလျင်အမြန် ဖယ်ရှား ပစ်ခြင်းသည်သာ နိုင်ငံ၏ အချုပ်အခြာ အာဏာ ထိမ်းသိမ်း ကာကွယ်ရာလည်း ရောက်မည် ဖြစ်သည်ကို တရုတ် သံအမတ်၏ ဆောင်းပါး မှ သတိပေးလာပြီ ဖြစ်သည်။
ပြည်သူတို့၏ တွန်းလှန်စစ် မုချ အောင်ရမည်!!!