စစ်ပွဲကို ဆင်နွှဲရန် ဆုံးဖြတ်ရာတွင် အခြား လက်ကိုင် ထားရမည့် မူ များ လည်း ရှိသေးသည်။ ၎င်းတို့မှာ တရား သော အကြောင်းရင်းခံ ရှိရမည်၊ အောင်မြင်နိုင် ခြေ လည်း ရှိရမည်၊ အခြား နည်းလမ်း များ ဖြင့် ဖြေရှင်း၍ မရသည့် အဆုံးမှ စစ်ရေး ကို အသုံးပြုရမည်၊ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း မှ တရားဝင်ကြောင်း အသိအမှတ် ပြုရမည် တို့ ဖြစ်သည်။
ထိုကဲ့သို့ အတွေးအမြင်များသည် တန်ဘိုး ရှိသော်လည်း လက်တွေ့ တွင် စစ်ပွဲ ကို မည်သို့ သော အခါမျိုးတွင်မှ ဆင်နွှဲရမည်ဟု တရားဝင် တားမြစ်ထား၍ ရမည် မဟုတ် ပေ၊ စစ်ပွဲ တပွဲကို စတင်ရန် မည်သူကမျှ နိုင်ငံတကာက လိုင်စင် ချပေးသည် အထိ စောင့်နေကြမည်လည်း မဟုတ်ပေ။
စစ်ပွဲ တပွဲ ဆင်နွှဲဖို့ အဓိပ္ပါယ် ရှိမရှိကို နိုင်ငံသားများ နှင့် အစိုးရများက သာ ဆုံးဖြတ်နိုင်မည့် မူ ဘောင် တခု ရှိထားပြီးသား ဖြစ်နေသည်။
နိုင်ငံတကာ ဥပဒေ တွင် နောက်ထပ် အဓိက ထားလာသည်က စစ်ပွဲကို မည်သို့ မည်ပုံ ဆင်နွှဲသင့်သည် ဆိုသည်ပင် ဖြစ်သည်။ ယင်းအား လက်တင်ဘာသာ ဖြင့် jus in bello (law in war) ဟု ခေါ်သည်။
ယင်းတွင် အသုံးပြုရမည့် အင်အား ပမာဏသည် သင်တင့် လျှောက်ပတ်မှု ရှိရမည်။ လက်နက်ကိုင်ဆောင်ထားခြင်း မရှိသော အရပ်သားများအား ရည်ရွယ်ချက် ရှိရှိ ဖြင့် တိုက်ခိုက်ခြင်း မပြုရန်၊ လူများ အစုလိုက် အပြုံလိုက် သေကြေ နိုင်သည့် လက်နက်မျိုး ကို အသုံးမပြုရန် ဆိုသည်တို့ကို ထည့်သွင်းစဉ်းစား လာခဲ့သည်။
နောက်ထပ် စစ်ပွဲ၏ ဥပဒေသများ နှင့် ပတ်သက်ပြီး တတိယ မြောက် ထည့်သွင်းစဉ်းစားချက် ရှိနေသည်။ ပထမ အချက် နှစ်ချက်လောက် အလေးပေးခြင်း မခံရသော်လည်း တဖြေးဖြေး နှင့် အရှိန်ရလာခဲ့သည်။ ယင်းအား လက်တင် ဘာသာဖြင့် jus post bellum (law after war) ဟု ခေါ်သည်။
အဓိက အားဖြင့် ပဋိပက္ခ အလွန် ဖြစ်ပေါ်လာသော အခြေအနေများကို ဖြေရှင်းနိုင်ရန် အတွက် ဖြစ်သည်။ စစ်ပွဲ မဖြစ်မီ အခြေအနေမျိုး ပြန်လည် ထားရှိရန် နယ်မြေ များ ထိန်းညှိရေး၊ စစ်အင်အား အပေါ် ကန့်သတ်ပေးရေး၊ ကျုးလွန်ခဲ့သော စစ်ရာဇဝတ်မှု များ အတွက် တရားစွဲဆိုရေး၊ ဒဏ်ခတ် ပိတ်ဆို့မှု များ ပြုလုပ်ရေး၊ စစ်လျှော်ကြေး အတွက် လိုအပ်ချက်များ တောင်းဆိုနိုင်ရေး တို့ ပါဝင်သည်။
အဆိုပါ ဥပဒေသများသည် မည်သည်တို့ကို လုပ်ရမည်၊ မလုပ်ရမည် ဆိုသည်ကို ရှင်းလင်းစွာ ဖေါ်ပြ နိုင်ခြင်း မရှိ၍ တကမ္ဘာလုံးက လိုက်နာ ကျင့်သုံးကြခြင်း မရှိပေ။ သို့သော် အစိုးရနှင့် နိုင်ငံသားများက မူဝါဒ တခု မချမှတ်မီ ထည့်သွင်းစဉ်းစားရမည့် အရေး ပါသော အချက်များ ဖြစ်၍ တန်ဖိုး ရှိသည်ဟု ဆိုရမည် ဖြစ်သည်။
နိုင်ငံတကာ ဥပဒေ သည် အုတ်အော်သောင်နင်း ဖြစ်စေမည့် ပုံစံမျိုး နှင့် မဟုတ်ဘဲ နိုင်ငံတကာ စနစ်ကြီး ကို မြှင့်တင်ပေးလာခဲ့သည်။ သံတမန် ရေး ဆိုင်ရာ အသိအမှတ် ပြုမှု၊ သံတမန်များ အပေါ် ဆက်ဆံမှု၊ စာချုပ် များ နှင့် သဘောတူညီချက်များ ချုပ်ဆိုမှု၊ ပင်လယ်ပြင်၊ လေကြောင်းပိုင်နက်၊ အာကာသ ဆိုင်ရာ များ အတွက် ပြဋ္ဌာန်းပေးမှု၊ တရားစွဲဆိုနိုင်ခွင့် နှင့် တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့် တို့ ဖြစ်သည်။
နိုင်ငံများ အတွက် အချုပ်အခြာ အာဏာ သက်ရောက် နိုင်သည့် ပင်လယ်ပြင် နယ်နမိတ် သတ်မှတ်ပေးရာ တွင် ယေဘုယျ အားဖြင့် နိုင်ငံ ကမ်းခြေ မှ ရေမိုင် ၁၂ မိုင် အထိ ပိုင်နက် နယ်မြေ အဖြစ် သတ်မှတ်ပေးထားသည်။ ရေမိုင် ၂၀၀ အထိ ကို နိုင်ငံ တနိုင်ငံ အတွက် စီးပွားရေး လုပ်ပိုင်ခွင့် ရှိသည့် ဇုံ အဖြစ် သတ်မှတ်ပေးထားသည်။ ထိုဇုံ အတွင်း ရှိ ရေနံ အရင်းအမြစ်များ နှင့် ငါးဖမ်းလုပ်ငန်းများ ပိုင်ဆိုင် လုပ်ကိုင်ခွင့် ပေးထား၍ အရေးပါသော ဥပဒေ ဖြစ်သည်။
ထိုဥပဒေ များ ကြောင့် နေတဒူဝ နိုင်ငံများ အကြား ထိတွေ့ ဆက်ဆံရေး ချောမွေ့လာစေသည်။ ပဋိပက္ခ ဖြစ်နိုင်စရာ အခွင့် အလန်းများ လျော့ကျ သွားစေသည်။ သံတမန်ရေး၊ ကုန်သွယ်ရေး နှင့် ရင်းနှီး မြုပ်နှံမှု အပိုင်းများ တွင်လည်း အဆင်ပြေလာစေသည်။
နိုင်ငံတကာ စာချုပ်များ၊ သဘောတူညီချက်များတွင် အဆိုပါ စည်းမျဉ်းများ အား တရားဝင် အဖြစ် လက်ခံ ကျင့်သုံးပြီး သဘောကွဲလွဲမှု များ ဖြေရှင်းရာ တွင်လည်း အသုံးတည့်လာသည်။ သို့သော်လည်း သက်ဆိုင်ရာ နိုင်ငံများက ထိုသို့ လက်ခံရန် တူညီသော သဘောထား ရှိနေမှသာ အသုံးတည့်မည် ဖြစ်သည်။ နိုင်ငံတကာ စာချုပ်တခု တွင် ပါဝင်လက်မှတ် ထိုး ခြင်းသည် နိုင်ငံတနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင် အခွင့် အရေး ဖြစ်ပြီး စာချုပ်အား လိုက်နာခြင်း၊ နှုတ်ထွက်ခြင်း တို့ကို ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့် ရှိနေသည်။
ဤသို့ဖြင့် နျူကလီယား လက်နက် မပြန့်ပွားရေး စာချုပ်ကို လက်မှတ်မထိုးသော နိုင်ငံ အများအပြား ရှိလာခဲ့သည်။ မြောက်ကိုရီယားသည် အဆိုပါ စာချုပ် ကို ကနဦး တွင် လက်မှတ်ရေးထိုးခဲ့ပြီး နှစ်ပေါင်းများစွာ ကြာပြီးနောက် နှုတ်ထွက်သွားကာ ဖေါက်ဖျက် ကျုးလွန်လာခဲ့သည်။
အမေရိကန် ပြည်ထောင်စုသည် ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာ ဥပဒေ ဆိုင်ရာ ပဋိညာဉ် ကို လက်မှတ်ရေးထိုး ရာတွင် ပါဝင်ခဲ့သော်လည်း လွတ်တော် မှ အတည်ပြု ပေးခဲ့ခြင်း မရှိပေ။
ဒေါ်နယ် ထရန့် လက်ထက်တွင် နိုင်ငံတကာ စာချုပ်အများအပြားမှ နှုတ်ထွက်ခြင်း၊ နှုတ်ထွက်ရန် စီစဉ်နေခြင်းများ ရှိလာခဲ့သည်။ ထိုအထဲတွင် ၎င်း အရင် သမ္မတ အဆက်ဆက် ချုပ်ဆိုထားသည့် ရုရှား နှင့် နျူကလီယား လက်နက်များ ထိန်းချုပ်ရေး သဘောတူညီချက်၊ အီရန် နှင့် နျူကလီယား သဘောတူညီချက်၊ တဒါဇင်ခန့် ရှိသော အာရှ၊ ပစိဖိတ် နိုင်ငံများ နှင့် ချုပ်ဆိုထားသော ကုန်သွယ်ရေး စာချုပ်၊ ရာသီဥတု ထိန်းချုပ်ရေး ဆိုင်ရာ ပဲရစ် သဘောတူညီချက်များ ပါဝင်နေသည်။