ထရန့်၏ တရုတ် ပေါ်လစီသည် ဟန်ဆောင်ခြင်း သက်သက်ဟု အမျိုးသား လုံခြုံရေး အကြံပေးဟောင်း ဖွင့်ချ (၂)

by Hla Soewai - Jun 19 2020

နောက်ဆုံးမှာ ရှီ က တရုတ်ရဲ့ အနေအထားကို ချပြလာခဲ့ပါတယ်။ အမေရိကန် မှ ထရန့် ပြဌာန်းထားတဲ့ လက်ရှိ ကုန်သွယ်ခွန်များကို ပြန်လည် ရုပ်သိမ်းပေးဖို့၊ နှစ်ဖက်စလုံးက အပြိုင်အဆိုင် ငွေကြေး ကစား တာမျိုး ရှောင်ကျဉ်ဖို့ နဲ့ ဆိုက်ဘာကနေ နည်းပညာများ မခိုးယူဖို့ (အတော်လေး တွေးတတ်တဲ့ လူမျိုးပါ) ဆိုတာတွေ ဖြစ်ပါတယ်။ အမေရိကန်က ကုန်သွယ်ခွန်တွေ ဖျက်သိမ်းပေးဖို့ မလုပ်နိုင်ရင်တောင် အသစ် ထပ်မလုပ်ဖို့  သဘောတူသင့်တယ်လို့ ပြောလာပါတယ်၊ “လူတွေက ဒါကိုပဲ မျှော်လင့်နေကြတယ်” လို့ ရှီက နောက်ဆုံးမှာ ပြောလာပါတယ်။ ဒီနေရာမှာ ထရန့်က အလွယ်ပဲ Yes လို့ ပြောလိုက်မလား ဆိုတာ ကျွန်တော်တွေးရင်း ခေါင်းနပမ်းကြီးလာနေပါတယ်။

ထရန့်က ကျွန်တော် စိုးရိမ်သလို Yes လို့ မပြောပေမယ့် အတော်လေးနီးနီးစပ်စပ်ကို သဘောတူလိုက်ပါတယ်။ သူက အမေရိကန် ကုန်သွယ်ခွန်များသည် လက်ရှိ ၁၀% မှာပဲ ဆက်ထားပြီး သူအရင်က ခြိမ်းခြောက်နေသလို ၂၅% အထိ မတက်ဖူးလို့ ပြောလာပါတယ်။ အပြန်အလှန် အနေနဲ့ တရုတ်မှ အမေရိကန် လယ်ယာ ထွက်ကုန်များကို တိုးမြှင့် ဝယ်ယူပေးဖို့ လောက်ပဲ ပြန်တောင်းဆိုခဲ့ပါတယ်။ ဒါကလည်း သူ့အတွက် လယ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ပြည်နယ်တွေဆီက မဲရအောင် ပြောရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကို သဘောတူပေးရင် အမေရိကန် သွင်းကုန်ခွန်တွေ လျော့ချပေးမယ်လို့ ကတိပေးလိုက်ပါတယ်။ ကျွန်တော် အတွက်တော့ အသက်ရှူတောင် မှားသွားခဲ့ပါတယ်။

 

ပြီးတော့ ထရန့်က ဟိုက်လိုင်ဇာ ဖက် လှည့်ပြီး သူ ဘာများ ပြောဖို့ ကျန်သွားသေးလဲလို့ မေးလိုက်ပါတယ်။ ဟိုက်လိုင်ဇာက ကျန်သေးကြောင်း ပြောပြီး တရုတ် ကုန်သွယ်ရေး ရဲ့ တည်ဆောက်ထားပုံ တွေ ပြောင်းလဲပေးဖို့ဆိုတဲ့ အဓိက ပြဿနာဖက် ဦးလှည့်လိုက်ပြီး တရုတ် အဆိုပြုချက်တွေကို တချက်တည်းနဲ့ မွှေ့ရမ်းပြစ်လိုက်ပါတယ်။ ထရန့်က လေပြေလေးနဲ့ ဟိုက်လိုင်ဇာ သည် သာ နောက်ပိုင်းမှာ သဘောတူညီချက်တွေ ရေးဆွဲရမယ့် လူ ဖြစ်ကြောင်းနဲ့ ဂျာရက် ကူရှ်နာလည်း ပါမှာ ဖြစ်မယ်လို့ ပြောလိုက်ပါတယ်။ ဂျာရက် ကူရှ်နာ ပါမယ်ပြောလိုက်တော့မှ တရုတ်တွေ လည်း စိတ်ချမ်းသာသွားပုံရပြီး မျက်နှာ ရွှင်ပြလာတာ သတိထားမိလိုက်ပါတယ်။

 

၂၀၁၉ မေလထဲမှာတော့ ပြတ်ပြတ်သားသား အဖြေပေါ်လာပါတယ်။ တရုတ်ဖက်က ထွက်ပေါ်လာဖို့ ရှိနေတဲ့ သဘောတူညီချက်မှာ အရေးပါတဲ့ အကြောင်းတွေကို လိုက်နာဖို့ စွန့်လွှတ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ ကုန်သွယ်ရေး တည်ဆောက်ပုံ စည်းမျဉ်းတွေ ပြုပြင်ပြောင်းလဲပေးပါမယ် ဆိုတာလည်း ပါဝင်ခဲ့ပါတယ်။ ကျွန်တော်အတွက်ကတော့ ဒါကို ကြည့်ရင်ပဲ တရုတ်တွေဖက်က အစကတည်းက အလေးအနက် သဘောမထားခဲ့ဖူးဆိုတာ ပြနေတဲ့ သက်သေတခုပါပဲ။

 

အိုဆာကာ မှာ နောက်တခါ လုပ်မယ့် G-20 ထိပ်သီး ဆွေးနွေးပွဲ မတိုင်မီ တပတ်အလိုမှာ ထရန့်က ရှီ ထံ တယ်လီဖုန်း နဲ့ ဆက်သွယ်ခဲ့ပါတယ်။ ရှီကို သူ့က သတိရနေကြောင်းနဲ့ သူ့အား လူကြိုက် အများဆုံး ဖြစ်ခဲ့ရတာကလည်း အခုလို တရုတ် နဲ့ ကုန်သွယ်ရေး သဘောတူညီချက် ရရေး မှာ ပါဝင်ခဲ့တာတွေကြောင့် ဖြစ်တယ်လို့  စ ပြောလာပါတယ်။ ဒါကိုက နိုင်ငံရေးအရ သူ့အတွက် ကြီးမားလှတဲ့ အပေါင်း လက္ခဏာကြီး လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဇွန်လ ၂၉ ရက်နေ့ အိုဆာကာ မှာ တွေ့ဆုံဖြစ်တဲ့ အခါမှာတော့ ရှီက အမေရိကန်-တရုတ် ဆက်ဆံရေးသည် ကမ္ဘာပေါ်တွင် အရေးအကြီးဆုံးဖြစ်ကြောင်း ပြောလာပြီး အချို့သော အမေရိကန်ရှိ နိုင်ငံရေးပိုင်းမှ ပုဂ္ဂိုလ်များက တရုတ် နှင့် စစ်အေးတိုက်ပွဲ ကြီး အသစ် စတင်ရန် တောင်းဆိုလာကြခြင်းသည် လွန်စွာ မှားယွင်းသော သုံးသပ်ချက်သာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

 

ရှီ က ဒီမိုကရက်တွေကို လက်ညိုးထိုးချင်တာလား ဒါမှမဟုတ် သူနဲ့ မျက်နှာချင်းဆိုင် ထိုင်နေတဲ့ ကျွန်တော်တို့ထဲက လူတွေကိုပဲ ပြောချင်တာလား ဆိုတာတော့ မသိရပါဘူး။ ဒါပေမယ့် ထရန့်ကတော့ ဒီမိုကရက်တွေကို ပြောတာလို့ ချက်ခြင်းပဲ ယူဆလိုက်ပါတယ်။ သူက ရှီ စကား ကို ထောက်ခံတဲ့ အနေနဲ့ ဒီမိုကရက်တွေကြားမှာ တရုတ်ကို အကြီးအကျယ် ရန်လိုနေသူတွေ ရှိနေကြောင်း ပြောရင်းက ရုတ်ခြည်းဆိုသလိုပင် အမေရိကန် ရွေးကောက်ပွဲအကြောင်း ဖက် စကားလမ်းကြောင်း ပြောင်းလိုက်ပြီး တဆက်တည်း တရုတ်ပြည်ရဲ့ စီးပွားရေး စွမ်းဆောင်နိုင်မှုကို ချီးကျူးလိုက်ကာ ရှီ အနေနဲ့ သူ ရွေးကောက်ပွဲ အနိုင်ရအောင် အာမခံ ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အမေရိကန် လယ်သမားတွေ အရေးပါမှု ၊တရုတ် ကနေ အမေရိကန် ပဲပိစပ် နဲ့ ဂျုံ တွေ တိုးဝယ်လာမယ်ဆိုရင် သူရဲ့ ရွေးကောက်ပွဲရလဒ်တွေ မှာ အားသာလာမယ်လို့ ပြောခဲ့ပါတယ်။ ကြားရသူတိုင်း ကြက်သေ သေသွားစေခဲ့တဲ့ ထရန့် ပြော စကား အတိအကျကို ကျွန်တော်အနေနဲ့ ဒီနေရာမှာ ဖေါ်ပြချင်ပေမယ့် အစိုးရ ရဲ့ စာအုပ်ကို ကြိုတင် စီစစ်တဲ့ သုံးသပ်ချက်က မဖေါ်ပြသင့်ဆိုတဲ့ မှတ်ချက်နဲ့ ပယ်ချခဲ့ပါတယ်။

 

ထို့နောက်မှာ ထရန့်က ပြီးခဲ့တဲ့ လအတွင်း ပြိုလဲသွားခဲ့ရတဲ့ ကုန်သွယ်ရေး ဆွေးနွေးပွဲအကြောင်း စကားစလာပါတယ်။ တရုတ်ကိုလည်း ယခင်က သဘောတူထားတဲ့ အတိုင်း လိုက်နာပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ပြီးရင် အားလုံး တအံ့တဩဖြစ်သွားစေမယ့် သဘောတူညီချက် ကြီး တခု ချုပ်ဆိုနိုင်အောင် လုပ်ကြဖို့ ပြောလာပါတယ်။ ကျန်ရှိနေတဲ့ အမေရိကန် ဒေါ်လာ ဘီလီယံ ၃၀၀ ခန့် (သူတဦးတည်း တွက်ချက်မှု) တဖက်စောင်းနင်း ဖြစ်နေမှု အတွက် တရုတ်ကို ကုန်သွယ်ခွန် ကောက်ခံမှာ မဟုတ်ပေမယ့် ရှီ ကို အမေရိကန် လယ်ယာထွက်ကုန်တွေ တတ်နိုင်သမျှ များများ ဝယ်ပေးဖို့ ထပ်ပြီး နားပူနားဆာ လုပ်ပြန်ပါတယ်။

 

ရှီက ဆွေးနွေးပွဲ ပြန်စသင့်တာကို သဘောတူပြီး ကုန်သွယ်ခွန် ထပ်မကောက်ဘူးဆိုတဲ့ ထရန့် ဖက်က လိုက်လျောချက်ကို ကြိုဆိုလိုက်ပါတယ်။တဖန် နှစ်ဖက် အဖွဲ့တွေလည်း ဆွေးနွေးပွဲ ပြန်စတဲ့အခါ လယ်ယာထွက်ကုန်များ ဝယ်ယူရေးကို ထိပ်တန်း ဦးစားပေးအနေနဲ့ ဆွေးနွေးဖို့ပါ သဘောတူလိုက်ပါတယ်။ ဒီအခါမှာ  “You’re the greatest Chinese leader in 300 years!”   ပါပဲလို့ ထရန့်က အားရပါးရ ပြောလိုက်ပြီး တအောင့်လောက်အကြာမှာတော့ “the greatest leader in Chinese history.” လို့ ပြန်ပြင်ပြောပြန်ပါတယ်။

 

ကျွန်တော် ရာထူးက နှုတ်ထွက်သွားပြီး နောက်ပိုင်းတွင် ဆက်ဆွေးနွေးဖြစ်ခဲ့ပြီး ၂၀၁၉ ဒီဇင်ဘာလမှာ “ကြားဖြတ်” သဘောတူညီမှုတခုကို ကြေငြာနိုင်ခဲ့ပါတယ်။ ဒီ သဘောတူညီချက်ရဲ့ နောက်ကွယ်မှာ စိတ်ဝင်စားစရာတွေ ရှိလာနေပါတယ်။

 

ရှီ နဲ့ ထရန့်အကြားပြောဆိုမှုတွေကို ကြည့်ရင် ထရန့်ရဲ့ ကုန်သွယ်ရေး ပေါ်လစီ တွေဟာ ရှေ့နောက် ညီညွတ်မှု မရှိပဲ ဗလုံးဗထွေး ဖြစ်နေတာ တွေ့ရပါတယ်။ ဒါကလည်း သူ့စိတ်ထဲမှာ သူ့အတွက် နိုင်ငံရေး အကျိုးအမြတ် နဲ့ တိုင်းပြည့်ရဲ့ အကျိုး ဘယ်ဟာ ဦးစားပေးရမလဲ ဆိုတာ ဝေခွဲမရ ဖြစ်နေတာ ကို ထင်ဟပ်စေခဲ့ပါတယ်။ ထိုသို့ ပုဂ္ဂိုလ်ရေး နဲ့ တိုင်းပြည်အကျိုး ကို ဒွေးရောယှက်တင် ဖြစ်နေတာက ကုန်သွယ်ရေး ကိစ္စများ တွင် သာမက အမျိုးသား လုံခြုံရေး ဆိုတဲ့ ကျယ်ပြန့်လှတဲ့ အပိုင်းမှာပါ လာပြီးပတ်သက်နေပြန်ပါတယ်။ ကျွန်တော်၏ အမျိုးသား လုံခြုံရေး အကြံပေး အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်း အတွင်းမှာ ထရန့်သည် သူ ပြန်လည် အရွေးခံရရေးကို ဦးစားမပေးပဲ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့တာ ရှိမှ ရှိရဲ့လားလို့ မနည်း ပြန်စဉ်းစား ရဘူးပါတယ်။

 

ဒီနေရာမှာ နမူနာ အဖြစ် ပြလိုတာက တရုတ် တယ်လီကွန်း ကုမ္ပဏီကြီး ဖြစ်တဲ့ ဟွာဝေး နဲ့ ZTE တို့မှ နိုင်ငံလုံခြုံရေး ကို ခြိမ်းခြောက်လာမှု အပေါ် သူရဲ့ ကိုင်တွယ်ခဲ့ပုံပါပဲ။ ဒီကုမ္ပဏီ ကြီး နှစ်ခုရဲ့ မသမာတဲ့ လုပ်ရပ်တွေ အပေါ်  အရေးယူဖို့ အမေရိကန်က ဥပဒေ စည်းမျဉ်းများ အပြင် ရာဇဝတ် ကြောင်းအရပါ ပြဌာန်း ဆောင်ရွက်ဖို့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဝီလ်ဘာ ရော့စ် အပါအဝင် အခြားလူတွေက ထပ်တလဲလဲ ကို တွန်းအားပေးခဲ့ကြပါတယ်။ ဟွာဝေး နဲ့ ZTE သည် အမေရိကန်ပေါ်တွင်သာမက အီရန် နဲ့ အခြား မသမာတဲ့ နိုင်ငံတွေအပေါ် အမေရိကန် က ပြဌာန်းထားတဲ့ စီးပွားရေး ဒဏ်ခတ်မှု တွေကိုပါ ဖေါက်ဖျက် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ဟွာဝေး နဲ့ ZTE တို့လို တရုတ် “ကုမ္ပဏီများ” ရဲ့ အဓိက ရည်မှန်းချက်ကတော့ 5G လို အမေရိကန်ရဲ့ တယ်လီကွန်း နဲ့ သတင်း နည်းပညာ စနစ်တွေကို ထိုးဖောက် ဝင်ရောက်ပြီး တရုတ် ရဲ့ ထိန်းချုပ်မှု အောက် သွတ်သွင်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။ (ဟွာဝေး နဲ့ ZTE ကတော့ အမေရိကန်ဖက်က အဆိုပါ သဘောသဘာဝ ရှိကြောင်း ထုတ်ဖေါ် ပြောဆိုတာတွေကို ငြင်းဆိုထားပါတယ်)

 

ထရန့်ကတော့ အားလုံးနဲ့ တမူကွဲပြီး ဒီကိစ္စကို ဖြေရှင်းရမယ့် ပေါ်လစီပိုင်းဆိုင်ရာ ပြဿနာတခု အဖြစ် မရှုမြင်ခဲ့ပါဘူး။ ဒီကိစ္စကို အကြောင်းပြုပြီး ရှီ ကို သူအနေနဲ့ ဘယ်လို ဘယ်ပုံ ချည်းကပ် ရမလဲ ဆိုတာပဲ စဉ်းစားနေခဲ့ပါတယ်။ ဥပမာ အားဖြင့် ၂၀၁၈ ခုနှစ်အတွင်း ရော့စ် နဲ့ သူရဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ZTE အပေါ် ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာကို ပြန်ပြီး ပြောင်းလဲ ပြင်ဆင်ပေးခဲ့ပါတယ်။ တဖန် ၂၀၁၉ တွင် ကုန်သွယ်ရေး သဘောတူညီချက်ကို အထောက်အကူပြုတာတွေ ရှိလာခဲ့ရင် ဟွာဝေးကို ရာဇဝတ်ကြောင်းအရ အရေးယူထားမှုတွေ ပယ်ဖျက်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပြန်ပါတယ်။ အဓိက ကတော့ ၂၀၂၀ မှာ သူ ပြန် အရွေးခံရေးပဲ ဖြစ်ပါတယ်။

 

အပိုင်း (၃) ကို ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

 

(ဇွန်လ ၁၇ ရက်နေ့ထုတ် The Wall Street Journal သတင်းစာကြီးပါ “John Bolton: The Scandal of Trump’s China Policy” မှ တင်ပြသည်။)