ဟစ်တလာ ၏ ဂျာမန် ဒီမိုကရေစီ ကို ၅၃ ရက် နှင့် ဖုတ်ကြည်း မီးသင်္ဂြိုလ်ခဲ့ခဲ့ ပုံ (၆)

by Hla Soewai - May 05 2025

နောက်တရက်တွင် နာဇီ အမျိုးသား ဆိုရှယ်လစ်များသည် နိုင်ငံတဝှမ်းလုံး ရှိ အစိုးရ ရုံးဌာနများကို ဝင်ရောက် စီး နင်း ခဲ့ကြသည်။ ၎င်းတို့၏ စကြာ တံဆိပ် အလံများကို အများပိုင် အဆောက်အဦး များ တွင် ချိတ်ဆွဲလာသည်။ အတိုက်အခံ နိုင်ငံရေး သမားများလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ကုန်ကြသည်။

 

ဆိုရှယ် ဒီမိုကရက် ခေါင်းဆောင် အော်တို ဝဲလ်သည် ဆွစ်ဇာလန် တွင် သွားရောက် နေထိုင်ခဲ့ရသည်။ အလားတူ ဘာဗေးရီယား ၏ ဝန်ကြီးချုပ် ဟင်းနရစ်ချ် ဟဲလ် သည်လည်း ဆွစ်ဇာလန်သို့ ထွက်လာခဲ့ရသည်။

 

ထောင်ပေါင်းများစွာ သော အတိုက်အခံများကို လုံခြုံစွာ ကာကွယ် စောင့်ရှောက်ရန်ဟု ဆိုကာ ထိမ်းသိမ်းလိုက်ကြသည်၊ ကာကွယ် စောင့်ရှောက်ရန်ဟု ဆိုသဖြင့် ရုံးတင်တရားစွဲဆိုခြင်း မရှိပဲ နှစ်အကန့်အသတ် မရှိ ထိန်းသိမ်းထားနိုင်သည့် ပုံစံမျိုး ဖြစ်လာသည်။

 

သမ္မတ ဟစ်ဒင်ဘတ်ခ် သည် ဟစ်တလာ၏ လုပ်ရပ်များ အပေါ် နှုတ်ဆိတ်နေဆဲ ဖြစ်သည်။ ကွန်မြူနစ်များ၊ ဆိုရှယ် ဒီမိုကရက်များ နှင့် ဂျူး များ အပေါ် လူ မြင်ကွင်း မရှောင် အကြမ်းဖက် ခဲ့မှု များ အတွက် ဝန်ကြီးချူပ် အသစ် ဟစ်တလာကို ခေါ်ယူ မေးမြန်းခဲ့ခြင်းမျိုး လည်း မရှိခဲ့ပေ။ ၎င်းအား ဖွဲ့စည်းပုံ အပိုဒ် ၅၃ ဖြင့် အပ်နှင်းထားသော လုပ်ပိုင်ခွင့် များကိုလည်း အသုံးမချခဲ့။ ထိုအစား အမျိုးသား ဆိုရှယ်လစ်များ၏ စကြာတံဆိပ်ပါ အလံကို နိုင်ငံတော် အလံနှင့် အတူ လွှင့်ထူခွင့် ပြုသည့် အမိန့်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ပေးခဲ့သည်။

 

ဟစ်တလာ တောင်းဆိုလာသည့် လူထု အသိပညာပေးရေး နှင့် ဝါဒ ဖြန့်ချီရေး ဝန်ကြီးဌာန အသစ်တခု ဖွင့်လှစ်ရန် ဆိုသည်ကို လိုက်လျောခဲ့၍ ဟစ်တလာသည် မဆိုင်းမတွပင် ဂျိူးဇက် ဂိုဘဲလ် ကို ခန့်အပ်လိုက်သည်။

 

"အဖိုးကြီး ငါတို့နဲ့ အတူ ရှိလာတာကိုက အားလုံး အတွက် ကံဇာတာ တက်လာတာဘဲ၊ အခု ငါတို့အားလုံး လမ်းကြောင်းတခု အပေါ် အတူတူ လျှောက်ခွင့်ရလာတာကိုက ကံကြမ္မာရဲ့ အလှည့် အပြောင်း ဖြစ်လာခဲ့ရတာပဲ" ဟု ဟစ်ဒင်းဘတ်ခ် အကြောင်း ၎င်း၏ ဒိုင်ယာယီထဲ တွင် ဂိုဘဲလ် က ရေးသားထားသည်။

 

တပတ်အကြာ တွင် ဟစ်ဒင်းဘတ်ခ်သည် ဟစ်တလာအား လူမြင်ကွင်း တွင် ပွေ့ဖက်လာသည်ကို တွေ့လာခဲ့ရသည်။ ၎င်းသည် ကုတ်အင်္ကျီ အမည်းပေါ်တွင် လောင်းကုတ် အရှည်ကြီး ဝတ်ထားသည့် ဟစ်တလာ ဘေး တွင် စစ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ပြီး ပို့စ်ဒမ် ရှိ အခမ်းအနား တခု တွင် အတူတကွထွက်ပေါ်လာခြင်း ဖြစ်သည်။

 

ထိုအခမ်းအနား တွင် အငြိမ်းစား ဖီးလ်မာရှယ် စစ်ဗိုလ်ချုပ် အဟောင်းကြီး နှင့် ဗီယင်နာ လမ်းမများ တွင် စားရမဲ့ သောက်ရမဲ့ ဘဝ ဖြင့် ကျက်စားခဲ့သည့် တပ်ကြပ်တဦး လက်ဆွဲ နှုတ်ဆက်နေကြသည့် အဖြစ်ကို တွေ့ခဲ့ကြရသည်။ ဟစ်တလာက ရိုသေ ကျိုးနွံ ဟန်ပြ၍ ဦးညွတ်ခဲ့သည်။

 

ယင်းသည် ဟစ်ဒင်းဘတ်ခ် မှ ဖွဲ့စည်းပုံ အပိုဒ် ၅၃ ကို အသုံးပြု လိမ့်မည်ဟူသော မျှော်လင့်ချက်များ အဆုံးသတ် သွားခဲ့သော နေ့တနေ့လည်း ဖြစ်သွားခဲ့သည်။

 

မတ်လ ၂၁ ရက် ဖြစ်သော ထိုနေ့ တနေ့တည်း မှာပင် ဖွဲ့စည်းပုံ ပုဒ် မ ၄၈ ကို သုံးကာ လူသတ်မှု အပါအဝင် ပြစ်မှု မျိုးစုံ ကျုးလွန်ခဲ့သော အမျိုးသား ဆိုရှယ်လစ် နာဇီ အဖွဲ့ဝင် အားလုံးကို "နိုင်ငံ ပြန်လည် ရှင်သန်ရေး" အတွက် ကျူးလွန်ခဲ့ကြသူ များ ဖြစ်သည် ဆိုကာ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် ထုတ်ပြန်ခဲ့သည်။

 

ယခင်က နိုင်ငံ အပေါ် သစ္စာ ဖေါက်ခဲ့သူများသည် အမျိုးသား သူရဲကောင်းများ အဖြစ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထို့နေ့ နေလည် မှာပင် ဘာလင် မြို့ မြောက်ဖက် နားရှိ အော်ရမ်နီယမ်ဘတ်ခ် မြို့ ရှိ အရက်ချက် စက်ရုံဟောင်း နေရာတွင် လူအများ အပြားအား တနေရာထဲတွင် စုစည်း ထိမ်းသိမ်းနိုင်မည့် concentration camp တခု ကို ဖွင့်လှစ်လိုက်သည်။ နောက်တရက်တွင် ဘာဗေးရီယား ပြည်နယ် ဒါချောင်း မြို့ အပြင်ဖက် လက်နက်စက်ရုံဟောင်း နေရာတွင် နောက်ထပ် အလားတူ စခန်းကို ထပ်မံ ဖွင့်လှစ်ခဲ့ရာ ထိမ်းသိမ်း ခံထားရသူ များ ပထမသုတ် အဖြစ် ရောက်ရှိလာခဲ့သည်။

 

ဂျုးများ အား အစိုးရဌာနများ၊ ဥပဒေ အကျိုးဆောင် နှင့် ဆေးကုသ ပေးခြင်း များ မှ ဖယ်ရှားပစ်မည့် အစီအစဉ်များကိုလည်း ရေးဆွဲ ပြင်ဆင်နေကြပြီ ဖြစ်သည်။ သို့သော် ဟစ်တလာ ကတိပေးထားခဲ့သလို အရှေ့ဥရောပ မှ ရွှေ့ပြောင်း ဝင်ရောက်လာသည့် တသိန်း ခန့် ရှိသော ဂျူးများ အား နှင်ထုတ် နိုင်ဖို့ အရေး တွင် ပြဿနာ ရှိလာနေသည်။

 

ထိုသို့ ရွှေ့ပြောင်း ဝင်ရောက်လာသူ များ ထဲမှ အများ အပြားသည် ဂျာမန် နိုင်ငံသား များ ဖြစ်လာခဲ့ပြီး အလုပ်အကိုင် အတည်တကျ နှင့် ဖြစ်နေကြသည်။ ဂျူးများလည်း နှင်ထုတ်ခံရမည့် အရေး စိုးရိမ် ကြောင့်ကြ ဖြစ်လာကြပြီး ဘဏ်ရှိ ငွေများ ထုတ်ယူ ကုန်ကြ၍ ဘဏ်များ ပြိုလဲ မတတ် ဖြစ်ကုန်ကြသည်။ စီးပွားရေး လုပ်ငန်းများလည်း အထိတ်တလန့် ဖြစ်ကာ တွန့်ဆုပ်ကုန်ကြသည်။

 

ထို့အတွက် ဂျူး တို့ ဘဏ်မှ ငွေထုတ်ယူနေခြင်းကို ရပ်ဆိုင်းပစ်ခဲ့ပြီး ဂျာမန် လုပ်ငန်းရှင်များ အပေါ် လုပ်ပေးရန် ရှိသည်များ ပြီးပြတ်သည်အထိ အရင် လုပ်ပေးရမည်ဟု ပြောလာခဲ့သည်။

 

အသစ် ဖွဲ့စည်းလာသည့် ရိုက်စတက်ခ်ျ ပါလီမန် ဥက္ကဌ ဖြစ်လာသူ ဟာမန်း ဂိုရင်းသည် ဂျူးများအား ဂျာမန် နိုင်ငံသားများ နည်းတူ လူတဦးချင်းစီ၏ အခွင့်အရေး နှင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု များကို ကာကွယ် ပေးမည်ဟု လေပြေထိုးလာခဲ့သည်။

 

မိမိတို့ နိုင်ငံသားများ အတွက် လုပ်သင့် လုပ်ထိုက်သည်များ လုပ်‌ ပေး နေခြင်း ဖြစ်၍ နိုင်ငံတကာ အားလည်း ပြည်တွင်းရေးကို ဝင်ရောက် မစွက် ရန် ကြိမ်းမောင်းခဲ့ပြန်သည်။

 

မတ်လ ၂၃ ရက်၊ ကြာသပတေးနေ့တွင် လွှတ်တော် ကိုယ်စားလှယ်များသည် မီးလောင်ကျွမ်းခံထားရသော ရိုက်ခ်ျစတက် ပါလီမန် အဆောက်အအုံကြီး နှင့် မျက်နှာခြင်းဆိုင်ရှိ ကရိုးလ် အော်ပရာ ပြဇာတ်ရုံကြီး သို့ စုဝေး ရောက်ရှိလာကြသည်။ ကရိုးလ် ပြဇာတ်ရုံကြီးအား လွှတ်တော် ကျင်းပရန် ယာယီ သတ်မှတ်ထားသည့် နေရာလည်း ဖြစ်သည်။

 

တနင်္လာနေ့တွင်တော့ သမ္မတ နိုင်ငံတော်၏ လင်းယုန် တံဆိပ် အလံတော်ကြီး နေရာ တွင် နာဇီ ပါတီ တံဆိပ် ပါ လင်းယုန် အလံ ကြီး နှင့် အစားထိုးလိုက်သည်။ နောက်ခံ တွင် လင်းယုန် တောင်ပံ ဖြန့်နေပုံ နှင့် လက်သည်းတွင် စကြာ တံဆိပ်ကို ချိတ်ဆွဲထားသည့် နာဇီ အလံကြီးကို နောက်ခံ မီးရောင် ဖြင့် ထင်ထင်ရှားရှား မြင်တွေ့ခဲ့ကြရသည်။

 

ဟစ်တလာ သည် လက်မောင်းတွင် စကြာတံဆိပ် လက်ပတ် တပ်ထားသည့် မုန်တိုင်း တပ် ယူနီဖောင်းဖြစ်သော ရှပ်ညို ယူနီ‌ဖောင်းကို ဝတ်ဆင်ထားသည်။ ဟစ်တလာသည် ကရိုး ပြဇာတ်ရုံကြီး စင်မြင့်မှ နေ၍ ၎င်း၏ "ဂျာမန် ပြည်သူများ နှင့် သမ္မတ နိုင်ငံအား ဒုက္ခ အပေါင်းမှ လွတ်မြောက်ရေး ဥပဒေ" ဟု တရားဝင် အမည်ပေးထားသည့် Enabling Law ကို တင်ပြ မည်လည်း ဖြစ်သည်။

 

ဟစ်တလာသည် ညနေ ၄:၂၀ တွင် စင်မြင့်ပေါ်သို့ တက်လာသည်။ ၎င်း၏ ပုံပန်းသည် ယခင်တွေ့နေကျ မျိူး မဟုတ်ဘဲ အေးဆေး တည်ငြိမ်နေသည်။ သူ့ ရှေ့ရှိ စာရွက်များကို လှန်လှော ကြည့်လိုက်ရင်းက အဆင်သင့် ရေးထားသည့် စာရွက်ကို ထုတ်ကာ နားလိုက် ဖတ်လိုက် နှင့် စတင်လာသည်။ နောက်ပိုင်း တွင် အရှိန် ရလာပြီး ယခင် အတိုင်း အား နှင့် မာန် နှင့် ဖြစ်လာသည်။ (ပုံတွင် ရှူ)

 

ဝိုင်မာ သမ္မတ နိုင်ငံ၏ ပျက်ကွက်ခဲ့မှုများ၊ ၎င်း အဆိုပြုသည့် ဥပဒေ အား လေးနှစ် သက်တမ်း အတွင်း မည်သို့ အကောင်အထည် ဖေါ်မည် ဆိုသည့် အစီအစဉ် များ ချပြခဲ့သည်၊ ထိုအစီအစဉ် များ ထဲတွင် ဂျာမန်လူမျိုး တို့၏ ဂုဏ်သိက္ခာ ကို ပြန်လည် မြှင့်တင်ရေး၊ စစ်အင်အား တွင် ပြည်ပ နိုင်ငံ များ နှင့် တန်းတူ ရှိလာရေး၊ ပြည်တွင်း တွင် စီးပွားရေး နှင့် လူမှုရေး တည်ငြိမ်မှု ရှိရေး များ ပါဝင်သည်။ 

 

"မိမိတို့ နိုင်ငံ နှင့် လူမျိုးကို သစ္စာဖေါက်သူ မှန်သမျှ ရှေ့လျောက် ပြင်းပြင်းထန်ထန် ချေမှုန်းသွားမည်" ဟုလည်း ထည့်သွင်း ကြိမ်းဝါး သွားခဲ့သည်။