The Diplomat စာစောင်ပါ ရှောင်တန်နဲလ် ၏ အင်တာဗျူး ဖြစ်ပြီး စစ်တပ် နှင့် အာဏာရှင်တို့၏ သရုပ်မှန် ကို ဖေါ်ထုတ် ပြောကြားသွားသည်ကို ဆောင်းပါး အသွင် ဖြစ်အောင် ပြန်လည် ရေးသား တင်ပြသည်။
#စိန်ခေါ်မှု များ
၂၀၁၆ တွင် NLD အာဏာရလာချိန်တွင် နှစ်ပေါင်း ငါးဆယ် ခန့် မူဝါဒ ရေးရာ အလွဲလွဲ အချော်ချော်များ နှင့် အရှေ့တောင် အာရှ တွင် အဆင်းရဲဆုံး နိုင်ငံ ဖြစ်လာနေချိန်လည်း ဖြစ်သည်။ ထိုအချိန်တွင် အိမ်နီးချင်း နိုင်ငံများက "အာရှ ကျား" များဟု ကင်ပွန်း တပ်လာရသည် အထိ အပြိုင်အဆိုင် တိုးတက်နေကြပြီ ဖြစ်သည်၊ ထို့အတွက် NLD သည် လက်ရှိ အနေအထားကို မှောက်လှန် ပစ်နိုင်ရန် ကြီးမားသော စိန်ခေါ်မှု နှင့် စတင် ရင်ဆိုင်လာရချိန်လည်း ဖြစ်သည်။
ပထမဦးဆုံး မူဝါဒ ရေးရာ ပိုင်းတွင် မဖြစ်မနေ ပြုပြင် ပြောင်းလဲရတော့မည် ဖြစ်သည်။ စီးပွားရေး အား နိုင်ငံတကာ ကုန်သွယ်ရေး နှင့် ရင်းနှီး မြုပ်နှံ မှု အတွက် ဖွင့်ပေးနိုင်ရန်၊ ငွေကြေး၊ ဘဏ္ဍာရေး ပိုင်းတွင်လည်း သတိရှိရှိ ဖြင့် စီးပွားရေး စနစ်ကြီး တခုလုံး တည်ငြိမ်လာအောင် ဆောင်ရွက်ရန်၊ အခွန် စနစ်ကို ပြုပြင်ပြောင်းလဲရန်၊ ငွေများ ရိုက်နှိပ်ပြီး ထုတ်သုံးနေခြင်းများကို ဖယ်ရှားပစ်ရန်၊ အကြွေးများ မဆပ်နိုင် အောင် ဖြစ်နေသည့် အခြေအနေကို ကယ်တင်နိုင်ရန်၊ ပညာရေး နှင့် စီးပွားရေး အတွက် အရင်းအမြစ်များ တိုးချဲ့သုံးစွဲရန်၊ ရေရှည်တည်တံ့နိုင်သော စွမ်းအင်နှင့် ပိုမိုထိရောက်သော အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်း များ ပြုလုပ်ရမည် ဖြစ်သည်။ ထိုလုပ်ငန်းစဉ်များ အားလုံးကို ဒီမိုကရေစီ နည်းလမ်းကျကျ ဖြင့် စီစစ် တာဝန်ခံနိုင်ရမည် လည်း ဖြစ်သည်။
ထိုလုပ်ငန်း များ အတွက် အဓိက အတားအဆီးသည် deep-state ခေါ် အတွင်းရှိ လက်မဲ ကြီးများမှဆန့်ကျင်လာမှုများပင် ဖြစ်သည်။ အစိုးရလုပ်ငန်းများ ရွေ့လျား သွက်လက်မှု မရှိ၊ ထိုင်းမှိုင်း လေးကန်နေခြင်း၊ ဖေါင်းပွပြီး စွမ်းဆောင်ရည် မရှိသည့် အစိုးရ ဌာနများ တွင် ရာထူး၊ ဂုဏ် ရှိယုံသက်သက် လာထိုင်နေကြပြီး ပျင်းရိ ပြီး အပိုဝင် ငွေ ရရန် လာဒ်လာဘ မျှော်ကိုး နေမှု များက နေပြည်တော်တွင် အနည်းနှင့် အများ ဆိုသလို တွေ့နေရသည်။
မလုပ်၊ မရှုပ်၊ မပြုတ်သည် ဗျူရိုကရက် အရာရှိကြီးများ၏ လက်သုံးစကား ဖြစ်လာပြီး ပြုပြင်ပြောင်းလဲမှု များကို ဆန့်ကျင်လာကြသည်၊ တဖက်တွင်လည်း သတ္တိရှိသော ဝန်ထမ်းများက အပြောင်းအလဲများ ဖြစ်ရန် ကြိုးပမ်းလာခဲ့ကြသည်။
ထိုအထဲတွင် အန္တရာယ် အများဆုံး ဆန့်ကျင်မှုသည် စစ်တပ်မှ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့ က အချိန်မရွေး ဝင်ရောက်စွက်ဖက်ပြီး အတားအဆီး လုပ်လာသူ များကို ဖယ်ရှားပစ်နိုင်သည်ဟု NLD သက်တမ်း တလျောက်လုံး ဗြောင်ကျကျ ပင် သိသာအောင် လုပ်လာခဲ့သည်။
အာဏာ မသိမ်းခဲ့လျင် တိုင်းပြည်သည် အိမ်နီးချင်းများ နှင့် အမှီလိုက်လာနိုင်သည် အထိ တိုးတက်လာမည် ဆိုသည်က သေချာပေါက်ပင် ဖြစ်သည်။ ၂၀၂၁ သည် ပြုပြင် ပြောင်းလဲမှု အမြောက်အမြား ထွက် ပေါ် လာ တော့မည် ဖြစ်၍ NLD အတွက် လွန်စွာ အရေးပါသော နှစ်လည်း ဖြစ်သည်။ ဤသည်ကိုလည်း တင့်ကား များ မောင်းဝင်လာသည့် ဖေဖေါ်ဝါရီ ၁ ရက် နေ့ လွှတ်တော် ပြန်လည် ကျင်းပသည့် နေ့မှာပင် တင်သွင်းဖို့ ရှိနေသည်။
အာဏာ အသိမ်းမခံခဲ့ရပါက GDP သည် လက်ရှိထက် ငါးဆယ် ရာနှုန်း မြင့်တက်လာမည်ဟု ကမ္ဘာဘဏ်က ခန့်မှန်းထားပြီး ဖြစ်သည်။
#ဘဏ်လုပ်ငန်းများ
စစ်တပ်လက်အောက်တွင် ဘဏ် များသည် "ဘဏ်" လို့ပင် ခေါ်လို့မရတော့၊ စစ်တပ် သဘောကျ ကရိုနီ များ၊ ကုမ္ပဏီ များ အတွက် ငွေ များ သိမ်းဆည်းပေးရာ ဌာနများ ဖြစ်လာသည်။ ထို့အတွက် ဘဏ်များ၏ ချေးငွေ ဆိုင်ရာ ဆုံးဖြတ်ချက် များ အပေါ် မည်မျှ အတိုင်းအတာ အထိ သင့်လျော်သည် ဆိုသည် အပေါ် အကဲဖြတ် စီစစ် မှုတွေ အလွန် နည်းလာခဲ့သည်။ ရလဒ် အဖြစ် ဘဏ်များ တွင် အကြွေးပြန်မရသည့် ချေးငွေများ နှင့် လည်ပင်းခိုက်လာခဲ့ရသည်။ စည်းကမ်းတကျ လုပ်ခြင်သော ဘဏ်များလည်း ရှိသော်လည်း အနည်းအကျဉ်းသာ ဖြစ်သည်။
ဗဟိုဘဏ်သည်လည်း ဘဏ်များကို သတိရှိရှိ ဖြင့် ကြီးကြပ်နိုင်ခြင်း မရှိပဲ စတီယာရင် ပေါ် လက်တင်ပြီး အိပ်မောကျနေသည့် အလား ဖြစ်နေသည်။ ဘဏ်လုပ်ငန်းများ ပြင်ဆင်နိုင်ရေး အတွက် ဒေါက်တာ ဘိုဘိုငယ်၊ ဒေါက်တာ ဝင်စတန် ဆက်အောင်၊ ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဝင်း တို့ ကဲ့သို့ ကျွမ်းကျင်သူ များ ရှိနေပြီး ဖြစ်သည်။
စစ်တပ်ပိုင် ခေါင်းမာသော ဘဏ်များ ရှိသလို ကရိုနီများ နှင့် ထဲထဲဝင်ဝင် ပတ်သက်နေသော ဘဏ်များလည်း ရှိသည်။ ဒုတိယ အမျိုးအစားထဲတွင် အကြီးမား ဆုံး ဘဏ်များ ပါဝင်နေသည်။ ၎င်းတို့သည် ကျွန်တော် အပါအဝင် NLD အစိုးရကို ခြိမ်းခြောက်ဖို့ ဝန်လေးသူများ မဟုတ်၊ ယခုထိလည်း ရှိနေဆဲပင်။
#စစ်အုပ်စု နှင့် ကရိုနီများ
အမာခံ ကရိုနီ ကုမ္ပဏီ ကြီးများက စစ်တပ်နှင့် နီးနီးကပ်ကပ် ပူးပေါင်းပြီး စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု များကို ကျားကုတ် ကျားခဲ ဆန့်ကျင်နေခဲ့ကြသည်။ အာဏာသိမ်းခဲ့မှု တွင်လည်း ၎င်းတို့ ပါဝင်ပတ်သက်နေကြမည်သာ ဖြစ်သည်။
အာဏာသိမ်းပြီး ချိန်ကတည်းက မင်းအောင်လှိုင်နှင့် အဖွဲ့သည် ၎င်းတို့ စစ်ယန္တရားကြီး အတွက် သယံဇာတ များ ထုတ်ရောင်းနေသည်က လွဲ၍ တိုင်းပြည် စီးပွားရေး အတွက် ဘာမျှ မည်မည်ရရ အစီအမံ ဟူ၍ မရှိခဲ့၊ ၎င်းတို့ စစ်ယန္တရားကြီး အတွက် အသိသာဆုံး လုပ်လာသည်က ဘဏ်များကို အသုံးချ ပြီး ပို့ကုန် လုပ်ငန်းရှင်များ နှင့် အခြား စီးပွား ရေး လုပ်ငန်းများမှ နိုင်ငံခြားငွေများကို လက်ဝါးကြီး အုပ်လာခြင်းပင် ဖြစ်သည်။ ပြည်ပ တွင် လုပ်ကိုင်ပြီး မိသားစုများထံ ငွေပြန်ပို့ပေးနေသည့် အလုပ်သမားများ ကို ပင် ချမ်းသာမပေးခဲ့ပေ။ လူထုအားလည်း နိုင်ငံခြား ငွေများ လက်ဝယ် ကိုင်ဆောင်ခွင့် မပြုတော့။
ဒီမိုကရေစီ တော်လှန်ရေး သမားများ အပေါ် လက်ရှိ အသာစီး ရနေသည့် ဝေဟင်ပစ် လက်နက် များ အား ရုရှား၊ တရုတ်ကဲ့သို့ နိုင်ငံများမှ ဆက်လက် ဝယ်ယူ နိုင်ရေး အတွက် နိုင်ငံခြားငွေများ ရရှိမှ ဖြစ်မည် ဆိုသော မူကြောင့် ထိခိုက် လာခဲ့ရသည်။
၂၀၁၀ မတိုင်မီ တွင် တိုင်းပြည်၏ ဖွံ့ဖြိုးမှု သည် သတိမကပ်တော့ပဲ မျောနေသည့် development coma ဖြစ်နေခဲ့သည်။ ခေါင်း ဆောင် လုပ်သူများကလည်း ထိုအနေအထား ကို မည်သို့ ပြောင်းအောင် လုပ်ရမည် မသိ ဖြစ်နေသည်။ အချို့ကလည်း ပြောင်းနိုင်မှ ဖြစ်မည်ကို သဘောပေါက်လာကြသည်။
ယခုအခါတွင်တော့ စစ်အုပ်စုသည် နိုင်ငံရေး စီးပွားရေး ပြုပြင် ပြောင်းလဲမှု များ အသည်းအသန် လိုအပ်နေပြီ ဆိုသည်ကိုလည်း ခေါင်းထဲ ထည့်မထားကြတော့၊ ၎င်းတို့ ဆက်၍ ရှင်သန် နိုင်ဖို့သာ နေ့တဒူဝ လုံးပမ်းနေကြရပြီ ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးမှု ဆိုသည့် ဘာသာစကားကလည်း ၎င်းတို့ အတွက် အစိမ်းသက်သက် ဖြစ်နေသည်။ တိုင်းပြည်၏ စီးပွားရေး အနာဂတ် အတွက် ၎င်းတို့တွင် အမျှော်အမြင်လည်း မရှိ၊ ဘန်ကာထဲတွင် သာ ရှင်သန်နေကြဆဲ ဖြစ်သည်။
ပြုပြင် ပြောင်းလဲရေး လုပ်နေသည့် ကာလ များ အတွင်း တရုတ်သည် အဓိက ပြဿနာ ဖြစ်လာသည်။ မြန်မာ အား ၎င်းတို့ လိုအပ်နေသည့် သယံဇာတ များ မှန်မှန် ရရှိဖို့ နှင့် လူသုံးကုန်များ တင်ပို့နိုင်ဖို့သာ စိတ်စောနေကြသည်။ ထို့အတွက် မြန်မာသည် ချိနဲ့ပြီး ၎င်းတို့ အပေါ် မှီခိုနေရသည့် အဖြစ်ရောက်မှသာ စိတ်အေးရမည်ဟု သဘောထားသည်။
မြန်မာသည် ၎င်းတို့၏ ရပ်ဝန်းနှင့် လမ်းစီမံကိန်း များ အတွက် အရေးကြီးသော အစိတ်အပိုင်းတခုလည်း ဖြစ်နေသည်။ ယခင် စစ်ခေါင်းဆောင်များက ၎င်းတို့ လုပ်ချင်သည့် စီမံကိန်း များ အတွက် လိုအပ်သလို လိုက်၍ ထည့်ဝင်နေရသည့် အတွက် ဒေါ်လာ ၁၀.၈ ဘီလီယံ အထိ အကြွေးတင်လာခဲ့သည်။ မအောင်မြင်ခဲ့လျင် မြန်မာဖက်က လုံးဝ တာဝန်ယူရတော့မည် ဖြစ်သည်။ သီရိလင်္ကာ ကဲ့သို့ ဆိပ်ကမ်းတခုလုံး ထိုးအပ်လိုက်ရသည့် အဖြစ် ရောက်တော့မည်ကို သိလာသော NLD အစိုးရသည် ၎င်းတို့နှင့် ချုပ်ဆိုထားသော သဘောတူညီချက်များကို ပြန်ညှိနိုင်ရန် ဆွေးနွေးလာခဲ့ရသည်။ နောက်ဆုံးတွင် မိမိဖက်မှ အချုပ်အခြာ အာဏာကို စွန့်လွှတ်ပေးစရာ မလိုဘဲ တရုတ်ဖက်က လုံးလုံးတာဝန်ခံရမည့် ဒေါ်လာ ၁.၃ ဘီလီယံ စီမံကိန်း ကို ရရှိလာခဲ့သည်။
ငလျင်ဒဏ် ခံရပြီး တလ ကြာလာသည် အထိ စစ်အုပ်စု ၏ လုပ်ရပ်သည် ယခင် သဘာဝ ဘေးအန္တရာယ်များ ကို ကိုင်တွယ်ခဲ့သလိုပင် မည်သို့မျှ ထူးခြား ပြောင်းလဲလာခြင်း မရှိ၊ နိုင်ငံတကာ မှ အရင်းအမြစ်များကို ရနိုင်သမျှ ဆွဲထုတ်မည်၊ ၎င်းတို့အား အသိအမှတ် ပြုလာအောင် အသုံးချမည်၊ တချိန်တည်းမှာပင် ယခင်အတိုင်း တော်လှန်ရေး အင်အားစုများ၊ ၎င်းတို့အား အနှောက်အယှက် ပေးလာသည်ဟု ထင် သော ပြည်သူများကို ဆက်၍ တိုက်ခိုက်မည်။ တရုတ်၊ ရုရှားလုပ် တိုက်လေယာဉ် များ၊ ဒရုန်းများ သုံး၍ တိုင်းရင်းသား လူနည်းစု များ အပေါ် ရက်ရက်စက်စက် ပြုကျင့်နေကြသည်။
အတိုချုပ် ပြောရလျင် ငလျင် အပေါ် စစ်အာဏာရှင်များ၏ ယုတ်မာ ကောက်ကျစ်စွာ ဖြင့် အခွင့်ကောင်းယူ အသုံးချလာမှု သည် လူတိုင်း၊ အထူးသဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း အတွက် မြန်မာနိုင်ငံ၏ အခြေအနေ အား တကယ်တမ်း တိုးတက်လိုစိတ် ရှိသည် ဆိုက မင်းအောင်လှိုင် နှင့် ၎င်း၏ အပေါင်းအပါများကို ဖယ်ရှားနိုင်မှ ဖြစ်မည် ဆိုသည်ကို သတိပေးလာခြင်းလည်း ဖြစ်သည်။
၎င်းတို့သည် အားအင်ကုန်ခန်းနေပြီး၊ ငွေကြေးလည်း မရှိတော့၊ အတွေးအခေါ်လည်း လမ်းဆုံးနေကြပြီ ဖြစ်၍ ၎င်းတို့၏ နိဂုံးသည် နောက်ကျ တော့မည် မဟုတ်ဘဲ စောစီးစွာ ထွက်ပေါ်လာတော့မည် ဖြစ်သည်။
ပြည်သူတို့၏ တွန်းလှန်စစ် မုချ အောင်ရမည်!!!