အခန်း (၃)
နောက်ပိုင်း သား နှင့် ဆက်ဆံရေး သည် တိတ်တိတ်ဆိတ်ဆိတ် နှင့် ဝေးကွာပုံ ရသော်လည်း တယောက်ကို တယောက် နီးကပ်စွာ ရှိနေကြသည်။ တခါတွင် ရက်သတ္တပါတ် တခု၏ အလယ် ရုံးပိတ်ရက် တရက်တွင် ပါဗယ်သည် အပြင်သို့ ထွက်ရန် ပြင်ဆင်နေရင်းက
"စနေနေ့ ကျရင် အိမ်ကို လူအချို့ လာကြလိမ့်မယ် အမေ"
"ဘယ်လို လူမျိုးတွေလဲ သား"
အချို့ကလည်း ကျွန်တော်တို့ ရွာထဲက၊ အချို့ကလည်း မြို့က အမေ"
"မြို့က ဟုတ်လား" ဟု အမေသည် ရေရွတ်လိုက်ရင်းက ကောက်ကာငင်ကာ ငိုချလိုက်သည်။
"အမေ ဘာဖြစ်လို့လဲ၊ ဘာအတွက် ငိုတာလဲ" ဟု အလန့်တကြား မေးလိုက်သည်။
အမေသည် မျက်နှာကို သူမ အင်္ကျီ ရှေ့ဖုံး ခါးစည်း နှင့် သုပ်လိုက်ရင်းက "မသိပါဘူး သားရယ်၊ အမေ စိတ်ထဲ ငိုချင်သလို ဖြစ်လာလို့"
ပါဗယ်သည် အခန်းထဲတွင် ခေါက်တုံ့ ခေါက်ပြန် လျှောက်နေရင်းက သူမ ရှေ့တွင် ရပ်လိုက်ပြီး...
"အမေ ကြောက်နေလို့လား"
"ဟုတ်တယ် သား၊ အမေ ကြောက်နေတယ်၊ ဒီ မြိုက လူတွေ ဆိုတာ၊ သူတို့ကို သိတဲ့လူ ရှိလား သား"
ပါဗယ်သည် အမေ့အား ငုံကြည့်လိုက်ပြီး ထွက်လာသည့် လေသံသည်လည်း စိတ်တိုသည့် ပုံ ပေါက်လာ၍ အမေသည် သူ့ အဖေ ပြောနေသကဲ့သို့ပင် ထင်မြင်လာမိသည်။
"ဒီလို ကြောက်နေတာမျိုးက ကျွန်တော်တို့ ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်ဖို့ချည်းပဲ အမေ၊ ကျွန်တော်တို့ အပေါ် အုပ်စီးနေသူ အချို့က ဒါကို အခွင့်ကောင်း ယူပြီး ပိုပြီးတော့တောင် ဖြဲချောက်လာကြလိမ့်မယ်၊ ကျွန်တော် ပြောတဲ့ စကားကို မှတ်ထား၊ လူတွေ အားလုံး မှာ ကြောက်တဲ့ စိတ်တွေ ရှိနေသရွေ့ စိမ့်မြေထဲက ဗန်ဒါပင်တွေလို ပုတ်သိုး ကုန်ကြမှာ ဆိုတာပဲ၊ ကျွန်တော်တို့ အားလုံး သတ္တိရှိကြရတော့မယ့် အချိန်ရောက်လာပြီ အမေ။" ဟု ပြောရင်း တံခါးဝ မှ ပြန်လှည့်လာသည်။
"သူတို့ ကျွန်တော် တို့ အိမ်မှာ ဆုံဖို့ လာကြလိမ့်မယ်"
"အမေ့ကို စိတ်မဆိုးပါနဲ့ သားရယ်" ဟု စိတ်မကောင်းခြင်း ကြီးစွာဖြင့် တောင်းပန်လိုက်သည်။ "အမေ က ဘယ်လို မကြောက်ဘဲ နေလို့ ရမှာတဲ့လဲ၊ အမေ့ ဘဝ တလျောက်လုံး ကြောက်ကြောက်နဲ့ နေလာခဲ့ရတာကို"
"ကျွန်တော်ကို ခွင့်လွတ်ပါ အမေ၊ ကျွန်တော်လည်း အခြား ရွေးစရာ မရှိတော့လို့ပါ" ဟု ပြောရင်း ထွက်သွားသည်။
သုံးရက်လုံးလုံး အမေ၏ နှလုံးခုံနှုန်း မြန်နေရသည်။ လူစိမ်းများ သူမ အိမ်သို့ ရောက်လာတော့မည့် အဖြစ်ကို တွေးမိတိုင်း ထိတ်လန့် နေမိသည်။ သူတို့ အားလုံး ဘယ်လို ပုံစံတွေ ရှိမလဲဆိုတာလည်း မျက်စိထဲ ပုံဖေါ်ကြည့်၍ မရ ဖြစ်နေသည်။ သို့သော်လည်း ကြောက်မက်ဖွယ် ကောင်းမည့် လူများ သာ ဖြစ်ပေမည်။ ထိုလူများသည် သားဖြစ်သူ လျှောက်နေသည့် လမ်းကို ပြပေးခဲ့သူများ ဖြစ်သည်။
စနေနေ့ ညတွင် ပါဗယ်သည် စက်ရုံမှ ပြန်ရောက်လာသည်။ ရေမိုးချိုး၊ အဝတ်အစား သန့်သန့်ပြန့်ပြန့် ဝတ်ကာ ပြန်ထွက်သွားပြန်သည်။ အိမ်မှ ထွက်ကာနီး တွင် အမေအား လှည့်မကြည်ဘဲ "သူတို့ ရောက်လာရင် ကျွန်တော် မကြာဘူး ပြန်လာလိမ့်မယ်လို့ ပြောပေးပါ၊ ခဏ လောက် စောင့်ခိုင်းထား၊ ပြီးတော့ အမေလည်း ကျေးဇူးပြုပြီး ကြောက်မနေပါနဲ့၊ သူတို့အားလုံးလည်း အခြားလူတွေ နဲ့ ဘာမှ မခြားပါဘူး အမေရာ"
ပါဗယ်စကားကြောင့် အမေသည် မူးမိုက်မတတ် ဖြစ်သွား၍ ထိုင် ချ လိုက်ရသည်။
ပါဗယ်က သူမအား တည်ငြိမ်စွာ စိုက်ကြည့်လိုက်ရင်းက "အမေ တနေရာရာ သွားနေလိုက်ပါလား"
သား၏ စကားကြောင့် အမေသည် စိတ်ထဲ မကျေနပ်သလို ဖြစ်သွား၍ ခေါင်းရမ်းပြလိုက်သည်။
"မသွားပါဘူး၊ သွားလည်း ဘာထူး မှ မို့လိုလဲ၊ ဘာအတွက် သွားရမှာလည်း"
အချိန်ကား နိုဝင်ဘာ လကုန်ပိုင်း ဖြစ်သည်။ နေ့ဘက်များတွင် အေးခဲနေသော မြေပေါ်သို့ ခြောက် သွေ့ ပြီး သေးငယ်သည့် နှင်းမှုန် လေးများ ကျလာနေသည်။ ပါဗယ်၏ နှင်းများ ပေါ် နင်းပြီး ထွက်သွားသော ခြေသံကို ပြတင်းပေါက်မှ တဆင့် ကြားနေရသည်။
သိပ်သည်းလာနေ သော အမှောငိထုသည် ပြတင်းတံခါး မှန် များ ပေါ်တွင် မရွေ့မလျား တွယ်ကပ်နေရင်း တစုံတရာ ကို ရန်လိုမုန်တီးစွာ စောင့်ဆိုင်းနေပုံရသည်။ အမေသည် ခုံတန်းရှည် ပေါ်တွင် ထိုင်ရင်း တံခါးဝ ကို ကြည့်နေသည်။