အဆိုပါ ခေါင်းစဉ် ဖြင့် စစ်တပ်ဖက်မှ ဘက်ပြောင်းခိုလှုံလာသူ တဦး မှ ဧရာဝတီ အင်္ဂလိပ်ပိုင်း မှ ရေးသား တင်ပြခဲ့ပုံ ကို ပြန်လည် ကောက်နှုတ်တင်ပြသွားပါမည်။
တချိန်က စတန်းဒတ် အာမီ ကြီးဟု ဂုဏ်ဖေါ် အမွန်းတင်ခဲ့သော စစ်အုပ်စုသည် ယခုအခါ တူးမီး သေနတ် များ နှင့် စတင် တွန်းလှန်လာခဲ့သော ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ကို နိုင်ငံ ဘဏ္ဍာများ ဒလဟော ထုတ်သုံးကာ လေတပ်အင်အားသုံး၍ ခုခံကာကွယ်နေရသည့် အဖြစ် ရောက်လာနေပြီ ဖြစ်သည်။
၎င်းတို့ အသက်ဆက် နိုင်ရေး အတွက် မရှိမဲ့ ရှိမဲ့ တိုင်းပြည် ဘဏ္ဍာများ သုံးစွဲ ပြီး လူထု ကို နေ့စဉ်လို သတ်ဖြတ်နေကြသည်ကိုလည်း လူထု အဖို့ လက်ပိုက် ကြည့်နေယုံ မှ လွဲ၍ ဘာမှ မတတ်နိုင်ခဲ့။
လူထု တော်လှန်ရေး ၏ အစောပိုင်း ကာလများ အတွင်း မင်းအောင်လှိုင်သည် ၎င်းတပ်များကို အထင်တကြီးဖြင့် ကြည်း တပ် အင်အား ဖြင့် ချေမှုန်းနိုင်မည်ဟု ယုံကြည်ခဲ့ပြီး လေကြောင်းပစ်ကူ ကို ခွင့်မပြုဘဲ တင်းခံနေခဲ့သည်။
ထို အနေအထားကို မင်းတပ် တိုက်ပွဲအတွင်း စတင် သိသာလာခဲ့သည်။ စစ်ယာဉ်တန်းအား ခြုံခို တိုက်ခိုက် ခံရစဉ် အတွင်း စစ်ကောင်စီ တပ်များ အခြေမလှ ဖြစ်လာ၍ လေကြောင်းမှ ပစ်ကူ ပေးရန် တောင်းဆိုခဲ့သော်လည်း ခွင့်မပြု၍ ဖရိုဖရဲ နှင့် ဆုတ်ခွာ ထွက်ပြေးသွားကြရသည်။ အခြားနေရာ များ တွင် ထိုသို့ တပ်များ တပြေးတည်း ပြေးနေရသည့် အဖြစ်ကို ကြုံလာရသည့် အခါမှ မင်းအောင်လှိုင်သည် တိုက်လေယာဉ် များ သုံးရန် စဉ်းစားလာခဲ့သည်။
လေကြောင်းပစ်ကူ သည် အရေးပေါ် အခြေအနေများ ဖြစ်သည့် စစ်စခန်းများ၊ ကွပ်ကဲ ရေး စခန်းများနှင့် စစ်ယာဉ်တန်းများ ခြုံခို တိုက်ခိုက်ခံရမှု များ ကို ကာကွယ်ရန်သာ ခွင့်ပြုထားခြင်း ဖြစ်သည်။ ထိုသို့ ခွင့်ပြုချက် ရဖို့လည်း အထက်အဆင့်ဆင့်ကို ခွင့်ပြုမိန့် တောင်းခံခဲ့ရသည်။
သက်ဆိုင်ရာ စစ်တိုင်းမှုးများက စစ် ဦးစီးချုပ် (ကြည်း) ထံ တင်ပြရပြီး ၎င်းမှတဆင့် မင်းအောင်လှိုင်ထံ ထပ်မံ တင်ပြရသည်။ မင်းအောင်လှိုင်၏ ခွင့်ပြုချက်ရမှသာ စစ် ဦးစီးချုပ် (ကြည်း) သည် ကာကွယ်ရေး ဦးစီးချုပ် (လေ) ထံ တောင်းဆိုရသည်။ အစောပိုင်းကာလများက မင်းအောင်လှိုင်၏ ခွင့်ပြုချက် မရဘဲ လေကြောင်းမှ တိုက်ခိုက် နိုင်ခြင်း မရှိခဲ့။ သယ်ယူ ပို့ဆောင်ရေး အတွက် ရဟတ်ယာဉ် များ သုံးနိုင်ဖို့လည်း အလားတူပင် ဖြစ်သည်။
မင်းအောင်လှိုင် အစည်းအဝေးခန်းထဲ ရောက်နေစဉ်၊ ထီးတင်၊ ယတြာချေ နေစဉ်များ တွင် စောင့်နေကြရ၍ နှောင့်နှေးကုန်သည်။
မင်းအောင်လှိုင် သည် ဘာသာရေး အခမ်းအနား တခု တက်ရောက်နေစဉ် နှင့် ကြုံလျင် ၎င်းအဖို့ ကုသိုလ် လုပ်နေခိုက် သတ်ရဖြတ်ရမည့် အမိန့်မျိုး မပေးချင်၍ နှုတ်ပိတ်နေတတ်ပြန်သည်။
တခါက စိုးဝင်းသည် စစ်မြေပြင် အစီရင်ခံစာကို လက်က ကိုင်၍ လေကြောင်းပစ်ကူ ပေးရန် မင်းအောင်လှိုင်ထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက်တောင်းခံ ချိန်တွင် မင်းအောင်လှိုင်သည် ဘုရား သိမ်သမုတ်သည့် အခိုက်နှင့် ကြုံနေ၍ ထုံးစံ အတိုင်း နှုတ်ဆိတ်နေ၍ စစ်စခန်း လက်လွှတ်ခဲ့ရသည်။ စိုးဝင်း ဒေါသူပုန် ထ နေသည်ကို ကြားရသည့် အခါ လေကြောင်းပစ်ကူ အတွက် စိုးဝင်း ကိုယ်တိုင် တာဝန်ယူရန် လွှဲပြောင်းပေးခဲ့ရသည်။
နောက်ဆုံးတွင် တော့ အကြိမ် အရည် အတွက် များလာ၍ စိုးဝင်းမှသည် တိုင်းမှုးများ ခွင့်ပြုပေးရသည့် အဆင့် ဖြစ်လာခဲ့တော့သည်။ တိုင်းမှုးများ ခွင့်ပြုချက် ပေးနိုင်အောင် စစ်တိုင်းဌာနချုပ်များ အတွက် တွဲပေးထားသော လေတပ် ဒုဗိုလ်မှုးကြီး အဆင့် ရှိသူက ကိုင်တွယ် စီစစ်ပေးရသည်။
မင်းအောင်လှိုင် အဖို့က အရပ်ဖက် ပစ်မှတ်များကို တိုက်ခိုက်ခံရတိုင်း တိုင်းမှုးများကို လွှဲချ၍ ရနေသည်။ ယခုအခါ အခြေအနေများ ပိုဆိုးလာ၍ ခြေမြန်တပ်မ ဌာနချုပ်မှ တပ်မမှူး အဆင့်ပင် တိုက်ရိုက် တောင်းဆိုပိုင်ခွင့် ရလာသည်။
မဟာဗျူဟာ မြောက် စစ်ရေး စီမံချက်များ နှင့် စစ်ဆင်ရေးများ ဆင်နွှဲလာသည့် အခါများတွင်မူ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်၊ လေတပ် စစ်ဦးစီးချုပ်နှင့် ကြည်းရေ လေ စစ်ဆင်ရေး ကွပ်ကဲရေး အရာရှိကြီးများ ပါဝင်သော ပူးတွဲ စစ်ဆင်ရေး ကွပ်ကဲမှု ရုံးမှသာ တောင်းခံခွင့် ရှိနေသည်။
လေကြောင်းမှ တိုက်ခိုက်မှု များ အတွက် Yak-130, K-8 နှင့် FTC-2000G တို့ကို သုံးပြီး စစ်ဆင်ရေးများ အတွက် JF-17, MIG-29, F-7 တို့ကို အသုံးပြုလေ့ ရှိသည်။ ထိုလေယာဉ်များ မလုံမလောက် ဖြစ်လာ၍ Y-12 သယ်ယူ ပို့ဆောင်ရေး လေယာဉ်ကို တိုက်ခိုက်ရေး ဖက်တွင် သုံးရန် ပြင်ဆင်မွမ်းမံ ခဲ့ကြသည်။ ထိုလေယာဉ်များဖြင့် ဗုံးများကို စစ်သားများက လက်ဖြင့် ကိုင်၍ ပစ်ချကြရသည်။ အလားတူပင် ပါရာမော်တာ ခေါ် စက်တပ် လေထီးများဖြင့် လိုက်ပါပြီး ဗုံးများ ပစ်ချကြပြန်သည်။
အဓိက လေတပ် အခြေစိုက် စခန်းများသည် မကွေး၊ တံတားဦး၊ နေပြည်တော်၊ တောင်ငူ နှင့် မှော်ဘီတို့တွင် ရှိပြီး မိတ္ထီလာ ရှမ်းတဲ တွင် လေတပ် သင်တန်းကျောင်း ရှိသည်။
အကြမ်းဖက် စစ်တပ်မှ အသုံးပြုသော ဗုံးများသည် ပြည်တွင်း မှ ထုတ်လုပ်ခြင်း ဖြစ်သည်။ ဗုံး အသေးစားများကို ဆင်တဲ ရှိ ကပစ (၃)၊ အကြီးစားများကို ဆင်ဖြူ မြို့မှ မိုင် ၃၀ အကွာရှိ ကပစ (၂၁) တွင် ထုတ်လုပ်သည်။
ထိုဒေသများသည် ယခု အချိန်အထိ စစ်ကောင်စီ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေဆဲ ဖြစ်၍ ပုံမှန် ပို့ဆောင် ဖြန့်ဖြူး နိုင်ဆဲပင် ဖြစ်သည်။ စစ်တပ်သည် ထိုဗုံးများဖြင့် ကျောက်ဖြူ၊ ဗန်းမော် နှင့် တောင်ခမ်း တိုက်ပွဲများ အတွက် အဓိက ထား အသုံးပြုနေကြသည်။
ထို့အပြင် စစ်ကိုင်း ဒေသကြီး အတွင်းရှိ လူထု အား ကျီးလန့်စာစား ဖြစ်အောင် အရပ်ဖက် ပစ်မှတ်များကို တမင်တကာ ရည်ရွယ် ပစ်ခတ်နိုင်ရန် အတွက်လည်း အသုံးပြု နေကြသည်။ အထူးသဖြင့် အင်းတော် ကို လက်လွှတ်ခဲ့ရပြီးနောက် ပို၍ တိုက်ခိုက်လာခဲ့သည်။
ယခုအခါ ထိုတိုက်ခိုက်မှု အားလုံး အတွက် စိုးဝင်း ဦးဆောင်သော ပူးတွဲ စစ်ဆင်မှု ကွပ်ကဲရေး ဌာနချုပ် မှ မဟာဗျူဟာ မြောက် စစ်ဆင်ရေး ဆိုကာ ကြီးကြပ်နေခြင်းပင် ဖြစ်သည်။
"Hate is the wrath of the weak.
Alphonse Daudet
ပြည်သူတို့၏ တရားသောစစ် မုချ အောင်ရမည်!!!