ကနေဒါ ရွေးကောက်ပွဲ လစ်ဘရယ် ပါတီ အနိုင်ရ

by Hla Soewai - May 05 2025

ယင်းနှင့် အတူ ကွန်ဆာဗေးတစ် ပါတီသည် နိုင်ငံရေး သမိုင်းတွင် လူကြိုက်အများဆုံး ပါတီ အဖြစ်မှ ဒလဟော ထိုးကျသွားမှု အဖြစ် မှတ်တမ်း ဝင်သွားခဲ့သည်။

 

လက်ရှိ ကနေဒါ ဝန်ကြီးချုပ် မတ် ကာနီးသည် ရွေးကောက်ပွဲ တွင် အခိုင်အမာ အောင်ပွဲ ခံနိုင်ခဲ့၍ လစ်ဘရယ် ပါတီ၏ ဆယ်စုနှစ် တစု ကြာ အာဏာ ဆုပ်ကိုင်ထားမှု အား နောက်ထပ် စတုတ္ထ သက်တမ်း ထပ် တိုးပေး နိုင်ခဲ့သည်။ ထိုသို့ ဖြစ်လာမည် ကို ပြီးခဲ့သည့် လအနည်းငယ်က မည်သူမျှ စိတ်ကူး၍ ပင် ရကြမည် မဟုတ်ပေ။

 

ယခု ရွေးကောက်ပွဲ အနိုင်ရလာ ခဲ့ပြီ ဖြစ်၍ ယခင် ကနေဒါ နှင့် အင်္ဂလန် ၏ ဗဟိုဘဏ် ဥက္ကဌ ဖြစ်ခဲ့သူ မတ် ကာနီးသည် ရန်စွယ်ငေါငေါ ဖြစ်နေသည့် ဒေါ်နယ် ထရန့် နှင့် ထိတ်တိုက် ရင်ဆိုင်နိုင်ရန် အခွင့်အာဏာ ရရှိလာခဲ့ပြီ ဖြစ်သည်။

 

"အမေရိကား က ကျွန်တော်တို့ရဲ့မြေ၊ ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေ၊ ကျွန်တော်တို့ရဲ့ ရေ တွေ ကို လိုချင် နေကြတယ်၊ ဘယ်တော့မှ မရစေရဘူး" ဟု ၎င်း၏ အောင်ပွဲ ခံ မိန့်ခွန်းတွင် အမေရိကန် သမ္မတ ၏ ခြိမ်းခြောက်လာမှု များကို အလေးပေး ပြောသွားခဲ့သည်။ "အခုလို ခြိမ်းခြောက်နေတာ အလကား မဟုတ်ဘူး၊ သမ္မတ ထရန့်က ကျွန်တော်တို့ကို ပြိုကွဲအောင်လုပ်ပြီး အပိုင် သိမ်းချင်တာပဲ ဖြစ်တယ်၊ ဒါမျိူး ဘယ်တော့မှ ဖြစ်မလာစေရဘူး"

 

လစ်ဘရယ် ပါတီ သည် လူများစု အစိုးရ ဖွဲနိုင်ရန် အမတ်နေရာ အနည်းငယ်သာ လိုသွားခဲ့သည်။ သို့သော်လည်း အစိုးရ ဖွဲ့နိုင်မည့် အနိုင်ရ ပါတီ ဖြစ်လာသည်။ ကာနီး၏ နိုင်ငံရေး ကံကြမ္မာ အား အံ့ဩဖွယ် ကောင်းလောက်အောင် မှောက်လှန် ပစ်လိုက်မှု ပင် ဖြစ်သည်။ ၎င်းသည် မတ်လ ၉ ရက်နေ့တွင် လစ်ဘရယ် ပါတီ ခေါင်းဆောင် ဖြစ်လာချိန်အထိ မည်သည့် အစိုးရ ရာထူး ကိုမျှ တာဝန်ယူခဲ့ဖူးခြင်း မရှိသည့် နိုင်ငံရေးဖက်တွင် မျက်နှာသစ် တဦးလည်း ဖြစ်သည်။

 

ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးက ဦးဆောင်နေခဲ့သည့် လစ်ဘရယ် ပါတီသည် ၂၀၂၅ ခုနှစ် အစောပိုင်း အထိ လူကြိုက်နည်းသည်ထက် နည်းလာနေခဲ့သည်။ ထရူးဒိုးသည် ဇန်နဝါရီ ၆ ရက်နေ့တွင် ရာထူး မှ နှုတ်ထွက်သွားခဲ့သည်။ ဆယ်ရက်အကြာတွင် ကာနီး သည် ထရူးဒိုး နေရာအား ဆက်ခံခဲ့ပြီး ချက်ခြင်းလိုပင် ကာဘွန် အခွန် ကဲ့သို့ လူကြိုက် အနည်းဆုံး ဖြစ်သည့် ပါတီ ပေါ်လစီများကို ပယ်ဖျက်ပစ်ခဲ့သည်။

 

ထရန့်က ကနေဒါသည် အချုပ်အခြာ အာဏာပိုင် နိုင်ငံ အဖြစ် မရှိသင့်တော့ဘဲ အမေရိကန်၏ ၅၁ ခု မြောက် ပြည်နယ် အဖြစ် ရှိသင့်နေပြီဟု ထပ်တလဲလဲ ပြောဆိုခဲ့သည်။ ‌ရွေးကောက်ပွဲ နေ့ ဧပြီ ၂၈ ရက်တွင်ပင် ပြောခဲ့သေးသည်။

 

ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် ပီယာ ပွိုင်လီဗာ သည် မဲပေးခြင်း မစတင်မီကပင် ၎င်း၏ ခေါင်းဆောင်မှု နှင့် ပတ်သက်၍ မေးခွန်းများ နှင့် ထိုးနှက်ခြင်း ခံခဲ့ရသည်။ ယခင်က လစ်ဘရယ် ပါတီထက် ၂၄ မှတ် အသာစီး ရနေသည့် အဖြစ်မှ လေးလ နှင့် ပျောက်ကွယ်သွားရသည့် အပြင် ၎င်းကိုယ် တိုင် ထပ်၍ အရွေးမခံရတော့သည့် အဖြစ် များ အတွက် တာဝန်ခံရဖို့ ဖြစ်လာသည်။ အနည်းငယ် သက်သာရာ ရကြောင်း ဖြစ်လာရသည်က ၂၀၁၉ တွင် ရရှိခဲ့သော လူထု မဲ ရာခိုင်နှုန်း ၃၄ မှ ၄၂ အထိ တိုး၍ ရလာခဲ့ခြင်း ဖြစ်သည်။ ၂၀၁၁ တွင် စတီဗင် ဟာပါး ရခဲ့သည့် ၃၉.၆ ရာနှုန်းထက်ပင် မကြုံစဖူး အောင် သာလွန်ခဲ့သည်။

 

ဆိုရှယ်လစ် နယူး ဒီမိုကရက်တစ် ပါတီ မှ လက်ဝဲယိမ်း ကနေဒီယန်များက ပွိုင်လီဗာ၏ အပြောများ ဖြစ်သော ဖန်တန်နော အရောင်းအဝယ် လုပ်နေသူများ အား နှိမ်နှင်းရေး၊ အခွန်တိုးမြှင့်လိုပါက လူထု သဘောထား ကောက်ယူခြင်းဖြင့်သာ ပြုလုပ်ရေး၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်၍ စိတ်ရူး ပေါက်သလို လုပ်နေကြသည်ဟု ယူဆသော ကနေဒါတက္ကသိုလ်များအတွက် ဖက်ဒရယ် ရန်ပုံငွေ ရပ်ဆိုင်းရေး ဆိုသည် များသည် ထရန့် နှင့် သွားဆင်နေသည်ကို သိလာခဲ့ကြသည်။ ကနေဒီယန် များ အဖို့ ထရန့် လေသံ ကို ကောင်းစွာ အကျွမ်းတဝင် ရှိထားကြပြီး ဖြစ်သည်။ 

 

မစ္စတာ ပွိုင်လီဗာ သည် ရက်ပေါင်း ၃၆ ရက်ကြာ မဲဆွယ် ကာလ အတွင်း လေသံ ကို လျော့ချ လာခဲ့သည်။ သို့သော် ထရန့် ဝါဒ ကို တော့ ပြတ်ပြတ်သားသား ရှုတ်ချ ပြောဆိုခဲ့သည် အထိတော့ ဖြစ်မလာခဲ့။ မဲဆွယ် စည်းရုံးရေး နောက်ဆုံး ရက် များ အတွင်း တွင် မူ လစ်ဘရယ် ပြန်လည် အရွေးခံရက ကနေဒါ၏ အနာဂတ်သည် အလွန် ဆိုးရွားသည့် အခြေအနေ ကို ရောက်လိမ့်မည့် ဟု ဟောကိန်း ထုတ်လာခဲ့သည်။

 

NDP ထောက်ခံသူများက လည်း ကနေဒါ ကွန်ဆာဗေးတစ် အပြာရောင် ဝတ်စုံကို ခြုံထားသည့် MAGA လှုပ်ရှားမှု ကြီး ဘွားကနဲ ပေါ်လာတော့မည် ဆိုကာ အထိတ်တလန့် ဖြစ်လာကြပြီး ယင်းကို တားဆီးနိုင်မည့် လစ်ဘရယ်ကို မဲထည့် လာကြသည်။ ယင်းနှင့် အတူ NDP ၏ လူထု မဲ အရည် အတွက်သည် ၂၀၁၉ တွင် ၁၆ ရာနှုန်း မှ ယခုအခါ ၆ ရာ နှုန်း အထိ ထိုးကျသွားပြီး ခေါင်းဆောင် ဖြစ်သူ ဂျက်မိ ဆင်းသည်ပင် ပြန်၍ အရွေးမခံရတော့ သဖြင့် ပါတီ ခေါင်းဆောင် အဖြစ်မှ နှုတ်ထွက်သွားခဲ့သည်။

 

ရွေးကောက်ပွဲ သည်လည်း သုံးပါတီ ယှဉ်ပြိုင်သည့် ပွဲ မှ နှစ်ပါတီ ပြိုင်ပွဲ အဖြစ် ကူးပြောင်းသွားခဲ့တော့သည်။ ကွန်ဆာဗေးတစ် ဆန့်ကျင်ရေး သဘောထားများသည်လည်း ထရန့် မုန်းတီးရေး နှင့် ပေါင်းစပ်လာပြီး လစ်ဘရယ် အတွက် အကျိုး ရှိရာ ရှိကြောင်း ဖြစ်လာခဲ့ရသည်။

 

ကာနီးသည် နိုင်ငံရေး သမား တယောက်အဖြစ် အပြည့်အဝ ဖြစ်မလာနိုင်သေးသည်ကို မဲဆွယ် စည်းရုံး ရေး ကာလ အတွင်း တွေ့လာခဲ့ရသည်။ ၎င်း၏ ပြောဟန်သည် နှေးကွေးလေးလံပြီး လိုဏ်သံ ပါနေသည်။ မေးခွန်းများကို ဖြေဆိုရာတွင် ၎င်း ကျွမ်းကျင်ရာ နယ်ပယ် နှင့် နီးစပ်သည့် မေးခွန်း သုံး လေး မျိုး လောက်ကိုသာ လက်ခံခဲ့သည်။

 

ဝန်ကြီးချုပ် တဦး ဖြစ်ရန် လိုအပ်သည့် ပြင်သစ် စကားပြောလည်း ညံ့ဖျင်းသူ ဖြစ်နေပြန်သည်။ သို့သော် ထို အကြောင်းများက ယခုတကြိမ် တွင်တော့ အရေးမပါတော့။ အဘယ်ကြောင့် ဆိုသော ကနေဒါ မဲဆန္ဒရှင်များက လူထုကို ဆွဲဆောင်လွှမ်းမိုး နိုင်စွမ်း ရှိ၍ ၊ နိုင်ငံရေး တွင် ပါးနပ် ကျွမ်းကျင် သူ ဖြစ်၍ ၎င်းကို ရွေးချယ်ခဲ့ကြခြင်း မဟုတ်။

 

ကာနီးသည် စီးပွားရေး အရ မုန်တိုင်းထန်ခဲ့သည့် ၂၀၀၈-၀၉ အတွင်း ကနေဒါ ဗဟိုဘဏ်ကို ဦးဆောင်ခဲ့သူ၊ ဘရက်ဆစ် ကာလ အတွင်း အင်္ဂလန် ဗဟိုဘဏ် ကို ဦးဆောင်ခဲ့သူ ဖြစ်ခဲ့ခြင်းကြောင့် အားကိုးလာကြခြင်းလည်း ဖြစ်သည်။ ၎င်းကိုယ် တိုင်ကလည်း ထရန့် ၏ စည်းကြပ်ခွန် များ နှင့် ကနေဒါ၏ အချုပ်အခြာ အာဏာ အပေါ် ပေါက်ပန်းဈေး ပြောလာမှု များ ကြောင့် လစ်ဘရယ် ပါတီ ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည် ဆိုသည်ကို လည်း အသိအမှတ်ပြု လက်ခံထားပြီး ဖြစ်သည်။ ထိုအကျပ် အတည်းကြီးသာ ဖြစ်မလာက မတ် ကာနီး ဆိုသူသည် ရွေးကောက်ပွဲ တွင် ပါလာစရာ အကြောင်း မရှိဟု ရေဒီယို ကနေဒါ နှင့် တွေ့ဆုံ မေးမြန်းခန်း တွင် ပြောဆိုသွားခဲ့သည်။

 

မစ္စတာ ကာနီး အတွက် လတ်တလော ရင်ဆိုင်ရမည့် စိန်ခေါ်မှု များ ရှိနေသည်။ ကနေဒါ ပို့ကုန် စုစုပေါင်း၏ လေးပုံ သုံးပုံသည် အမေရိကန်သို့ တင်ပို့လျက် ရှိသည်။ ၎င်း နှင့် ထရန့် နှစ်ဦးစလုံးက ကနေဒါ နှင့် အစဉ်အလာ ဆက်ဆံခဲ့မှု များ ပြီးဆုံးသွားပြီဟု ထုတ်ဖေါ် ပြောဆိုခဲ့ပြီး ဖြစ်သည်။ ‌ကာနီးက နောက် နှစ် အတွင်း ပြန် သုံးသပ်ရဖို့ ရှိလာသည့် အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ အကြား လွတ်လပ်သော ကုန်သွယ်ရေး စာချုပ် ကို အစားထိုး နိုင်မည့် စီးပွားရေး နှင့် လုံခြုံရေး စာချုပ် အသစ်တခု ချုပ်ဆို နိုင်ရန် ဆွေးနွေးသွားမည်ဟု ဆိုသည်။

 

ထို့ပြင် ဥရောပ မဟာမိတ် နိုင်ငံများ၊ အာရှရှိ မိတ်ဆွေ နိုင်ငံများ နှင့် ကုန်သွယ်ရေး နှင့် စီးပွားရေး ဆက်ဆံမှု များ နက်နက်ရှိူင်းရှိုင်း တိုး၍ ဆက်ဆံသွား နိုင်မည့် နည်းလမ်းများကို ရှာဖွေ သွားမည်ဟုလည်း ပြောခဲ့သည်။ ကနေဒါ၏ အားပျော့နေသည့် ကုန်ထုတ်စွမ်းအားကို မြှင့်တင်နိုင်ရန် အတွက် ခက်ခဲသည့် ဆုံးဖြတ်ချက်များကို အလျင်အမြန် ချမှတ်ဖို့ လိုအပ်လာပြီ ဖြစ်သည်။

 

မတ် ကာနီး သည် ကနေဒါ၏ စီးပွားရေး ကို နက်နက်ရှိုင်းရှိုင်း နှင့် နာကျင်ကောင်း နာကျင် စရာ ဖြစ်လာနိုင်သည့် နည်းလမ်း မျိုး ဖြင့် ပြန်လည် တည်ဆောက်နိုင်မည့် အခွင့် အာဏာကို ရရှိလာပြီ ဖြစ်သည်။

 

(၂၀၂၅ ဧပြီ ၂၉ အီကောနော်မစ် မဂ္ဂဇင်း တွင် ပါရှိသည့် "Mark Carney leads Canada’s Liberals to a remarkable victory" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)