နိုင်ငံများ အကြား စစ်ပွဲများ
နိုင်ငံများ အကြား စစ်ပွဲများ ဖြစ်ပွားလာခြင်းသည် ကမ္ဘာစနစ်ကြီး ပျက်ယွင်းလာခဲ့ပြီ ဆိုသည်ကို သိသာ ထင်ရှားစွာ ပြသလိုက်ခြင်းပင် ဖြစ်သည်။ စစ်ပွဲ များသည် အကြောင်းရင်း၊ ရည်မှန်းချက်၊ နည်းလမ်း၊ ကြာမြင့်သော ကာလ၊ အတိုင်းအတာ၊ ကုန်ကျစရိတ်၊ ပမာဏ အားဖြင့် ဆိုက ကွဲပြားနေကြမည်သာ ဖြစ်သည်။ တခါတရံ တွင် စစ်ပွဲဖြစ်ပွားခြင်း၏ အကြောင်းရင်းခံ များ ဖြစ်လာပြန်၍ နိုင်ငံများ၊ အင်ပါယာ များ ၏ တိုးတက်မှု၊ ဆုတ်ယုတ်မှု နှစ်ခု စလုံး၏ အခြေခံများ ဖြစ်လာခဲ့ရသည်။
ဒုတိယ ကမ္ဘာစစ် မတိုင်မီက နာဇီဂျာမဏီ နှင့် ဧကရာဇ် လက်အောက်ခံ ဂျပန် တို့သည် တည်ရှိနေသော ကမ္ဘာစနစ်ကြီးကို အံတုလာကြသည်။ ပထမ ကမ္ဘာစစ် မတိုင်မီ ဩစတီယား-ဟန်ဂေရီ အင်ပိုင်ယာ၊ ပထမ ကမ္ဘာစစ် အပြီး အော်တိုမန် အင်ပိုင်ယာ၊ ၁၉၉၀ တွင် ယူဂိုဆလာဗီယား တို့သည် ဗဟို မှ အုပ်ချုပ် နိုင်မှု ပြိုကွဲသွားပြီး စနစ် ပျက်ယွင်းလာ၍ ပြင်ပမှ ဝင်ရောက်လာရန် သွေးဆောင်သလို ဖြစ်လာခဲ့ရသည်။
စိန်ခေါ်လာနေသည်က တက်သစ်စ အင်အားကြီး နိုင်ငံများ အား လက်ရှိ အင်အားကြီး နိုင်ငံများ က အားလုံး လက်ခံ နိုင်မည့် ပုံစံမျိုး ဖြင့် နေရာချထားပေးနိုင်မည့် နည်းလမ်းမျိုး ရှာဖွေ နိုင်ရန်ပင် ဖြစ်သည်။ ထိုပြင် အင်အားချိနဲ့ပြီး ယို့ယွင်းလာနေသော အင်ပိုင်ယာ များ နှင့် နိုင်ငံများအားလည်း ဘယ်ပုံဘယ်နည်း ထိန်းကျောင်းသွားရမည် ဆိုသည်ကို စီစဉ်ရန် တို့ ဖြစ်သည်။
ထိုသို့ စိန်ခေါ်လာမှု များက အသစ်အဆန်းတော့ မဟုတ်၊ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်ကျော်ကပင် ထို အကြောင်းကို ရေးသား ဖေါ်ပြထားခဲ့ပြီး ဖြစ်သည်။ ရှေးဟောင်း ဂရိပညာရှင် သူစီဒဒီး က အေသင်သား တို့၏ အင်အား ကြီးထွားလာမှု နှင့် စပါတား တွင် ဖြစ်ပေါ်လာသော ကြောက်ရွံ့မှု များ ကြောင့် ဖလိုပိုနီရှင်း စစ်ပွဲကြီးသည် မလွှဲမရှောင်သာ ဘဲ ဖြစ်ပွားလာရသည်ဟု ရေးသားထားခဲ့သည်။
လေ့လာသူ အချို့ က သူစီဒဒီး၏ အပြောသည် ယခု ခေတ် တကမ္ဘာလုံး ရင်ဆိုင်နေရသော တရုတ် ၏ အင်အားကြီးထွားလာမှု နှင့် ထပ်တူ ဖြစ်သည်ဟု ပြောဆိုလာကြသည်။
နိုင်ငံ များ အကြား ဖြစ်ပွားခဲ့သော စစ်ပွဲများ အကြောင်းကို ဝေးဝေးလံလံ ရှာစရာ မလိုပေ။ ၁၉၉၀ တွင် အီရတ်သည် အိမ်နီးချင်း ကူဝိတ်ကို ဝင်ရောက် တိုက်ခိုက် ဝါးမြိုခဲ့သည်။ အမေရိကန် ဦးဆောင်မှု ဖြင့် နိုင်ငံစုံ တပ်များက စစ်ရေး အရ အရေးယူ ဆောင်ရွက်လာခဲ့မှု ကြောင့် ကူဝိတ် အား လွတ်လပ်သော နိုင်ငံ အဖြစ် ပြန်လည် တည်ဆောက်ပေးနိုင်ခဲ့သည်။
မကြာမီက ရုရှားသည် ဂျော်ဂျီယာ နှင့် ယူကရိန်း တစိတ်တပိုင်းကို အင်အားသုံး၍ ကျုးကျော် သိမ်းပိုက်ခဲ့သည်။ ယူကရိန်းပိုင် ကရိုင်းမီယားကိုလည်း ချဲ့ထွင် သိမ်းပိုက်ထားသည်။
စစ်ပွဲသည် ကမ္ဘာစနစ်ကြီး ပြိုကွဲသွားသည့် အဖြစ်ကို အခြေခံ အကျဆုံး သက်သေခံချက်လည်း ဖြစ်သည်။ စစ်ပွဲ ဟူသည်က တကမ္ဘာလုံး အတိုင်းအတာ၊ ဒေသ တွင်း သို့မဟုတ် နိုင်ငံအတွင်း တွင်လည်း ဖြစ်ပွားနိုင်သည်။ နယ်မြေ ပိုင်ဆိုင်လိုမှု၊ အရင်းအမြစ်များ ရယူလိုမှု၊ တစုံတရာကို စိုးရိမ် ကြောက်ရွံ့မှု၊ ရည်မှန်းချက် တခုခု ကြောင့် ဖြစ်ပွားလာခဲ့ခြင်းမျိုး ဖြစ်သည်။
နိုင်ငံ အချင်းချင်း မဟုတ်ဘဲ အကြမ်းဖက် အဖွဲ့များ၊ စစ်သွေးကြွ များ၊ ပျောက်ကြား အဖွဲ့များ၊ လှုပ်ရှားမှု တခုခု နှင့် ဆက်နွယ်နေသော အဖွဲ့များ အစရှိသည့် အုပ်စု အချင်းချင်း ကြားတွင်လည်း ဖြစ်ပွားတတ်သည်။ ၎င်းတို့သည် အစိုးရ အဖွဲ့ တဖွဲ့ကို ဖြုတ်ချ အစားထိုးရန် သို့မဟုတ် လက်ရှိ အစိုးရ အား ပြည်တွင်း ပြည်ပရန်များ မှ ကာကွယ်ပေး နိုင်ရန် အတွက် ဖြစ်သည်။
လက်နက်ကိုင် အချင်းချင်း ထိတွေ့မှု တိုင်းကို စစ်ပွဲ ဟူ၍ မသတ်မှတ်ပေ။ ကျွမ်းကျင်သူ အချို့က အတိုင်းအတာ နှင့် သတ်မှတ်တတ်သည်၊ ဆိုလိုသည်မှာ အကြမ်းဖက် မှု ကြောင့် လူ့အသက်ပေါင်း အနည်းဆုံး တထောင် ခန့် သေဆုံးခဲ့မှသာ စစ်ပွဲ ဟူ၍ သတ်မှတ်သည်။
ယင်းသည် စိတ်ကူးထဲ ပေါ်ရာ သတ်မှတ်ခြင်းမျိုး ဖြစ်သည်။ သို့သော် ဖြစ်စဉ် တခုကို စစ်ပွဲ၊ ပဋိပက္ခ၊ လက်နက်ကိုင် ပဋိပက္ခ တခု ဟုတ်မဟုတ် သတ်မှတ်နိုင်ခဲ့သည်။
"စစ်ပွဲ" ဆိုသည့် စကားလုံးသည် ကြာညောင်းစွာ ဖြစ်ပွားတတ်သည့် အတိုင်းအတာ တခုကို ရည်ညွှန်းရာတွင် သုံးစွဲတတ်သည်။ သို့သော် တစုံတရာကို စစ်ပွဲဟု သတ်မှတ်လိုက်ခြင်းဖြင့် ယင်းနှင့် အတူ ဥပဒေ ကြောင်းအရ နှီးနွယ် ပတ်သက်လာမှု ရှိလာခဲ့သည်။ အထူးသဖြင့် လက်နက်ကိုင် တိုက်ခိုက်နေသူ များ၏ အခွင့် အရေး နှင့် ပတ်သက်၍ ဖြစ်သည်။
တဖက်က လက်နက်ကိုင် စွက်ဖက်လာသည်ကို တဖက်က ခုခံ၊ လက်တုန့်ပြန်လာလျင် စစ်ပွဲ သို့မဟုတ် ပဋိပက္ခ ဖြစ်ပွားလာနိုင်သည်။ ဤနေရာတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းနိုင်ရန်၊ စစ်ပွဲ ကို အဆုံးသတ်ရန် လက်နက်ကိုင် ပတ်သက်လာမှု မျိုးလည်း ရှိနိုင်သည်။
စစ်ပွဲ တပွဲ ကို စစ်ပွဲဟု ပီပီပြင်ပြင် သတ်မှတ် နိုင်ရန် အချိန်ကာလ မည်မျှ ကြာရမည် ဆိုသည်ကို မသိသော်လည်း ပြီးခဲ့သည့် ဆယ်စု နှစ်များ အတွင်း စစ်ပွဲများစွာ ဖြစ်ပွားလာခဲ့ပြီး ဖြစ်သည်။ ၁၇ ရာစု နှစ် အစောပိုင်း တွင် ဖြစ်ပွားခဲ့သော နှစ်သုံးဆယ်ကြာ စစ်ပွဲကြီး၊ နောက်ဆုံး အာဖဂန်နစ္စတန် တွင် ဖြစ်ပွားခဲ့သော စစ်ပွဲ များ ဖြစ်သည်။ ၁၉၆၇ ဇွန်လ အတွင်း အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော စစ်ပွဲသည် ခြောက်ရက်သာ ကြာမြင့်ခဲ့၍ အတိုဆုံး လည်း ဖြစ်သည်။