နိုင်ငံအားလုံး နီးပါးသည် ၎င်းတို့ ၏ လွတ်လပ်ရေး အတွက် ရုန်းကန်နေရစဉ် တွင် အသိအမှတ် ပြုခံရဖို့ ဆိုသည့် အဆင့် တဆင့်ကို ယာယီ အားဖြင့် ဖြတ်ကျော်ခဲ့ရစမြဲလည်း ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုသည် ၁၇၇၆ ဇူလိုင် ၄ ရက်နေ့တွင် ထွက်ပေါ်လာခဲ့ခြင်းလော၊ သို့တည်းမဟုတ် ပြင်သစ် နှင့် ယူကေ တို့၏ အသိအမှတ် ပြု ခံရပြီး နောက်မှသာ တရားဝင် ရပ်တည်ခွင့် ရလာခဲ့ခြင်း လော။
အမေရိကန်တို့ လွတ်လပ်ရေး ကြေညာစာတမ်း ထုတ်ပြန်ခဲ့သည့် ၁၇၇၆ ဇူလိုင် ၄ ရက် နှင့် ပြင်သစ် စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့သည့် ၁၇၈၃ စက်တင်ဘာ ၃ ရက် ကြားတွင် ဂျော့ ဝါရှင်တန် ကဲ့သို့ ပုဂ္ဂိုလ် အချို့က အမေရိကန် ပြည်ထောင်စု ရှိလာခဲ့သည်ဟု ယုံကြည်ထားကြသည်။ သို့သော် တတိယ မြောက် ဂျော့ ဘုရင်ကမူ ထိုသို့ ရှိလာသည်ကို အသိအမှတ် ပြုရန် ခါးခါးသီးသီး ငြင်းဆန်နေခဲ့သည်။
နိုင်ငံများ ဖြစ်တည်လာမှု အပေါ် သဘောကွဲလွဲလာသည် များကို sonar scan, DNA တို့ဖြင့် ဖြေရှင်း၍ ရနိုင်သည်မျိုး မဟုတ်၊ နိုင်ငံများသည် တရိစ္ဆာန်များကဲ့သို့ ပကတိ အရှိတရား မျိုးလည်း မဟုတ်ပေ။
နိုင်ငံတနိုင်ငံ တည်ရှိမှု အပေါ် ကျွနုပ်တို့မှ မေးမြန်းလာသည့် အခါ ယင်းသည် တကိုယ်ရေ ခံစားချက်နှင့် သက်ဆိုင်သော အရှိတရား နှင့် စပ်လျင်း၍ မေးခွန်း ထုတ်လာခြင်းသာ ဖြစ်သည်။ နိုင်ငံ တနိုင်ငံ တည်ရှိမှု ကို လုံလောက်သော အရည်အတွက်က လက်ခံလာသည့် အခါ ထိုနိုင်ငံသည် တည်ရှိလာသည်။ ထိုအခါ အခြား နိုင်ငံများနှင့်၎င်း၊ NGO၊ ပုဂ္ဂလိက ကော်ပိုရေးရှင်းများ နှင့် ၎င်း ဥပဒေအရ အကျုံး ဝင်မည့် သဘောတူ စာချုပ်များ တရားဝင် လက်မှတ် ရေးထိုး လာနိုင်ပြီ ဖြစ်သည်။
ပုံဝတ္ထု ဇာတ်ကြောင်း အမျိုးမျိုးထဲတွင် လူများ အကြား တူညီသည့် ယုံကြည်ချက်များ၊ စိတ်ကူးများ၊ တန်ဖိုးထားမှုများကို တည်ဆောက်ပေးသည့် ပုံဝတ္ထု ဇတ်ကြောင်းများသည်သာ အပြန်အလှန် ဆက်သွယ် အသိအမှတ် ပြုသော အရှိတရားများကို ဖန်တီးပေးခြင်းဖြင့် လူသားများ အကြား ကွန်ယက်ကြီး များ ဖွံ့ဖြိုး ပေါ်ထွန်းလာစေရန် အတွက် အရေးပါဆုံး ဖြစ်လာခဲ့သည်။
မိသားစု တစု အကြား အတုအယောင် အမှတ်တရ များ ဖန်တီးပေးမှု သည် သေချာပေါက် အကျိုးများ ဖွယ် ဖြစ်သော်လည်း ဘုရားသခင်၊ နိုင်ငံတနိုင်ငံ၊ ဥပဒေသများ နှင့် ငွေကြေး ဆိုင်ရာ တို့ အပေါ်တွင် အခိုင်အမာ ယုံကြည်ထားခြင်း မရှိပါက အင်ပိုင်ယာများ၊ ဘာသာရေး ဆိုသည်တို့ အား ရေရှည်တည်တံ့ အောင် စွမ်းဆောင်ပေးနိုင်မည် မဟုတ်ပေ။
ဥပမာ ဆိုရက ခရစ်ယာန် ဘုရား ကျောင်းတိုက် တတိုက် ဖွဲ့စည်း တည်ဆောက်ခြင်းတွင် ယေရှု သည် ၎င်း၏ နောက်ဆုံး ညစာ စားပွဲဝိုင်းတွင် မည်သို့ ပြောခဲ့သည်ကို လူများ အမှတ်ရနေဖို့ အရေးကြီးပေသည်။ ထိုထက် ပို၍ အရေးပါသည်က လူများ အမြင်တွင် ယေရှူ အား စိတ်အား တက်ကြွလာအောင် ဖန်တီးပေးသည့် ရဗ္ဗိတဦး ထက် ဘုရားသခင် သာ ဖြစ်သည် ဟု ယုံကြည်အောင် လုပ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ဂျုး ဘာသာ ယုံကြည်မှု ကို တည်ဆောက်ရာတွင်လည်း ဂျုးများ အနေဖြင့် အီဂျစ် တို့၏ ကျေးကျွန်ဘဝ မှ မည်သို့ မည်ပုံ အတူတကွ လွတ်မြောက်လာသည် ဆိုသည်ကို "အမှတ်ရ" နေမှသာ အထောက်အကူ ဖြစ်လာနိုင်သည်။ ဤနေရာတွင် တကယ်တမ်း အဆုံးအဖြတ်ပေးသည့် နောက်ဆုံး အချက်သည်ကား ဂျုးများ အားလုံး ဘာသာရေး ဆိုင်ရာ ပြဋ္ဌာန်းချက် ဖြစ်သည့် ဟာလာခါ ကို လိုက်နာ ကျင့်ကြံ ရေးသာ ဖြစ်သည်။
ဥပဒေ၊ နတ်ဘုရားများ၊ ငွေကြေးများ ကဲ့သို့ လူများ အကြား တူညီသည့် ယုံကြည်ချက်များ သည် သတင်း ကွန်ယက် တခု အတွင်း လွန်စွာ အားကောင်းသော အရာများ ပင် ဖြစ်သည်။ ထိုကွန်ယက်၏ ပြင်ပ တွင်တော့ လုံးဝ အဓိပ္ပါယ် ကင်းမဲ့နေမည် သာ ဖြစ်သည်။
ဥပမာ ဆိုရာက ဘီလီယံနာ သူဌေး ကြီး တဦးပိုင် ဂျက်လေယာဉ် ကြီးသည် သဲကန္တာရ တခု အတွင်း ပျက်ကျသွားခဲ့လျင် ပါလာသော ငွေများ၊ ငွေတိုက်စာချုပ်များ ပါသည့် လက်ဆွဲအိပ်တလုံး နှင့် ယောင်ချာချာ ဖြစ်နေပေလိမ့်မည်။ အကယ်၍ ဆော ပေါလို၊ မွန်ဘိုင်း ကဲ့သို့ နေရာ မျိုး တွင် ဆိုက ထိုငွေများ ဖြင့် လူများက သူ့အား အစားအသောက်၊ အဝတ်အထည်များ ၎င်းအား ပေးလာအောင် လုပ်နိုင်မည့် အပြင် ပရိုက်ဗိတ် ဂျက်လေယာဉ် တစီးပင် တည်ဆောက် နိုင်ပေဦးမည်။
သို့သော် ၎င်းအား ကျွနုပ်တို့ သတင်းကွန်ယက်ကြီးရှိ အခြား အဖွဲ့ဝင်များ နှင့် ဖြတ်တောက်ခံလိုက်ရသည် ဆိုက သူ့တွင်ရှိ ငွေများ၊ ငွေတိုက်စာချုပ်များသည် ချက်ခြင်းဆိုသလို တန်ဘိုး မဲ့သည့် အဖြစ် ရောက်သွား ပေလိမ့်မည်။ ထိုငွေများ ဖြင့် ကျွန်းပေါ်ရှိ မျောက်များကို ၎င်းအား အစားအသောက်များ ပေးလာအောင် လုပ်နိုင်စွမ်း မရှိ၊ ဖောင်တခု ပင် ဖြစ်မြောက်အောင် ဆောက်ပေးကြမည်လည်း မဟုတ်ပေ။