အာဆီယံ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်များ ထားရှိရန် အဆိုပြု

by Hla Soewai - May 05 2025

မင်းအောင်လှိုင် နှင့် အဖွဲ့သည် ၎င်းတို့ နေပြည်တော် တွင် ဘေးမသီ ရန်မခ နေရလျင် ပြီးရော ပုံစံ မျိုး ဖြင့် လက်ရှိ အတိုင်း ကြာကြာ ဆက်သွား၍ မဖြစ်တော့ ဆိုသည်ကို သိထားကြပြီး ဖြစ်သည်၊ တဖက်တွင် တော်လှန်ရေး တပ်ဖွဲ့များ အင်အား ကောင်းသည် ထက် ကောင်းလာပြီး၊ ပဋိပက္ခများ အရှိန် မြင့်တက်လာသည် နှင့် အမျှ နိုင်ငံတကာမှ မဖြစ်မနေ တနည်း နည်း ဖြင့် ပါဝင် ပတ်သက်လာကြတော့မည် ကို လည်း တွက်ဆ မိမည်သာ ဖြစ်သည်။

 

၎င်းတို့ အတွက် ဗွေဆော်ဦး အချက်ပေးလာသည်က ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကာဆစ် ပီရိုမြ ပင် ဖြစ်သည်။ ၎င်း၏ အဆိုပြုချက်ကို ဘန်ကောက်ပို့စ် သတင်းစာ မှ တဆင့် ယခုလို ရေးသားလာခဲ့သည်။

 

မြန်မာ၏ ပဋိပက္ခသည် ပြည်တွင်းစစ်ကြီး အဖြစ် တဖြေးဖြေး ကြီး ထွားလာသည် နှင့် အမျှ အာဆီယံ အတွက် ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မည် လမ်းဆုံလမ်းခွ သို့ ရောက်ရှိလာနေပြီ ဖြစ်သည်။

 

စစ်တပ် မှ ယာယီ အပစ်ရပ်ရေး ဆိုသည် ကို ငြိမ်းချမ်းရေး အသွင်ယူကာ မြေလှန်စနစ် ကျင့်သုံးပြီး လေကြောင်းမှ တိုး၍ တိုက်ခိုက်လာနေသည်ကို နိုင်ငံတကာ အနေဖြင့် အမှန်တကယ် တိုးတက်မှုဟု မြင်အောင် မကြည့် နိုင်ဘဲ ဝါဒ ဖြန့်ချီမှု များ နှင့် မကြာခဏ ဆိုသလို ရောထွေး ကုန်သည်။

 

အာဆီယံ အနေဖြင့် စိတ်ကူး စိတ်သန်း ပေါ်သလို ရေးသားထားသည့် ကြေညာချက် များ နှင့် တင်းတိမ်၍ မရတော့ဘဲ ရဲရင် ပြတ်သားပြီး လက်တွေ့ နှင့် နီးစပ်သည့် လမ်းကြောင်းကို ရွေးချယ် ချမှတ်ရတော့မည် ဖြစ်သည်။

 

ထို့အတွက် ဝါရင့် မလေးရှား ဗိုလ်ချုပ်ကြီး ဦးဆောင်ပြီး ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီရှား တို့ မှ စစ်ဖက် အရာရှိများ ပါဝင်သည့် စစ်မစ်ရှင် အဖွဲ့ကို စေလွှတ်ရမည် ဖြစ်သည်။ ၎င်းတို့တာဝန်သည် တိုက်ခိုက်ရေး အတွက် မဟုတ်ဘဲ ပဋိပက္ခ တွင် ပါဝင်နေသူများ နှင့် ထိတွေ့ ပြီး ဘက်လိုက်ခြင်း ကင်းစွာဖြင့် ၎င်းတို့၏ အသံများ ကို နားထောင်၊ အခြေအနေကို သုံးသပ်ပြီး ဆွေးနွေးနိုင်မည့် လမ်းစကို ဖွင့်ပေး နိုင်ရန် အတွက် ဖြစ်သည်။

 

ထိုမှတဆင့် ယုံကြည်မှု၊ ပွင့်လင်းမြင်သာ ရှိမှု ဆိုသည့် အခြေခံများ တည်ဆောက်နိုင်မည်၊ ထိုသို့ အနေအထား ရောက်လာလျင် အာဆီယံ မှ စစ်မှုထမ်းများ၊ ဆွေးနွေးကြသည့် အဖွဲ့အစည်း များ မှ အားဖြည့် ပေးလာမည့် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်များ မှ အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်ခြင်း ဖြင့် တင်းမာမှု များ လျော့ချ နိုင်မည် ဖြစ်သည်။ တပြိုင်နက်တည်း ဆိုသလို လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးနိုင်မည့် စင်္ကြန်လမ်းမ ကြီး အား ထိုင်း-မြန်မာ နယ်ခြား မှတဆင့် တည်ဆောက်ပေးရမည် ဖြစ်သည်။

 

ထိုမှတဆင့် တည်တံ့ ခိုင်မြဲမည့် ဖြေရှင်းချက် ရရှိရန် ဖက်ဒရယ် ပြည်ထောင်စု ကို ငြိမ်းချမ်းရေး၊ လူမျိုး ပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ရေး အတွက် လုပ်ငန်း ဘောင် အဖြစ် လက်ခံကြရမည် ဖြစ်သည်။

 

မြန်မာ စစ်ခေါင်းဆောင်များ နားလည် နိုင်ရန် စစ်သား အချင်းချင်း ပြောနိုင်မှ ဖြစ်မည်။ မင်းအောင်လှိုင်သည် အစဉ်အလာ အတိုင်း သံတမန်ရေး ကမ်းလှမ်းမှု ကို တုံဏှိဘာဝေ လုပ်နေခဲ့ပြီး ဖြစ်သည်။

 

ဝမ်းနည်းစရာကောင်းသည်က အာဆီယံခေါင်းဆောင်များနှင့် နိုင်ငံတကာ မိတ်ဖက်အများအပြားသည် စစ်အုပ်စု၏ လှည့်ကွက်များကို မျက်စိ စုံ မှိတ် ယုံကြည်စွာ လက်ခံခဲ့ကြခြင်းပင် ဖြစ်သည်။

 

အပစ်အခတ် ရပ်စဲရေး ဆိုသည်က အစစ်အမှန် ဖြစ်ရမည်၊ မှန်ကန်ကြောင်း စီစစ် နိုင်ရမည်၊ လူသားချင်း စာနာမှု ဖြင့် အကူအညီပေးနိုင်ရေးကို အခြေခံရမည်။ ယင်းအချက်များ တခုခု ချို့ယွင်းနေမည် ဆိုလျင် ဆက်၍ အကြမ်းဖက်ရန် ထောက်ခံ ပေးနေခြင်းမျိုးသာ ဖြစ်ပေမည်။

 

ပီရိုမြ ၏ အဆိုပြုချက်သည် အပေါ်ယံအားဖြင့် လက်ခံနိုင်ဖွယ် ရှိသည်။ ဤသည်ကလည်း ဒုက္ခရောက်နေသူများ အတွက် အကူအညီ ပေးနိုင်ရန် အတွက်သာ ဖြစ်သည်။

 

လမ်းခုလတ်သို့ ရောက်လာနေပြီ ဖြစ်သော တော်လှန်ရေး အတွက် ကြားမှ နေပြီး မင်းလည်း မင်းအိမ် ပြန်ရန်၊ မင်းတို့လည်း ရှေ့တိုးမလာနဲ့ ပုံစံမျိုး ဖြင့် ဟန့်တားလာမည်ကိုတော့ မည်သူမျှ လက်ခံ နိုင်ကြမည် မဟုတ်။

 

နိုင်ငံရေး အရ အဖြေရှာရန် စစ်မှန်သော ဖက်ဒရယ်မူ ကို လက်ခံပါမည်ဟု ခိုင်မာသော ကတိကဝတ်မျိုး ရရှိမှသာ ထိုလုပ်ငန်းဘောင် အတွင်း နိုင်ငံတကာ၏ ကြီးကြပ်မှု ဖြင့် မည်သို့မည်ပုံ အကောင်အထည် ဖေါ်မည်ကို ‌ဆွေးနွေးခြင်းမျိုးကိုသာ လက်ခံနိုင်မည် ဖြစ်သည်။

 

မလေးရှား ဝန်ကြီးချုပ်မှလည်း ဒေသတွင်း အကျိုးစီးပွား အတွက် မြန်မာ ပြဿနာကို အာဆီယံ အနေနှင့် စုပေါင်းကိုင်တွယ်ရန် လို အပ်လာပြီဟု အပူတပြင်း တောင်းဆိုလာသည်။

 

အာဆီယံ နိုင်ငံများ အနေဖြင့် မင်းအောင်လှိုင် တို့ အဖွဲ့ နေပြည်တော်တွင် သက်တောင့်သက်သာ ဆက်နေသွား ရေး ဆိုသည့် လမ်းကို ရွေးမည်လော၊ သို့တည်း မဟုတ် ပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးခြင်း ဖြင့် မိမိတို့ အဖွဲ့ကြီး၏ အကျိုးစီးပွားကို ကာကွယ်ကြမည် လော ဆိုသည်ကို ရွေးချယ်ကြရ တော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ စစ် မုချ အောင်ရမည်!!!