နှစ် ခြောက်ဆယ် ကျော် ကျိန်စာ ကြီးမှ ရုန်းထွက် နိုင်မည်လော

by Hla Soewai - May 14 2025

စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့နယ် အတွင်းရှိ အမျိုးသား ညီညွတ်ရေး အစိုးရ မှ ဖွင့်လှစ်ထားသော အိုးထိန်ကွင်း ကျေးရွာ စာသင်ကျောင်း အား စစ်အုပ်စု၏ လေတပ်မှ ဗုံးကြဲတိုက်ခိုက်လာမှု ကြောင့် စာမေးပွဲ ဖြေရန် စုဝေး နေကြသော လူပမယ် ကျောင်းသား၂၂ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာ ရရှိသွား ပြီ ဆိုသော ထိတ်လန့် တုန်လှုပ်ဖွယ်ရာ သတင်း ဆိုးကြီးသည်၊ အေအက်ဖ်ပီ၊ ရိုက်တာ သတင်းမှ တဆင့် တကမ္ဘာလုံးသို့ ပျံ့နှံ့ သွား ပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ၎င်း၏ ဆရာသမားများ နှင့် တွေ့ဆုံခွင့် ရရန် မော်စကို သို့ မထွက်ခွာမီ ပြောလို့ ဆိုလို့ ကောင်းရန် အပစ်ရပ်ရေး အား တလ ထပ်၍ သက်တမ်းတိုးမည်ဟု ကြေညာခဲ့ပြီးနောက် ယခုလို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

 

၎င်းတို့မှ အပစ်ရပ်သည် ဆိုသော်လည်း ၎င်းတို့အား တိုက်ခိုက်လာပါက၊ တိုက်ခိုက်ရန် ပြင်လာပါက လက်တုန့်ပြန်မည် ဟု ပြောထားသော်လည်း လက်ထဲတွင် ခဲတံသာ ကိုင်ဆောင်ထားကြသော ကျောင်းသား လူပမယ် များ အား တိုက်ခိုက်လာခြင်းကဲ့သို့ ရွံရှာ စက်ဆုပ်ဖွယ် လုပ်ရပ်ကို အဘယ်သို့များမျက်နှာပြောင်တိုက်၍ ငြင်းဆိုကြဦး မည်နည်း။ သို့သော် "လုပ်ကြံသတင်းများ" ဟု ဆိုကာ ထုံးစံ အတိုင်း ငြင်းဆိုနေကြပြီ ဖြစ်သည်။

 

သေဆုံးသွားကြသည့် ကလေးသူငယ်များ၏ ရုပ်ကြွင်းများ၊ ၎င်းတို့ ချန်ထားရစ်ခဲ့သည့် လွယ်အိပ်များ၊ ကျောင်းသုံးစာအုပ်များ၊ ငိုကြွေးနေကြသော မိဘများ ၏ ပုံများက အင်တာနက် စာမျက်နှာများ တွင် ပျံ့နှံ့လာနေပြီ ဖြစ်သည်။

 

ငါတို့ သားသမီးများ ဖြစ်ခဲ့ပါက ဆိုသည့် ကိုယ်ချင်းစာ စိတ် ကင်းမဲ့နေ‌သော လူ့တရိစ္ဆာန် များသာ ဖြစ်သည်။ ၎င်းတို့၏ ဆိုးသွမ်း ယုတ်မာမှုများ၊ သူရဲဘောကြောင်မှုများ၊ ဉာဏ်ပညာ မဲ့မှုများက ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်လာ၍ အဆုံးသတ် ပေးရမည် ဖြစ်သည်ဟု ‌မစ္စတာ ရှောင်တန်နဲလ် က ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာ တွင် ရေးသား ခဲ့သည်။

 

မင်းအောင်လှိုင်သည် မော်စကို စစ်ရေးပြ အခမ်းအနား သိူ့ တက်ရောက်လာသည့် ၂၉ နိုင်ငံ မှ ခေါင်းဆောင်များ အနက် တရုတ် နှင့် ကာဇတ်စတန် နိုင်ငံများ မှ သမ္မတ များ နှင့်သာ တွေ့ခွင့်ရခဲ့သော်လည်း ‌၎င်း၏ ရွေးကောက်ပွဲ ကို ကမ္ဘာနိုင်ငံ ခေါင်းဆောင်များက ထောက်ခံခဲ့ကြသည် ဟု ဟစ်ကြွေး နေပြန်သည်။ လူထု ကို ဗုံးကြဲပြီး မဲရုံများ ထဲ အတင်းအကျပ် မောင်းသွင်းမည့် ရွေးကောက်ပွဲ မျိုးကို ထောက်ခံ နေကြသည် ဆိုသည်မှာ နားရှိ၍သာ ကြားရခြင်း မဟုတ်ပါလော။

 

ရွေးကော်မှ မှတ်ပုံတင်ရန် နောက်ဆုံး ရက် အဖြစ် သတ်မှတ်ထားသည့် မေလ ၉ ရက်နေ့တွင် နိုင်ငံရေး အား ဝမ်းရေး အဖြစ် လုပ်ကိုင် စားသောက်ရန် ရည်ရွယ်ထားသည့် နိုင်ငံရေး ၇၇ ပါတီမှ မှတ်ပုံတင်လာကြသည်ဟု သိရသည်။ သို့သော် ရွေးကောက်ပွဲ သည် မြို့နယ်ပေါင်း ၃၃၀ အနက် ၁၁၀ တွင်သာ ပြုလုပ် နိုင်မည်ဟု ကြေညာထား၍ နိုင်ငံ၏ သုံးပုံတပုံသာ ၎င်းတို့ ထိန်းချုပ်ထား နိုင်စွမ်း ရှိကြောင်း တရားဝင် ဝန်ခံလိုက်သည့် သဘောပင် ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ အကြောင်းသာ တွင်တွင် ပြောနေ‌သော်လည်း နေပြည်တော်ရှိ ၎င်း၏ ဌာနများသည် တရုတ်မှ လှုဒန်းသော ကွန်တိန်နာရုံးများ၊ prefab ရွက်ဖျင်တဲများ ဖြင့်သာ လည်ပတ်နေရဆဲ ဖြစ်ပြီး ထိခိုက်သွားသော နိုင်ငံ စီးပွားရေး ကို မည်သို့မည်ပုံ ကုစားမည် ဆိုသည် နှင့် ရေရေရာရာ ပြောဆိုမှုများ မရှိသေးဘဲ ကော်မတီ ပေါင်းစုံ ဖွဲ့နေသည့် အဆင့်သာ ရှိပေသေးသည်။

 

မြန်မာ ဘုရင် များက ယိုးဒယား အား မကြာခဏ ဆိုသလို တောကစား ထွက်သည့်အလား စစ်ချီ တိုက်ခိုက် ခဲ့ကြသည့်အပြင် မြို့ရွာများအား သုသာန် တစပြင်လို ဖြစ်အောင် ဖျက်ဆီးခဲ့ကြဖူးသည်၊ ထို့အတွက်လည်း မြန်မာ များ တသက်လုံး မင်းညစ် မင်းဆိုး အောက်တွင် ထမင်းတလုတ် ဒုတ်တချက်ဘဝ နှင့် နေသွားရစေ ဟူ သော ယိုးဒယား တို့၏ ကျိန်စာများ သင့်နေသလောဟု တခါတရံ တွင် အယူသည်း သည့် အတွေးများပင် ဝင်လာခဲ့ရပေသည်။

 

ထိုသို့ သံသရာလည်ခဲ့ရသည်မှာ ၁၈၈၅ နိုဝင်ဘာ ၂၈ ရက်၊ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲကြီး အပြီး ဗြိတိသျှ တို့ ကျွန်ဘဝ နှစ် ၆၀ နီးပါး ကျရောက်ခဲ့ပြီး ၁၉၆၂ မတ်လ ၂ ရက်နေ့ တွင် စစ်ကျွန်ဘဝ သို့ ကူးပြောင်း ရောက်ရှိခဲ့သည်မှာ နောက်ထပ် နှစ် ၆၀ ပင် ကျော်လာပြီ ဖြစ်သည်ဟု ဧရာဝတီ မှ ရေးသားလာခဲ့သည်။

 

လွတ်လပ်ရေး ရပြီး တိုင်းပြည်ကို ပြန်လည် တည်ဆောက်ရန် ဆယ်နှစ်ကျော်သာ အချိန်ရခဲ့သည်။ ၂၀၁၆ တွင် အာဏာရှင် လက်အောက်မှ တဝက်တပျက် လွတ်မြောက်လာခဲ့သည်၊ သို့သော် ပြန်လည် တည်ဆောက်ရန် ငါးနှစ်ခန့်သာ အချိန်ရခဲ့ပြီး ဒုံရင်းဒုံရင်း ထက်ပင် ဆိုးသော ဘဝ သို့ ပြန်ရောက်သွားခဲ့ရပြန်သည်။

 

သည်းမခံနိုင် ဖြစ်လာသော ပြည်သူများ၏ ခုခံ တွန်းလှန်စစ် မှ မည်သို့သော ရလဒ်မျိုး ထွက်ပေါ်လာသည် ဖြစ်စေ နှစ်ဆယ့်တစ်ရာစု တွင် မြန်မာ ပြည်သည် ရှေ့လျောက် မည်သို့ ခရီးဆက်ရ မည်ကို ပြဋ္ဌာန်းပေးတော့မည့် လမ်းဆုံလမ်းခွ သို့ ရောက်ရှိလာနေပြီ ဖြစ်သည်ဟု ဆိုသည်။ ဤသည်ကို တရုတ် အစိုးရ ကလည်း ကောင်းစွာ ရိပ်စားမိနေ၍ နာမည် ပျက်ခံကာ ၎င်းတို့ ငယ်နိုင် ဖြစ်တော့မည့် စစ်အုပ်စု အား နာမည်ပျက်ခံကာ ကျားကန်ပေးလာခြင်းလည်း ဖြစ်ပေမည်။

 

ယနေ့ ပြည်သူတို့၏ ရုန်းကန် လှုပ်ရှားမှုကြီးသည် အာဏာရှင်စနစ် ဖယ်ရှားရေးသာ မက ဆယ်ကိုးရာစုနှစ်ကတည်းက မိမိတို့ အပေါ် ဖိစီးလာနေသည့် ကျိန်စာ ကြီးမှ အပြီးအပိုင် ရုန်းထွက်နိုင်ရန် အကျောက် အကန် တွန်းထိုး ရုန်းကန်နေကြခြင်းလည်း ဖြစ်သည်ဟု ဧရာဝတီတွင် ရေးသားထားသည်။

 

မေလ ၅ ရက်နေ့တွင် လေးနှစ်ပြည့်လာပြီ ဖြစ်သော ပြည်သူ့ကာကွယ်ရေး တပ်သည် ယခုအခါ တပ်ရင်းပေါင်း ၃၀၀ အထိ ရှိလာပြီ ဖြစ်သည်ဟု NUG ပြောခွင့်ရ ဦးနေဘုန်းလတ် မှ DVB သို့ အသိပေး ပြောကြားခဲ့သည်။ PDF စတင် ဖွဲ့စည်းခဲ့သည့် ၂၀၂၁ မေလ ၅ ရက်နေ့မှစ၍ အမေရိကန် ‌ဒေါ်လာ ၂၄.၉ သန်း သုံးစွဲခဲ့သည်ဟု သိရသည်။ တနှစ် ပျမ်းမျှ ဒေါ်လာ ၆ သန်းကျော် ကာကွယ်ရေး အတွက် သုံးစွဲခဲ့ခြင်း ဖြစ်သည်။ ဒေါ်လာ ၅ ဘီလီယံ ခန့်အထိ သုံးစွဲနေသော စစ်‌တပ်အား နယ်မြေ သုံးပုံ နှစ်ပုံ အထိ လက်လွှတ်ရအောင် စွမ်းဆောင်နိုင်ခဲ့မှု သည် တကမ္ဘာလုံး ရှိ စစ်ရေးလေ့လာ သူများ အံ့မခန်း ဖြစ်ခဲ့ရသည့် စွမ်းဆောင်နိုင်မှု ပင် ဖြစ်သည်။

 

မင်းအောင်လှိုင် နှင့် စစ်အုပ်စုသည် ရေရှည်တွင် PDF သည် လက်နက်အင်အား နှင့် တိုက်စွမ်းရည်များ တိုးတက်သည်ထက် တိုးတက်လာတော့မည့် အဖြစ်ကို သိသိကြီး နှင့် မည်သို့မျှ မတတ်နိုင်တော့ဘဲ လေယာဉ်၊ ဒရုန်း၊ ပါရာမော်တာများ ဖြင့် သာ ဗုံးကြဲ ဟန့်တားခြင်းဖြင့် အကြမ်းဖက်မှု ပေါင်းစုံ ကျုး လွန်နေရသည့် လူ့တရိစ္ဆာန်သာသာ အဆင့် ရောက်သွားရပြီ ဖြစ်သည်။

 

ဆန်ဖရန် စစ္စကို တွင် တန်းတူညီမျှ ရေး၊ တရားမျှတစွာ ဖြင့် ငြိမ်းချမ်းမှု တည်‌ ဆောက်‌ ရေး တို့ဖြင့်သန္ဓေတည်ခဲ့‌ သော ကုလသမဂ္ဂ သည်လည်း အင်အားကြီး သူတို့ အတွက် ဒိုင်းကြီးသဖွယ် ရပ်တည်လာပြီး အင်အား နည်းသူ တို့ အပေါ် လှောင်ပြောင်သရော် နေသလို ဖြစ်လာပေသည်။

 

ပြည်သူတို့၏ တွန်းလှန်စစ် မုချ အောင်ရမည်!!!