၁၉၄၅ မေလ ၉ ရက်နေ့ နံနက် ၁၂:၀၁ (ဘာလင် စံတော်ချိန်) တွင် ဂျာမန် တပ်များ၏ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂူစတပ် ယိုဒဲလ် သည် ဆိုဗီယက် ဗိုလ်ချုပ်ကြီး အိုင်ဗန် ဆူဆလိုပါ ရော့ ထံ တရားဝင် လက်နက်ချ ခဲ့မှု ကြောင့် ဆိုဗီယက် တပ်နီတော် အောင်ပွဲခံခဲ့သည့် အထိမ်းအမှတ် အခမ်းအနားပွဲ အား တက်ရောက်ရန် သမ္မတ ပူတင်၏ ဖိတ်ကြားခံခဲ့ရ၍ ဆိုကာ မော်စကို ခရီးစဉ် ကို သောကြာနေ့ တွင် စတင်တော့မည် ဖြစ်သည်။
ထို အခမ်းအနားသို့ ပူတင်၏ မဟာမိတ် များ ဖြစ် သော ဘရာဇီး၊ အိန္ဒိယ၊ တရုတ် မှ ခေါင်းဆောင်များလည်း တက်ရောက်မည် ဖြစ်သည်။
မင်းအောင်လှိုင်မှ အစည်းအဝေး တက်ရင်း အခြား ခေါင်းဆောင်များ နှင့် တွေ့ဆုံခွင့်ရ ဖို့ အကြံလည်း ရှိနေသည်။ အားလုံး က စောင့်ကြည့်နေကြသည်က တရုတ် သမ္မတ ရှီကျင့်ပင် မှ ၎င်းအား နှစ်ယောက်ချင်း လက်ခံ တွေ့ဆုံမည်လော ဆိုသည်ပင် ဖြစ်သည်။
ယခင် အခြေ အနေ အတိုင်းဆိုက ရှီကျင့်ပင် မှ လက်ခံတွေ့ဆုံ ဖို့ စိတ်ကူးထဲ ထည့်မည် မဟုတ်သော်လည်း မင်းအောင်လှိုင်ဖက်မှ တနိုင်ငံလုံး နီးပါး တရုတ်လက်ထဲ ထိုးထဲ့မတတ် လုပ်ပေးထားခဲ့ရပြီး ဖြစ်၍ ဒီတကြိမ်တော့ ၎င်းအား မဖြစ်မနေ တွေ့ လိမ်မည်ဟု မျှော်လင့်နေပုံရသည်။
အမှန်အတိုင်း ဆိုရက ၎င်းတို့ဖက်မှ သိကြားမင်းပင် ဆင်းကယ်၍ မရ သည်ကို သိထားပြီး ဖြစ်၍ ဆွေးနွေးကြမည် ဆိုသည့် စီးပွားရေး၊၊ လုံခြုံရေး များ ဆိုသည်က လည်း လေထိုး လေရော် သဘောသာ ဖြစ်သည် ကိုလည်း ဟိုဖက် ဒီဖက် သိထားကြပြီး ဖြစ်သည်။
သို့သော် မင်းအောင်လှိုင် အဖို့က တရုတ် တောင်းဆိုသမျှ ကို ကမ်းကုန်အောင် လိုက်လျော ထားပြီး ဖြစ်ပါလျက် အာဏာသိမ်းပြီး နောက် ယခုထိ ရှီကျင့်ပင် နှင့် တွေ့ခွင် မရ ဖြစ်နေသည်က ၎င်း၏ နောက်လိုက်နောက်ပါများ ကြားတွင် နိုင်ငံရေး သိက္ခာ ဒလဟော ထိုးကျ နေသည်ကို အဖတ်ဆယ်နိုင်ဖို့ အရေးကြီးနေသည်။
ရှီကျင့်ပင်သည် ပြီးခဲ့သည့် နှစ် အတွင်း ဘီဂျင်းတွင် ကျင်းပသည့် ရပ်ဝန်း နှင့် လမ်း စီမံကိန်း ဆယ်နှစ်မြောက် ထိပ်သီး အစည်း အ ဝေး ကိုပင် မင်းအောင်လှိုင်အား ဖိတ်ခေါ်ခြင်း မရှိဘဲ ဗြောင်ပင် ချန်ထားခဲ့၍ အကြီးအကျယ် အရှက်ရခဲ့ပြီး လည်း ဖြစ်သည်။
မင်းအောင်လှိုင် အဖို့ တရုတ် အပေါ် စိတ်နာမည် ဆိုကလည်း စိတ်နာချင်စရာ ဖြစ်လာနေ၍ ယခု တကြိမ် တွင်တော့ နှစ်သိမ့်ဆု အဖြစ် လက်ခံတွေ့လိမ့်မည်ဟု ထင်ကြေးများ မြင့်တက်လာနေကြခြင်းလည်း ဖြစ်သည်။ မင်းအောင်လှိုင် ဖက်ကလည်း ငြင်းဖို့ ခက်အောင် ငလျင်အတွက် အကူအညီ ပေးခဲ့သည်များကို ကြုံကြိုက်တုန်း ကိုယ်တိုင်ကိုယ်ကျ ကျေးဇူး တင်စကား ပြောပါရစေ ဟု အကြောင်းပြလိမ့်မည်ဟု ဧရာဝတီက ခန့်မှန်းထားသည်။ ပါးစပ်က ထုတ်ပြောဖို့ ခက်နေသော်လည်း ကိုးကန့်များအား ၁၀၂၇ စစ်ဆင် ရေး ကို ရပ်ခိုင်းပြီး ၎င်းတို့အား တော်လှန်ရေး အဖွဲ့သားများ လက်ထဲမှ ကယ်ဆယ်ပေးထားရ၍ ကျေးဇူးတင်ကြောင်းကလည်း မဖြစ်မနေ ပြောဖို့ ရှိနေပြန်သည် မဟုတ်ပါလော။
မင်းအောင်လှိုင်သည် ယခုတကြိမ်နှင့် ဆိုလျင် ရုရှား သို့ သွားခဲ့သည်မှာ ငါးကြိမ်မြောက် ဖြစ်နေပြီး ပြည်ပ အားကိုး ပုဆိန်ရိုး အဖြစ်ကလည်း ပို၍ ထင်ရှားလာခဲ့ရသည်။ ရုရှား အားလည်း တိုင်းပြည်၏ တွင်းထွက် ပစ္စည်းများ ဖြစ်သော ပတ္တမြား၊ ကျောက်စိမ်း၊ နီလာ တို့ အား တူးဖေါ် ထုတ်ယူနိုင်ရန် လာရောက် ရင်းနှီး မြုပ်နှံကြပါရန် အကြိမ်ကြိမ် ဖိတ်ခေါ်ထားပြီးလည်း ဖြစ်သည်။
ထို့အတွက်လည်း ဖားကန့်ဒေသ အား ထိန်းချုပ် နိုင်ရန် တပ်အင်အား အလုံးအရင်း သုံး၍ ထိုးစစ် ဆင်လာနေသည်။ ၎င်းတို့တွင် ခြောက်လ လောက် သင်တန်းပေးပြီး ရှေ့တန်းသို့ ပို့နိုင်နေသော လူငယ်လူရွယ် များ သောင်းချီ ရှိနေပြီ ဖြစ်သည်။
ယူကရိန်း သမ္မတ မှ ရောက်လာမည့် ပြည်ပ ခေါင်း ဆောင်များ၏ လုံခြုံ ရေး အာမ မခံ နိုင်ဟု ခြိမ်းခြောက်ထားသည့် ကြားမှ သွားမှ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။ မတ်လ အ စော ပိုင်း တွင် တရားဝင် ခရီးစဉ် ဖြစ်ပြီး ပူတင် တွင် တရားဝင်ဇနီး မရှိသဖြင့် သံတမန် ထုံးတမ်းအရ ကြူကြူလှ လိုက်၍ မရ ဖြစ်နေသည်။ ယခု တကြိမ်တွင်တော့ အတူ လိုက်သွားမည် ဖြစ်သည်ဟု သိရသည်။
လူထု အား ဝါဒ ဖြန့်နိုင်ရန် ယခုထိ မတ်လ အတွင်း သွားခဲ့သည့် ခရီးအား ရုပ်မြင်သံကြား မှ ထပ်တလဲလဲ ထုတ်လွှင့်နေဆဲပင် ဖြစ်သည်။
ထိုသို့ မင်းအောင်လှိုင် တယောက် ပျော်မြူးနေချိန်တွင် ၎င်း၏ တပည့်သားမြေး ဖြစ်သူ စောချစ်သူ တယောက် မှိုင်တွေချ နေရပြီ ဖြစ်သည်။
တနင်္လာနေ့က အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အွန်လိုင်း ငွေလိမ်ဂိုဏ်းများ၊ လူကုန်ကူးမှု များ တွင် ပါဝင် ပတ်သက်နေသည် ဆိုကာ စောချစ်သူ နှင့် သား နှစ်ဦးအား ဒဏ်ခတ် ပိတ်ဆို့ လိုက်ပြီ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ကြောင့် ပင် ဖြစ်သည်။
စောချစ်သူ အဖို့က ထိုအရေးသည် မှုလောက်စရာ မဟုတ်သော်လည်း ၎င်းအား ပနားမား စစ်ခေါင်းဆောင် နော်ရီဂါး ကဲ့သို့ ဝင်ရောက်ဖမ်းဆီးပါက မခက်ပေလော ဟု စိုးရိမ်စရာ ဖြစ်လာနေရသည်။
ယင်းသည် ဒေါ်နယ် ထရန့် သမ္မတ ဖြစ်လာချိန်ကစပြီး ပထမဆုံး အကြိမ် အဖြစ် မြန်မာ နှင့် ပတ်သက်ပြီး ဒဏ်ခတ် ပိတ်ဆို့ခဲ့မှု ဖြစ်နေသည်။
နောက်ဆုံးရ သတင်းအရ ယူကရိန်း၏ ခြိမ်းခြောက်မှု ကြောင့် ကရိုင်းမီယားတွင် လုပ်မည့် စစ်ရေးပြပွဲ ကို ဖျက်သိမ်းလိုက်ပြီဟု သိရသည်။ တနင်္လာနေ့တွင်မော်စကိုသို့လည်း ယူကရိန်းဖက်မှ ဒရုန်းများ နှင့် ပစ်ခတ်လာခဲ့၍ ဒိုမိုဒီဒိုဗို လေဆိပ်တွင် လေယာဉ် အဆင်းအတက်ကို တနာရီခွဲခန့် ရပ်ဆိုင်းခဲ့ရသည်ဟု သိရသည်။ ရုရှား အထူး တပ်ဖွဲ့က ကွင်းပြင်အတွင်း ဒရုန်းကာကွယ်ရေး နှင့် ပူတင် လုံခြုံရေး အတွက် လေ့ကျင့်မှု များ ပြုလုပ်နေပြီ ဖြစ်သည်။
တက် ရောက်မည်ဟု ကတိပေးထားသော ဆာဘီယား သမ္မတ သည် ယခု အခါ ရုတ်ခြည်း နေမကောင်း ဖြစ်သွားပြီဟုလည်း သိရသည်။
ယူကရိန်း မှ ရင်ပြင်နီ ကို တိုက်ခိုက်မည့် အလားအလာ နည်းပါး နေသော် ငြားလည်း မင်းအောင်လှိုင် အဖို့ နိုင်ငံသား သန်းပေါင်းများစွာ မေတ္တာပို့ ကျန်ရစ်မည့် ခရီးစဉ်ကို ထွက်ခွာ သွားတော့မည် ဖြစ်သည်။
ပြည်သူများ၏ တွန်းလှန်စစ် မုချ အောင်ရမည်!!!