မြန်မာတို့ ကြုံနေရသော ကြမ္မာဆိုး အတွက် ဒေါ်အောင်ဆန်းစုကြည်သည် ဗီလိန် မဟုတ်

by Hla Soewai - May 14 2025

ဒေါ်အောင်ဆန်းစုကြည် အကြောင်း Voice of Hope အပါအဝင် စာအုပ်ပေါင်း များစွာ ရေးသားခဲ့သည့် အမေရိကန် စာရေးဆရာကြီး၊ ဗုဒ္ဓ ဓမ္မတရား များ ဟောပြောပို့ချနေသူ Alan Clement နှင့် Burma:s Voice of Freedom နှင့် Aung San Suu Kyi from Prison and A Letter to a Dictator စာအုပ်များ ရေးသားခဲ့သည့် Fergus Harlow တို့ Asia Times ပါ Aung San Suu Kyi isn’t the villain of Myanmar’s tragedy ဆောင်းပါး ကို ပြန်လည် တင်ပြသည်။

 

ဝေဖန်သူ အချို့က လက်ရှိ ကြုံတွေ့နေရသော ကြောက်မက်ဖွယ် ကောင်းလှသည့် ဝမ်းနည်းဖွယ် အဖြစ်ဆိုး အား ဖန်တီးခဲ့ကြသည့် ဗိသုကာ များ ဖြစ်သော စစ်အာဏာသိမ်း အဖွဲ့အား ဝေဖန် ရှုတ်ချရမည့် အစား ၎င်းတို့ အတွက် အထင်ရှားဆုံး သားကောင် အဖြစ် ‌ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မှတ်ထားလာခဲ့ကြသည်။

 

ကမ္ဘာ သတင်း မီဒီယာများက မြန်မာအား "အမေ့ခံ နိုင်ငံ" အဖြစ် ပုံဖေါ်လာခဲ့ကြသော်လည်း တကယ်တမ်း တွင် တမင်တကာ လျစ်လျု ရှုထားခဲ့ကြခြင်း သာ ဖြစ်သည်ကို ဒီဇင်ဘာလ အတွင်း လန်ဒန် ရှိ အင်ဒီပင်းဒင့် သတင်းစာကြီး၏ "The Cancelled" ဆိုသည့် သတင်းမှတ်တမ်း ရုပ်ရှင်တွင် တွေ့မြင်လာရသည်။

 

ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်သူများသည် ကျိုးကြောင်း ကင်းမဲ့စွာ သူတော်စင်တဦး အလား မျှော်လင်ထားကြသူများ ဖြစ်ပြီး ၎င်းတို့ ထင်သလို ဖြစ်မလာသည့် အခါ သူတော်စင် အဖြစ်မှ ဗီလိန် အဖြစ် ချက်ခြင်းလို ကူးပြောင်းသွားခဲ့ရသည်။ မြန်မာတွင် ‌ရှိခဲ့သော ဒီမိုကရေစီ မျှော်လင့်ချက်များ ပျက်သုံးသွားရခြင်းသည် သူမကြောင့် ဖြစ်သည်ဆိုကာ ဆယ့်ကိုးနှစ် ရှိလာခဲ့သော အကျဉ်းစံ ဘဝ ကျရောက်နေရှာသည့် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ဖို့လာကြသည်။

 

ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်းက ၎င်းနှင့် စကားပြောခဲ့ရသော ဂျာနယ်လစ် အချို့သည် သူ၏ မိခင် ဖြစ်သူ အပေါ် အထင်မှားခဲ့ကြကြောင်း ဝန်ခံခဲ့သည်ဟု "Cancelled" တွင် ပြောဆိုသွားခဲ့သည်။

 

ယခင် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှ သံအမတ် ဖြစ်ခဲ့သူ ဆာ ဂျွန် ဂျင်ကင်း က ရိုဟင်ဂျာ အရေးအခင်း အတွင်း သူမ ၏ နိုင်ငံတကာ မိတ် ဆွေများက စွန့်ခွာ သွားခဲ့မှု ကြောင့် ၂၀၂၁ တွင် စစ်တပ်မှ အာဏာ သိမ်းရဲခဲ့ခြင်း ဖြစ်သည်ဟု ပင် ပြောခဲ့သည်။

 

၂၀၁၉ တွင် ဟိဂ်ရှိ နိုင်ငံတကာ တရားရုံး တွင် ‌မြန်မာ ဘက်မှ ခုခံကာကွယ်ခဲ့မှုကိုပင် စစ်တပ်ဖက်က ကာကွယ်သူ၊ ဂျီနိုဆိုက်ကို ဖုံးကွယ်သည်ဟု ပင် ပြောဆိုရေးသားခဲ့ကြသည်။ ထိုသို့သော အပြောများသည် လမ်းဘေး က အရိပ်တခု လောက်ပင် အလေးထားစရာ ဖြစ်မလာခဲ့။

 

သူမ အဖို့က နိုင်ငံ အတွက် တရားဥပဒေ ပိုင်းရော၊ သံတမန် ပိုင်းကပါ သိမ်မွေ့ ငြင်သာစွာ ကာကွယ်ပေးခဲ့သည်၊ ပြည်တွင်း တွင် တရားဥပဒေ ဘောင် အတွင်း မှ မဖြေရှင်းပဲ နိုင်ငံတကာက ပါဝင်စွက်ဖက်လာမည် ဆိုက အခြေအနေများ ပိုဆိုးလာမည်ကို သိထားသော ကြောင့်လည်း ဖြစ်သည်။

 

မြန်မာ သည် ရခိုင်ပြည်နယ် အတွင်း ကျုးလွန်ခဲ့သည့် လူ့အခွင့်အရေး ဖေါက်ဖျက်မှု များကို သည်းခံမည် မဟုတ်၊ စစ်ရာဇဝတ်မှု များ ကျုးလွန်ခဲ့သည် ဆို က စစ်တပ်ကို အရေးယူသွားမည် ဖြစ်သည်ဟု အိုင်စီဂျေ တွင် ပြောကြားသွားခဲ့သည်။

 

သူမ ပြောဆိုခဲ့မှု များသည် ရက်စက်ကြမ်းကြုပ် စွာ ကျုးလွန် ခဲ့မှု များကို ငြင်းဆိုနေခြင်း မဟုတ်ဘဲ ရှေ့လျောက် ရင်‌ဆိုင်ရမည့် စိန်ခေါ်မှု များကို အသိပေးလိုက်ခြင်းသာ ဖြစ်သည်။

 

ဟိဂ်သို့ သူမ သည် ကြံရာပါ အဖြစ် ရောက်ရှိလာခြင်း မဟုတ်၊ ဆက်၍ ရှင်သန် ရပ်တည်သွားနိုင်ရေး အတွက် အားထုတ်ခြင်းမျှသာ ဖြစ်သည်။ သူမ အား ပူးပေါင်း ကြံစည်သူဟူ၍ တံဆိပ်ခပ်ခြင်းသည် စစ်တပ်၏ သူမ အစိုးရ အပေါ် မွန်းကျပ်အောင် ချုပ်ကိုင်ထားနေသည့် အဖြစ်ကို လျစ်လျု ရှုလိုက်ခြင်းသာ ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ဖီလော်ဆိုဖီသည် သွားပုတ်လေလွင့် စွပ်စွဲ‌ ပြောဆိုခြင်းမျိုး မဟုတ်ဘဲ ဆွေးနွေးခြင်းဖြင့် ပြေရာပြေကြောင်း ဖြေရှင်းနိုင်ရေး ပင် ဖြစ်သည်။ သူမ၏ ချည်းကပ်မှု သည် အကွဲကွဲ အပြားပြား ဖြစ်အောင် ပြောဆိုခြင်း၊ မကောင်းဆိုးဝါး အသွင် ပုံဖေါ်ခြင်း၊ လက်တုန့်ပြန်ခြင်း များ ပြည့်နှက်လာနေသည့် ကမ္ဘာတွင် ရှားရှားပါးပါး ဟု ဆိုရမည့် မဟာဗျူဟာ မျိုး ဟု ဆိုရမည် ဖြစ်သည်။ 

 

ဒေါ်အောင်ဆန်းစုကြည်အား စစ်တပ်ဖက်က ပင်းသည် ဆိုသော စွပ်စွဲချက်များသည် သူမ၏ ရည်ရွယ်ချက်ကို လမ်းလွဲသွားစေပြီး စစ်တပ်မှ လက်ကိုင်တုတ် အဖြစ် အသုံးချနေသော ၂၀၀၈ ဖွဲ့စည်းပုံ၏ ပကတိ သဘောကို ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။

 

စစ်တပ်ကို ဖျက်သိမ်းပစ်ဖို့ ဆိုသည်က မည်သည့် အခါမျှ ‌ရွေးချယ်ရမည့် ဖြေရှင်းမှု မျိုး မဟုတ်ပေ။ စစ်တပ်မှ ၎င်းတို့အပေါ် အရပ်သား ဖက်က ထိန်းချုပ် လာမည့် အရေးကို ဟန့်တားရန် ချမှတ်ထားသော စနစ်သာ ဖြစ်၍ ယင်းကို တဆင့်ပြီး တဆင့် ပြုပြင်ပြောင်းလဲသွား နိုင်မှသာ လက်တွေ့ကျသော လမ်းကြောင်း ပေါ် လျှောက်လမ်းခြင်းသာ ဖြစ်သည်။

 

စစ်တပ်၏ အာဏာကို ဖျက်သိမ်းရန် ပျက်ကွက်ခဲ့သည်ဟု ဝေဖန်သူများသည် အဘယ်ကြောင့် စစ်တပ် ကျူးလွန်ခဲ့သော ရာဇဝတ်မှု များကို သူမ ပုခုံးပေါ် လွှဲပြောင်းပေးဖို့ အားသန်နေကြရသနည်း ဟူ သည်က အမှန်တကယ် မေးရမည့် မေးခွန်း ဖြစ်လာသည်။ မီးရှို့သူကို အပြစ်မပြောဘဲ မီးသတ်သမားကို အပြစ်တင်ခြင်းမျိုးသာ ဖြစ်သည်။

 

ရခိုင်ပြည်နယ် အကျပ်အတည်းကြီး အတွင်း အာဆာ၏ တိုက်ခိုက်လာမှု သည် အပြီးအပြတ် သဘော မျိုး မဟုတ်ဘဲ တမင်တကာ လမ်းလွှဲပေးလိုက်ခြင်းသာ ဖြစ်သည်။ စစ်တပ်အား နယ်မြေ ရှင်းလင်းရေး ဆိုကာ စစ်ဆင်လာရန် ရန်စလိုက်ခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်ကား ရိုဟင်ဂျာ များ သိန်း နှင့် ချီ၍ ဘင်္ဂလားဒေ့ရှ် ထဲ ဝင်ပြေးလာခြင်းဖြင့် ဒေသတွင်း မတည်မငြိမ် ဖြစ်အောင် ဖန်တီးရန် ရည်ရွယ်ခြင်း ဖြစ်သည်။

 

ကိုဖီအာနန် ‌ကော်မရှင် တရပ် ဖွဲ့စည်း ပေးလိုက်ခြင်းသည် လူမျိုးရေး၊ ဘာသာရေး အရ အက်ကြောင်းကြီး ထနေသော နိုင်ငံ တနိုင်ငံတွင် နိုင်ငံရေးအရ သတ္တိရှိရှိ ပြုလုပ်လိုက်ခြင်း လည်း ဖြစ်သည်။ ဝေဖန်သူများက ကော်မရှင်၏ အမှန်တကယ် အရေးပါမှု ကို လျစ်လျူ ရှုကာ လူထု ဆက်ဆံရေး လှည့်ကွက် တခုသာ ဖြစ်သည်ဟု ပယ်ချခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကိုဖီအာနန် ကော်မရှင်ဖြင့် ပြန်လည် ရင်ကြားစေ့နိုင်အောင် အုတ်မြစ်ချနိုင်ရန် ကြိုးပမ်းခဲ့ခြင်းလည်း ဖြစ်သည်။

 

၂၀၂၀ ရွေးကောက်ပွဲ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထည့်သော မဲတမဲ တိုင်းသည် လူထု မှ စစ်တပ်၏ အာဏာရှင် ဆန်သော လုပ်ရပ်များကို အလျော့မပေးပဲ ပြင်းထန်စွာ လက်တုန့်ပြန်လိုက်ခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ ဒီမိုကရေစီ ရည်မှန်းချက်များကို ဒေါ်အောင်ဆန်းစုကြည် အပေါ် ယုံယုံကြည်ကြည် နှင့် ပုံအော်လိုက်ခြင်းလည်း ဖြစ်သည်။

 

ဝေဖန်သူများက ထိုအောင်ပွဲကြီးကို သေးသိမ်အောင် ပြောဆိုပြီး ‌ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု ပျက်ကွက်ခဲ့သည်ဟု ပြောဆိုခဲ့ကြသည်။ ယင်းသည် လူသန်းပေါင်းများစွာက ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်ကို စွန့်လွှတ် အနစ်နာခံပြီး လွတ်လပ်သော မြန်မာ နိုင်ငံ ပေါ်ထွက်လာရေး ကို ထောက်ခံခဲ့မှု အား အလေးမထားရာ ရောက်နေသည်။

 

ဒေါ်အောင်ဆန်းစုကြည် အပေါ် မဲ လာခြင်းသည် အာဏာသိမ်း ခေါင်း‌ ဆောင် မင်း‌ အောင်လှိုင် နှင့် အပေါင်းအပါ စစ် ဗိုလ်ချုပ် များ တိုင်းပြည်ကို ဆယ်စုနှစ် နှင့်ချီ ၍ ကျုးလွန်သော ရာဇဝတ်မှု များ မှေးမှိန်‌သွားအောင် လုပ်သလို ဖြစ်နေသည်။ ထိုသူများသည်သာ စနစ်တကျ အကွက်ချ အာဏာသိမ်းကာ ဒီမိုကရေစီ ကို ဖျက်သိမ်းပစ်ပြီး တိုင်းပြည်ကို ကသောင်းကနင်း ဖြစ်အောင် တွန်းပို့ခဲ့ကြသူ များသာ ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု နှင့် NLD ၏ အောင်ပွဲသည် လူထု အကြား အကြောက်တရား စိမ့်ဝင်နေအောင် ၎င်းတို့ ဖန်တီးထားသည့် စနစ်ကြီးကို စိမ်ခေါ်လာမှု ကြီးလည်း ဖြစ်သည်။

 

စစ်ခေါင်းဆောင်များအား ၎င်းတို့ ကျူးလွန်ခဲ့သော ရာဇဝတ်မှု များ တာဝန်ခံလာအောင် မလုပ်နိုင်ပါက ဒေါ်အောင်ဆန်းစုကြည် ကြောင့် မဟုတ်ဘဲ ကမ္ဘာကြီး၏ ပျက်ကွက်ခဲ့မှုသာ ဖြစ်ပေလိမ့်မည်။

 

ဒေါ်အောင်ဆန်းစုကြည် သည် လွတ်လပ်ခွင့် ဆိုသည့် အိမ်မက်ကို မက်ရဲခဲ့ကြသည့် သန်းပေါင်းများစွာ သော မြန်မာ ပြည်သူများအား ကိုယ်စားပြုခဲ့သည့် ခေါင်းဆောင် ဖြစ်သည်။ သူမအား သပုတ်လေလွင့် ဆက်လက် ပြောဆိုနေပါက ထူးထူးခြားခြား ခံနိုင်ရေ အား ကောင်းစွာဖြင့် တိုင်းပြည်၏ ဂုဏ်သိက္ခာ အတွက် ရုန်းကန်နေသူများကို သေးသိမ်အောင် ပြုလုပ်ရာ ကျပေမည်။

 

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းချထားခြင်းသည် သူ မအတွက် ကံဆိုးမိုးမှောင်ကျချင်းသာ မဟုတ်ဘဲ ဒီမိုကရေစီ ကိုယ်တိုင်ကို သစ္စာဖေါက်မှု နှင့် အတူ ဆိုးရွားလှသော မတရားမှု ကို နက်နက် ရှိုင်း ရှိုင်း ကျုးလွန်နေကြခြင်းလည်း ဖြစ်သည်။ သူမ အကျဉ်းချ ခံနေရခြင်းသည် နိုင်ငံ၏ မျှော်လင့်ချက်များ မွန်းကျပ် လာခြင်းပင် ဖြစ်သည်။

 

နိုင်ငံတကာ အနေဖြင့် သူမ လွတ်မြောက်ရေး အတွက်သာမက သူမ ၏ သမိုင်းအစဉ် အလာကို တရားမျှတမှု ကင်းစွာဖြင့် ညစ်နွမ်းအောင် လုပ်နေသည့် အပုပ်ချ ကမ်ပိန်းကိုလည်း ရင်ဆိုင်နိုင်ဖို့ လုပ်ရမည် ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် မည်သို့သော ခေါင်းဆောင်မျိုး ဖြစ်သည်ကို သမိုင်းကိုသာ အမှန်တကယ်ရှိသည့်အတိုင်း စီရင် ဆုံးဖြတ်‌‌ ခွင့် ပြုရမည် ဖြစ်သည်။ သူမ သည် မဖြစ်နိုင်သော အခြေအနေများကို ကျော်လွှားခဲ့သည့် သတ္တိရှိသော ခေါင်းဆောင်၊ ချို့ယွင်းချက် ရှိသော်လည်း သူမ ပြည်သူများ၏ ရုန်းကန်မှုကို ကိုယ်စားပြုသည့် ပုန်ကန်တော်လှန်သော သင်္ကေတ၊ နှစ်ပေါင်းများစွာ အကြောက်တရားများ ဖန်တီးထား၍ ကွဲပြားနေသည့် နိုင်ငံတစ်ခုအတွင်း ပြန်လည်သင့်မြတ်ရေး၏ အသံလည်း ဖြစ်သည်။ ဒေါ် အောင်ဆန်းစုကြည်လွတ်မြောက်ရေး (#FreeAungSanSuuKyi) နှင့် အမှန်တကယ် အပြစ်ရှိသည့် စစ်အုပ်စုကို ၎င်းတို့ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံစေရန် ရှင်းလင်းပြတ်သားစွာ တောင်းဆိုရမည် ဖြစ်သည်။

 

ပြည်သူတို့၏ တွန်းလှန်စစ် မုချအောင်ရမည်!!!