မေ ၇ ရက် သန်းကောင်ယံ အလွန်လောက်တွင် အိန္ဒိယ မှ ပစ်လွှတ်လိုက်သော ဒုံးကျည်များက ပါကစ္စတန် နိုင်ငံထဲ ကျရောက်လာခဲ့သည်။ အိန္ဒိယ ဖက်က ပါကစ္စတန် ဖက်ခြမ်းရှိ ကက်ရှ်မီယား ဒေသထဲရှိ အကြမ်းဖက် သမား တို့၏ စခန်း ကိုးခု ကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ယင်းသည် နှစ်ပေါင်း ၅၀ အတွင်း အကြီးမားဆုံး သော လေကြောင်း တိုက်ခိုက်မှု ပင် ဖြစ်သည်။ အိန္ဒိယ မှ ၎င်းတို့ဖက်ခြမ်းရှိ ကက်ရှ်မီယားအား အကြမ်းဖက် သမား များ၏ တိုက်ခိုက်ခံရပြီး ခရီးသွား ၂၆ ဦး သေဆုံးခဲ့ရပြီးနောက် နှစ်ပတ် တိတိတွင် ယခုလို လက်တုန့်ပြန် တိုက်ခိုက်လာခြင်း ဖြစ်သည်။
ပါကစ္စတန်ဖက်က အိန္ဒိယ၏ တိုက်ခိုက်မှု ကြောင့် အရပ်သား ၂၆ ဦး သေဆုံးသွားခဲ့သည်ဟု ဆိုသည်။ အကြမ်းဖက် သမား တို့၏ စခန်းများ ရှိနေသည်ကိုလည်း ငြင်းဆိုသွားပြီး အိန္ဒိယ တိုက်လေယာဉ် ငါးစီးကို ပစ်ချ နိုင်ခဲ့သည် ဆိုသည်ကိုမူ အတည်ပြု နိုင်ခဲ့ခြင်း မရှိသေးပေ။
ပါကစ္စတန်ဖက်က မည်သို့ တုန့်ပြန်လာမည်နည်း ဆိုသည် မေးခွန်း ထွက်ပေါ်လာခဲ့သည်။ ကက်ရှ်မီးယား ကို ဟိုဖက် ဒီဖက် ပိုင်းခြားထားသည့် line of control (LOC) တလျောက် လက်နက်ကြီးများ ဖြင့် ပစ်ခတ်လာခဲ့သည်။ ပါကစ္စတန် မှ အိန္ဒိယ ပစ်မှတ်များ ကို သင့်တင် လျောက်ပတ်သည့် အချိန်တွင် သင့်တော်သလို တုန်ပြန်သွားမည်ဟု ဆိုသည်။
နယူးဒေလီတွင် မေလ ၇ ရက်၌ မြို့ပြ ကာကွယ်ရေး အတွက် တပ်လှန့်ထားခဲ့ပြီး လေကြောင်းရန် ကာကွယ်ရေး ဥဩများ အား မြို့ကြီးများ တွင် အစမ်း ဆွဲခြင်း၊ အမှောင်ချခြင်းများ ပြုလုပ်ရန် စီစဉ် လာကြသည်။
အိန္ဒိယ နှင့် ပါကစ္စတန် သည် စစ်ပွဲကြီး လေးကြိမ် နှင့် နယ်စပ် တိုက်ပွဲပေါင်းများစွာ ဆင်နွှဲ ခဲ့ပြီးလည်း ဖြစ်သည်။
ကက်ရှ်မီယား ဇတ်ကြောင်း ကို အနည်းငယ် တင်ပြရပေမည်။
အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ် မောင့်ဘက်တန်သည် ကက်ရှ်မီယား ၏ မဟာရာဂျာ စော်ဘွား ဟာရီ ဆင်းအား အိန္ဒိယ နှင့် ပါကစ္စတန် တနိုင်ငံ မဟုတ် တနိုင်ငံ နှင့် ပေါင်းဖို့ လွတ်လပ်ရေး မကြေညာမီ ၁၉၄၇ ဩဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား ဆုံးဖြတ်ရန် ပြောလာခဲ့သည်။
ကက်ရှ်မီယား လူဦးရေ၏ လေးပုံ သုံးပုံသည် မူဆလင်များ ဖြစ်နေ၍ ပါကစ္စတန် နှင့် ပူးပေါင်း လိမ့်မည်ဟုသာ ခေါင်းဆောင် ဖြစ်သူ အလီ ဂျင်းနားက မျှော်လင့်နေသည်။ သို့သော် ဟာရီ ဆင်း က မြို့ တော် ဆရင်းနဂါး သို့ ငါးရက်ကြာ အပန်းဖြေခရီး ထွက်ရန် စီစဉ်နေသည့် အလီ ဂျင်းနားကို ကက်ရှ်မီယားသို့ ခြေမချ စေရန် ဗြိတိသျှ အရာရှိတဦး အား အသိပေးလာခဲ့သည်။
ဤသည်ကပင် အလီ ဂျင်နား အဖို့ သဘောပေါက်သွား စေခဲ့ပြီ ဖြစ်သည်။ ပါကစ္စတန် ခေါင်းဆောင်များက ကက်ရှ်မီယား သည် အိန္ဒိယ နှင့် ပူးပေါင်းမည့် အရေးကို မည်သို့မျှ လက်မခံနိုင်အောင် ဖြစ်လာကြသည်။
အိန္ဒိယ နှင့် စစ်ပွဲကြီး ဆင်နွှဲဖို့ မည်သို့မျှ အခြေအနေ မပေးသေးသဖြင့် မူဆလင် ခွဲထွက်ရေး အဖွဲ့များကို မြှောက်ထိုးပင့်ကော် လုပ်လာကြပြီး လူမျိုးစုပုံစံ ကျုးကျော်ရေး စစ်ပွဲ ကို စတင်လာခဲ့သည်။
ဟာရီ ဆင်းသည် ကက်ရှ်မီယား အား လွတ်လပ်သော နိုင်ငံ အဖြစ် ဆက်ရှိနေစေရန် သံတမန် နည်းလမ်း ပေါင်းစုံ သုံး၍ ကြိုးပမ်းခဲ့သော်လည်း မအောင်မြင် ခဲ့တော့။
ဟာရီ ဆင်းမှ ကြေညာချက် ထုတ်ပြန်ပြီး လျင် ပြီးချင်း အိန္ဒိယ တပ်များ ကက်ရှ်မီယားသို့ အလုံးအရင်း နှင့် ဝင်ရောက်လာကြသည်။ ဤသို့ဖြင့် စစ်ပွဲကြီး ဖြစ်ပွားလာခဲ့သည်။
၁၉၄၈ တွင် ကုလသမဂ္ဂ ဖြန်ဖြေမှု ဖြင့် line of control မျဉ်း ဆွဲကာ နှစ်ဖက် ပိုင်းခြားပေးခဲ့မှု ဖြင့် အဆုံးသတ် သွားခဲ့သည်၊ သို့သော် နှစ်ဖက်စလုံးက သူပိုင်ငါပိုင် အဖြစ် ဆက်၍ အငြင်းပွားနေဆဲ ဖြစ်သည်။
အိန္ဒိယ သည် ကက်ရှ်မီယား ဒေသတခုလုံးကို ပိုင်ဆိုင်ခွင့် ရမည်ဆိုက အာရှ အလယ်ပိုင်းသို့ လမ်းပွင့်သွားမည့် အပြင် အာဖဂန်နစ္စတန် နှင့်လည်း နယ်နမိတ် ထိစပ်သွားမည်။ ထို့အပြင် ပါကစ္စတန် သည်လည်း တရုတ် နှင့် နယ်စပ်ခြင်း ဆက်နေခြင်း မရှိတော့၍ ပါကစ္စတန် နှင့် တရုတ် ဆက်ဆံရေးကို ဟန့်တား ပစ်နိုင်မည်လည်း ဖြစ်သည်။
ပါကစ္စတန် ကလည်း ကက်ရှ်မီယား အား အပြည့်အဝ ထိန်းချုပ်ခွင့် ရမည်ဆိုက ၎င်းတို့၏ နိုင်ငံခြားရေး မူဝါဒ ပိုင်း တွင် အပြည့်အဝ လှုပ်ရှားနိုင်ခွင့် ရရှိပြီး ရေပြဿနာလည်း ဖူလုံသွားမည် ဖြစ်သည်။
အိန္ဒိယသည် ဒုံးကျည်များ ပစ်လွှတ်ပြီး မကြာမီမှာပင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယို အား အကျိုး အကြောင်း ရှင်းပြခဲ့သည်၊ သို့သော် ယခု အခါတွင်တော့ အမေရိကန် တို့ ဝင်ရောက် ဖြန်ဖြေပေးမည်ကား မသေချာတော့၊ သမ္မတ ထရန့် မှ အရေးထားစရာ မဟုတ်သည့် ပုံစံဖြင့် "သူတို့ ဖြစ်နေတာ ဆယ်စုနှစ်ပေါင်း များစွာ မက ရာစုနှစ် နှင့်ပင် ချီနေပြီ ဖြစ်လို့ အမြန် အဆုံးသတ် သွားကြဖို့ပဲ မျှော်လင့်တယ် ဟုသာ ပြောသွားခဲ့သည်။