နိုင်ငံတော် အတိုင်ပင်ခံ ၏ သမိုင်းဝင် အမှတ် (၅၄) တက္ကသိုလ် ရိပ်သာလမ်း နေအိမ် ကို ထုခွဲ ရောင်းချရန် စတုတ္ထ အကြိမ် အဖြစ် ကြိုးပမ်းမှု မအောင်မမြင် နှင့် ပြီးဆုံးသွားခဲ့ရပြန်သည်။
အင်္ဂါနေ့ တွင် ပြုလုပ်သည့် လေလံတင်ပွဲ တွင် လေးကြိမ်မြောက် ဈေးလျော့ပြီး ကြမ်းခင်းဈေး ဒေါ်လာ ၁၂၈ သန်း ဖြင့် ရောင်းချ ခဲ့သည်။
သတင်းစာ သမား တယောက်စ နှစ်ယောက်စ နှင့် တဒါဇင်ခန့် ရှိ သော ရဲအဖွဲဝင်များ မှ အပ ဝယ်သူ အသာထားဘိဦး ရပ်ကြည့်သူ ပင် မရှိဘဲ ကျီး နှင့် ဖုတ်ဖုတ် ပြီးဆုံးသွားခဲ့ရပြန်သည်။
ဗိုလ်ချုပ် အောင်ဆန်း သား ဦးအောင်ဆန်းဦး မှ အမွေခွဲပေးရန် ရုံးတော်သို့ ဦးတိုက် လျှောက်ထားရာ အနိုင်ရခဲ့သဖြင့် မောင်နှမ နှစ်ဦး တယောက်တဝက် ခွဲယူရန် ဆုံးဖြတ် ပေးလိုက်ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။
ပြည်သူတရပ်လုံး လိုလားတောင့်တနေသော ဒီမိုကရေစီ ပြယုဒ် ကြီး အဖြစ် မားမားမတ်မတ် ရပ်တည်ခဲ့သော အဆောက်အအုံ ကြီး အား ထုခွဲ ပစ်ရမည့် အရေး ကိုလည်း ဦးအောင်ဆန်းဦးသည် နည်းနည်း လေးမျှ စိတ်ထဲ မသိုးမသန့် မဖြစ်ဘဲ ဒေါ်လာ ၆၄ သန်း ရလျင် ကျေနပ်သွားမည့် လူစားမျိုး ဖြစ်နေသည်။
စစ်အာဏာသိမ်း အဖွဲ့၏ မတရား ထောင်သွင်း အကျဉ်းချ ခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် အဖို့ ထိုသို့ အကြိမ်ကြိမ် အခါခါ ပက်ပက်စက်စက် ကြံစည်နေမှု အား သိရှာလိမ့်မည် မဟုတ်။
စစ်ကောင်စီသည် လူထု အား ၎င်းတို့ ထားရာနေ စေရာသွား အဖြစ် နည်းနည်းလေးမျှ ဂရုစိုက်စရာ မလိုဟု သဘောထားနေသည်ကိုလည်း ထင်ရှားအောင် ထပ်၍ မီးမောင်းထိုးပြလိုက်ခြင်းသာ ဖြစ်သည်။
၎င်းတို့ တကြိမ်လည်း မဟုတ်၊ အကြိမ်ကြိမ် အခါခါ ကြံစည် နေကြသည့် အဖြစ်ကို ရှက်ရကောင်းမှန်းလည်း မသိကြသည့် အဖြစ်က အတော်ပင် အံ့ဩစရာ ကောင်းနေရသည်။
ထိုသို့ အသက် ၈၀ နားကပ် နေပြီ ဖြစ်သော အမျိုးသမီးကြီးအား ထောင်သွင်း အကျဉ်းချထားပြီး သူမ၏ သဘောတူညီချက် မပါပဲ အတင်း အဓမ္မ ထုခွဲ ရောင်းချနေသည့် အဖြစ်က ဥပဒေ နှင့်လည်း ညီညွတ်ခြင်း မရှိသည့် အပြင် လင်သေ မုဆိုးမ တဦး စီက ကြွေးရစရာ ရှိသည် ဆိုကာ ပိုင်ဆိုင်သမျှ အတင်း တက်သိမ်းနေသည့် လူရမ်းကား တဦး၏ လုပ်ရပ်မျိူးသာ ဖြစ်ပေသည်။
၎င်းတို့အား အုပ်ချုပ်နေသည် ဆိုသော စစ် ခေါင်းဆောင်များ၏ မင်းမဲ့စရိုက် လုပ်ရပ်များကို ကြည့်ကာ လူထု က အော့နှလုံးနာ နေကြ၍ ၎င်းတို့ အဖို့ကား ကိုယ်ကျင့် သိက္ခာ ပိုင်းတွင် ရှုံးပြီး၍ ရှုံးနေကြရသူ များ ဖြစ်သည်။
စစ်တပ်ထဲ အမှုထမ်းနေသူများကလည်း တိုင်းပြည် အတွက် ရန်စွယ်ဟူသမျှ ကို ကာကွယ် နေကြသူ များ ဟု ဂုဏ်ယူ ဝင့်ကြွားစရာ တစက်မျှ မရှိတော့ဘဲ ၎င်းတို့၏ လက်ကိုင်တုတ် များ ဘဝသို့ တမဟုတ်ချင်း ပြောင်းလဲသွားခဲ့ရပေတော့သည်။
ထို့ကဲ့သို ဝေသာလီ ပြည်ကြီး ဘီလူး ဝင်သလို သောင်းကျန်းနေကြသော အဓမ္မသမားများ ဘယ်လောက်ကြာကြာ ခံနိုင်ကြပေဦးမည်နည်း၊ ထို့အတွက်လည်း နေ့စဉ်လို ၎င်းတို့ဖက်မှ ထိခိုက် ကျဆုံးမှုများကို ပြည်သူများက ဝမ်းပမ်းတသာ ရှိနေကြသည်။ မိမိတို့ကို အနိုင်အထက် ညှင်းပမ်းနေကြသူများအား ပြန်၍ နှိပ်စက်လာနိုင်သည့် အရေးအား အဘယ်သူသည် ကျေနပ်အားရ မဖြစ်ပဲ နေကြအံ့ပေမည်နည်း။
ထိုသို့ ကျေနပ်အားရနေယုံဖြင့် မပြီးသေးပဲ ပြည်သူတရပ်လုံးက ညီညွတ်စွာ တွန်းလှန်နိုင်မှသာ ထိုသို့သော လူတန်းစားများ မြန်မာမြေပေါ်မှ အပြီးအပိုင် ပျောက်ကွယ်သွားနိုင်မည်လည်း ဖြစ်ပေသည်။
၂၀၂၂ ဇန်နဝါရီ လ ထဲ ကျွန်တော် ရေးခဲ့သည့် ပို့စ် မှ ပြန်၍ ကောက်နှုတ် ဖေါ်ပြ ရမည်ဆိုလျင် မဲမသမာမှု ကြောင့် အာဏာသိမ်းခဲ့ရပါသည် ဆိုသော စစ်တပ်ခန့်ထားသော ရွေးကောက်ပွဲ ကော်မရှင်မှ ဆယ်တလကြာ စုံစမ်း စစ်ဆေးခဲ့ပြီးနောက် တွင် မဲ နှစ်ကြိမ်ထည့်သူ စုစုပေါင်း ၂,၁၆၉ ဦး အား ဖေါ်ထုတ်နိုင်ခဲ့သည်ဟု ဝမ်းပမ်းတသာ ကြေညာလာခဲ့သည်။
သို့သော် တကယ်တမ်း တွင် ၂၀၂၀ ရွေးကောက်ပွဲ အား လာရောက်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင် စုစုပေါင်း ၂၆ သန်း ခန့်ထဲမှ ထိုသို့ ရှာဖွေဖေါ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်၍ ရာနှုန်းအားဖြင့် ၀.၁ % သာ ရှိပေသည်ဟု မြန်မာ နောင်းက တွက်ချက် ပြထားခဲ့သည်။
ရွေးကောက်ပွဲတိုင်းတွင် ဖြစ်လေ့ဖြစ်ထ ရှိသော မပြောပလောက်သည့် မဲစာရင်း ကွာဟမှုကို ယိုးမယ်ဖွဲ့ကာ အာဏာကို သိမ်းယူခဲ့ကြခြင်းလည်း ဖြစ်သည်။
စစ်ခေါင်း ဆောင်များ လက်ရှိ ခဲစားနေကြ သော အသီး အပွင့် နှင့် အကျိုး အမြတ် များကို ၎င်းတို့လည်း ရရှိ ခံစား ထိုက်သည် ဆိုကာ နိုင်ငံရေး ကို ဝမ်းရေးအတွက် လုပ်ကိုင်ရန် နိုင်ငံရေး သမား အမည်ခံ ၍ ရွေးကောက်ပွဲ ဝင်ကြမည့် လူများလည်း ထို့ကဲ့သို့ အလိမ်အညာ များကို သိသိကြီး နှင့် လက်ခံထားကြသည့် ကြံရာပါများပင် မဟုတ်ပါလော။
ထို့အတွက် ပြည်သူများ၏ ဒဏ်ခတ်မှု ကို မလွဲမသွေ ခံကြရတော့မည် ဖြစ်သည်။
မရည်ရွယ်ပဲ မတော်တဆ လက်လွန် ခြေလွန်ဖြစ်သွားသည့် ကိစ္စမျိုးတွင် ရန်ကို ရန်ချင်း မတုံ့နှင်း သင့် ဆိုသည့် စကားက မှန်ကောင်းမှန်နိုင်သော်လည်း စံနမူနာပြ ဆိုကာ ရည်ရွယ်ချက် ရှိရှိ ဖြင့် အပြစ်မဲ့သူများကို သတ်ဖြတ်လာနေခြင်းကို လက်တုန့်မပြန်ပါက မိမိတို့ အသက်ဆုံးဖို့သာ ရှိတော့သည် မဟုတ်ပါလား။
ပြည်သူတို့၏ ခုခဲ တွန်းလှန်စစ် မုချ အောင်ရမည်!!!