အမေရိကန် နှင့် ၎င်း၏ မဟာမိတ်များသည် တောင်အာရှ ဒေသတွင် မြန်မာ နှင့် ပတ်သက်ပြီး ကြားခံ စစ်ပွဲ တပွဲ ဆင်နွှဲရန် စီစဉ် နေပြီ ဆိုသော သတင်း များ စဉ်ဆက်မပြတ် ထွက်ပေါ်နေသည်။
ရည်ရွယ်ချက်သည်ကား မြန်မာ စစ်တပ် အား ဖြိူလှဲ နိုင်ရန် နှင့် တရုတ်အား အိန္ဒိယ သမုဒ္ဒရာဖက်ခြမ်းသို့ ထွက်ပေါက် မရစေရန် ဖြစ်သည်ဟု အစချီကာ မြန်မာစစ်ရေး သုတေသီ အင်ဒရူး ဆဲလ် က အဆိုပါ သတင်း အပေါ် ယခုလို သုံးသပ်လာသည်။
ဒေသတွင်း သတင်း မီဒီယာများ နှင့် အယ်ဒီတာ များ၏ ဆောင်းပါး အများ အပြားတွင် ရေးသားလာခဲ့သည် များကို စုစည်း တင်ပြရမည် ဆိုက အချက် ၁၁ ချက်ကို တွေ့ရမည် ဖြစ်သည်။
(၁) အမေရိကန် နိုင်ငံခြားရေး ဌာန၊ အမျိုးသား လုံခြုံရေး ကောင်စီ၊ ရန်ကုန် ရှိ အမေရိကန် သံရုံးယာယီ တာဝန်ခံ၊ အင်ဒို-ပစိဖိတ် စစ်ဌာနချုပ် မှ ဒုစစ်ဦး စီးချုပ် တို့ ဘင်္ဂလားဒေ့ရှ် သို့ သွားပြီး အသေးစိတ် ဆွေးနွေး စီစဉ်ခဲ့ကြသည်။
(၂) ထိုစဉ်က ဝန်ကြီးချုပ် ရှိတ် ဟာစီနာ မှ သဘောမတူ လျင် အမေရိကန် မှ အတိုက်အခံများအား ထောက်ခံသွားမည်ဟူသော ဖိအား ကို မလွန် ဆန် နိုင်ခြင်း။
(၃) အမေရိကန်သည် အာရက္ခ တပ် တော်၊ ချင်း အမျိုးသား တပ်ဦး တို့၏ စစ်ဆင်ရေး များ အား ပံ့ပိုးပေးနိုင်ရန် ထောက်ပို့ သိုလှောင် စခန်းကြီး တခု ဖွင့်လှစ်ထားရှိမည်။
(၄) အမေရိကန်၏ ထောက်ပို့ လုပ်ငန်းများ အဆင်ပြေ ချော မွေ့ စေရန် ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ တပ်မကြီး သုံးခု အထိ ပါဝင် ကူညီ ပေးသွားမည်။
(၅) ကောက်ဘဇား အနီးတွင် တူရကီ ဒရုန်းများ အဓိက ထား အသုံးပြုမည့် ဒရုန်း အခြေစိုက် စခန်း ကြီး တခု တည်ဆောက် ဖွင့်လှစ်သွားမည်။
(၆) ရခိုင်ပြည်နယ် အတွင်း No-Fly-Zone သတ်မှတ်သွားရန် အလေးအနက် စဉ်းစားနေသည်။ ယင်းကိစ္စအား ဘင်္ဂလား ပင်လယ်အော်တွင် အမေရိကန် လေယာဉ် တင် သင်္ဘောကြီး ဖြင့် ကွပ်ကဲသွားမည်။
(၇) ဘင်္ဂလား ပင်လယ်အော်တွင် အမေရိကန် ရေတပ်သင်္ဘောများက ယခုကတည်းက ကမ်းခြေ ကပ်ပြီး လက်နက်ခဲယမ်းများ နှင့် အခြား စစ်ရေး အထောက်အပံ့များ ပံ့ပိုးပေးနေပြီ ဖြစ်သည်။။
(၈) ဆောင်းပါး တပုဒ်တွင် အနောက်တိုင်း ထောက်လှန်းရေး အေဂျင်စီများက ထိုင်းရှိ လျို့ဝှက် စခန်းများ မှ နေ၍ တော်လှန်ရေး အဖွဲ့များကို ကူညီပေးနေသည်။
(၉) ယခု နှစ် အစောပိုင်း ထွက်ပေါ်လာသော သတင်းများ တွင် "ထောင်နှင့်ချီသော အမေရိကန် နှင့် ဗြိတိသျှ ကြေးစား များ မီဇိုရမ် ပြည်နယ်မှ တဆင့် လျို့ဝှက် ဝင်ရောက်လာနေကြပြီး ချင်းတော်လှန်ရေး အဖွဲ့များကို ကူညီ လေ့ကျင့်ပေးလျက် ရှိနေသည်၊ ယင်းအား အိန္ဒိယ အကဲခတ် တဦးက "ပုန်းလျိုး ကွယ်ရှိုး" စစ်ဆင်ရေး တစိတ်တပိုင်းဟု ပြောဆိုခဲ့သည်။
(၁၀) အန္တိမ ရည်မှန်းချက်သည် ဘင်္ဂလား ဒေ့ရှ် အစိုးရ ကျောထောက်နောက်ခံ ပေးမှုဖြင့် အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် တလျောက် လွတ်လပ် သောနိုင်ငံတနိုင်ငံ တည်ထောင် ပေးပြီး တရုတ်၏ စီးပွားရေး စင်္ကြန်လမ်းမ ကြီး နှင့် အိန္ဒိယ သမုဒ္ဒရာ ကို ကျောက်ဖြူ ဆိပ်ကမ်း မှ တဆင့် တရုတ် တို့ အဝင်အထွက် လုပ်လာမည့် အရေး ကို ဟန့်တား နိုင်ရန် ဖြစ်သည်။
(၁၁) အမေရိကန်မှ ၎င်းတို့ လုပ်ငန်းများ အောင်မြင်သွားမည်ဆိုက "အကူအညီပေးရေး စင်္ကြန် လမ်းမ" ကြီး တခု တည်ဆောက်ပြီး ရိုဟင်ဂျာ ဒုက္ခသည် တသန်း ခန့် ကို ပြန်ပို့ပေးမည်ဟု ကတိပေးထားသည်။
ယခု အချိန်အထိ အဆိုပါ သတင်းများ အား မည်သူကမျှ သိသိသာသာ စိန်ခေါ်လာခြင်း မရှိသေးသည်ကို တွေ့ရသည်။ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖေါ် ရေးသားခြင်းမျိုး လည်း မရှိသေး။
ဤသည်ကလည်း အဆိုပါ သတင်းများသည် ယုံကြည် စိတ်ချရမှု မရှိသေးသောကြောင့်လည်း ဖြစ်သည်။ မှန်ကန်ကြောင်း သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ မ ပြနိုင်ခြင်း၊ ပါဝင်ပတ်သက် နေသူ များထံ မှလည်း အတည်ပြု ခဲ့ခြင်းမျိုး လည်း မရှိသေးပေ။ ကျိုးကြောင်းဆီလျှော်စွာ ဖြင့် ဓမ္မာဓိဋ္ဌာန်ကျကျ စဉ်းစားမည် ဆိုက ယုံကြည်ရန် ခက်ခဲလှသည်။
လျို့ဝှက်စွာ လုပ်မည်ဆိုလျင်ပင် ဖြစ်ပေါ်လာနိုင်သည့် စစ်ရေးဆိုင်ရာ အခက်အခဲများနှင့် နိုင်ငံရေးဆိုင်ရာ အန္တရာယ်များက တရုတ် နိုင်ငံ၏ ရေရှည် ရည်မှန်းချက်များကို ကျော်လွှားရန် မလုံလောက်သေး။
ပြည်ပ နိုင်ငံ များ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ယခုထိ "လူ့ အသက်အန္တရာယ်ကို မထိခိုက်" စေမည့် အကူအညီမျိုး ထက် ပိုပြီး ကူညီ ထောက်ပံ့ခြင်းမျိုး မရှိသေး သည်ကို တွေ့နေရသည်။
နိုင်ငံထဲ ဝင်ရောက်လာသော ကြေးစားများသည်လည်း မည်သည့် နိုင်ငံ၏ ထောက်လှန်းရေး အဖွဲ့အစည်း ကိုမျှ ကိုယ်စားပြုခြင်း မရှိဘဲ ၎င်းတို့ သဘော နှင့် ၎င်းတို့ လှုပ်ရှားလာခြင်းမျိုးသာ ဖြစ်ပေ လိမ့်မည်ဟု ဆိုသည်။
ဩစတေးလျှ ရှိ Lowy Institute မှ ထုတ်ဝေသော The Interpreter စာစောင့်တွင် အင်ဒရူး ဆဲသ် ကသတင်းမှား အဖြစ် ပယ်ချထားသော်လည်း Where there's the smoke, there's the fire ဆိုသည့် မီးရှိလို့သာ မီးခိုး ထွက်သည် ဆိုသော စကားပုံလည်း ရှိနေသည် မဟုတ်ပါလား။
ပြည်သူတို့၏ တွန်းလှန်စစ် မုချ အောင်ရမည်!!!