လားရှိုး ရောက် တရုတ် အဖွဲ့

by Hla Soewai - May 05 2025

တရုတ် အစိုးရ မှ ၎င်းတို့ ကြားဝင်ပေးခဲ့သော အပစ်အခတ် ရပ်စဲရေးကို စောင့်ကြည့် နိုင်ရန် လားရှိုးသို့ စေလွှတ်လိုက်သော လေ့လာရေး အဖွဲ့ ဧပြီ ၂၀ ရက် နေ့တွင် ရောက်ရှိလာခဲ့ခြင်းဖြင့် မြန်မာ ၏ ပြည်တွင်း ပဋိပက္ခကြီး တွင် ၎င်းတို့ ဩဇာ သက်ရောက်မှု ကို ထုပ်ပြ လာခဲ့ခြင်း ဖြစ်သည်ဟု ဂျပန် သတင်းစာစောင် ဖြစ်သော နစ်ကီ အေးရှား မှ ရေးသားလာခဲ့သည်။

 

ထိုအဖွဲ့၏ အဓိက တာဝန်သည် လားရှိူး မြို့ပေါ် ရပ်ကွက်များကို အာဏာသိမ်း အဖွဲ့ထံ ချောချောမွေ့မွေ့ လွှဲ ပြောင်းပေးနိုင်ရန် ကြီးကြပ်သွားရေးပင် ဖြစ်သည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဧပြီ ၂၂ ရက်တွင် ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

ထိုအဖွဲ့တွင် လူအင်အား မည်မျှ အထိ ပါရှိမည်၊ လက်နက်တပ်ဆင်ထားခြင်း ရှိမရှိ၊ မည်မျှ အထိ ကြာအောင် နေမည် အစရှိသည့် အသေးစိတ် အချက်အလက်များကိုမူ အသိပေးခဲ့ခြင်း မရှိပေ။ MNDAA က ထိုသို့ လွှဲပြောင်းပေးရန် သဘောတူခြင်း ရှိမရှိ ဆိုသည်ကိုလည်း ကွဲကွဲပြားပြား မသိရသေးပေ။

 

တရုတ် တို့ ရောက်ရှိလာခြင်းသည် အနောက်အုပ်စု ဩဇာအာဏာ သက်ရောက်လာခြင်း မရှိစေရန် နှင့် နိုင်ငံကို လေးနှစ်ကြာလာသည့် အထိ အပြည့်အဝ ထိန်းချုပ် နိုင်ခဲ့ခြင်း မရှိမှု ကို ပြစ်တင် ရှုတ်ချလိုက်သည့် သဘောလည်း ဖြစ်သည်ဟု ဆိုသည်။ 

 

ပြီးခဲ့သည့် ဩဂုတ် လ အတွင်း လားရှိူး နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို MNDAA တို့ သိမ်းယူ နိုင်သည် အထိ ဖြစ်သွား လိမ့်မည်ဟု တရုတ် တို့ လုံးဝ မျှော်လင့်မထား၍ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ ယင်းနှင့်အတူ ပြည်သူ ဘက်တော်သား တို့၏ တော်လှန်ရေးသည် ကြီးစွာသော အလှည့် အပြောင်းကြီး ဖြစ်သွားခဲ့ရသည်။ လားရှိုး သည် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး၏ အရေးပါသော မြို့ကြီးလည်း ဖြစ်သည်။

 

တရုတ် တို့ အဖို့က ပဋိပက္ခကြီး တွင် တဖက်ဖက်ကို ဘက်လိုက်ဖို့ အထိ မရည်ရွယ်ဘဲ ၎င်းတို့ အလိုရှိသည်ကို လုပ်ပေးနိုင်မည့် ယုံကြည်စိတ်ချရသည့် အဖွဲ့ ကိုသာ အလိုရှိသည် ဟု မြန်မာ အရေး လေ့လာသူ ဒေးဗစ် စကော့ မေသီဆန် က ဆိုသည်။ သို့မှလည်း ၎င်းတို့၏ နယ်စပ်တည်ငြိမ်ရေး နှင့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ နှိမ်နှင်း နိုင်ရေး တို့ အတွက် စိတ်ချရမည်လည်း ဖြစ်သည်။

 

MNDAA သည် တရုတ်တို့ ရောက်လာသည့် ဧပြီ ၂၀ ရက်တွင် မြို့တွင်း မှ ဆုတ်ခွာ သွားကြပြီ ဖြစ်သော်လည်း မြို့ပြင်ပတ်ပတ်လည် တဝိုက် နေရာယူထားပြီး ဖြစ်သည်။ စစ်တပ်သည် လေဆိပ်နှင့် ကွပ်ကဲရေး ဌာနချုပ် တို့ကို အရှက်ပြေယုံ အဖြစ်သဘောလောက် ရရှိသွားကြသည်။ 

 

တော်လှန်ရေး တပ်များသည် တရုတ်နယ်စပ်နှင့် ကပ်နေသော နယ်မြေ အမြောက်အမြားကို ထိန်းချုပ်ထားဆဲ ပင် ဖြစ်သည်။ မက်သီဆန်က မိမိအနေဖြင့် နောက်ဆုပ်သွားသည်ဟု မထင်ဘဲ အလွန်ရှုပ်ထွေးတဲ့ ခုခံတော်လှန်မှုတစ်ခုမှာ နောက်ထပ် ရှုပ်ထွေးစေတဲ့ ပြောင်းလဲမှုတစ်ခုလို့ပဲ မြင်ပါတယ် ဟု သုံးသပ်ခဲ့သည်။

 

လားရှိူး နှင့် ပတ်သက်၍ ရှင်းလင်း ပြတ်သားစွာ ထွက်ပေါ်လာခြင်း မရှိသေး၊ အပစ်အခတ် ရပ်စဲရေး ဆိုသည်ကလည်း မည်သည့်အခါမျှ အောင်မြင်ခဲ့ဖူးခြင်း မရှိဟု လည်း ဆိုသည်။

 

စစ်တပ်မှ ရွေးကောက်ပွဲ ပြုလုပ်ပေးမည် ဆိုသော ကတိသည်လည်း လုပ်ဖြစ်မည် မလုပ်ဖြစ်မည် ဆိုသည်ကား ယတိပြတ် မပြောနိုင်သေး၊ မြေငလျင် ကြီး အပြီး စစ်အာဏာသိမ်း အဖွဲ့၏ ဘာလုပ်ရမှန်း မသိ ချီတုံချတုံ ဖြစ်နေခြင်းကြောင့် အာစီယံ ဥက္ကဌ ဖြစ်သူ မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်သည် လက်နက်ကိုင် အဖွဲ့များအားလုံး ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိအောင် လုပ်ကြဖို့ တိုက်တွန်းလာရသည်။

 

လားရှိုး တွင် အပစ်ရပ်ယုံမျှ နှင့် တော်လှန်ရေး တခုလုံး အခြေအနေကို လွှမ်းမိုးနိုင်ဖို့ အဝေးကြီး လိုပါသေးသည်ဟု ဝါရှင်တန် အခြေစိုက် စတင်ဆန် တွေးခေါ် မျှော်မြင်ရေး အဖွဲ့ တရုတ်ရေးရာ တာဝန်ခံ ယွန်ဆမ်းက ဆိုသည်။ မလေးရှား အနေဖြင့်လည်း တရုတ် ဩဇာ စက်ဝန်းထဲ ရောက်နေသော မြန်မာ တွင် ကြားဝင်နိုင်ဖို့ ခက်ခဲလွန်းနေသည်ဟု ထောက်ပြခဲ့သည်။

 

မြန်မာ အား အင်အားချိနဲ့နေသည့် အနေအထားကို ထိန်းထား နိုင်ရေး မူဝါဒသည် တရုတ်တို့ ဒေသ အတွင်း ပြိုင်ဖက်မရှိ ဗိုလ်ကျ စိုးမိုး နိုင်ရေး အတွက် အဓိက ကျလာသည်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ဦးရဲမျိုးဟိန်းက ဆိုသည်ဟု ဆောင်းပါးတွင် ရေးသားထားသည်။

 

လားရှိးသို့ တရုတ်တို့ ခြေချလာခြင်း ကြောင့် စစ်ကောင်စီ အဖို့ ပြည်ပ အားကိုး ပုဆိန်ရိုး အဖြစ် ရောက်ရှိသွားပြီး အရှက်ဗြန်းဗြန်း ကွဲသွားစေသည့် လုပ်ရပ် လည်း ဖြစ်သည်။ ၎င်းတို့ အဖို့ တိုက်ယူ၍ သာ ရခဲ့ပါက မဟာအောင်ပွဲကြီး အဖြစ် ပြောမဆုံးပေါင် တောသုံးတောင် ဂုဏ်ယူ ဝင့်ကြွားနေမည်သာ ဖြစ်သော်လည်း ယခု အခါ ထိုကိစ္စ အပေါ် ငြိမ်ကုပ်နေကြရပြီ ဖြစ်သည်။ ထမင်းစားကြီးသူ တိုင်းကလည်း ယင်းသည် လုံးဝ ဂုဏ်ယူစရာ မကောင်းသည့် အဖြစ်ဟု ရှုမြင်ထားကြပြီး ဖြစ်သည်။

 

သိမ်းထားသော မြို့များ ပြန်ပေးရမည် ဆိုသော ကြားဝင်မှု သည် သမာသမတ် ကျစွာ ကြားဝင်ပေးမှု မဟုတ်တော့ဘဲ ဗိုလ်ကျခြင်း သက်သက်သာ မဟုတ်ပေလော။

 

ပြည်သူတို့၏ တွန်းလှန်စစ် မုချ အောင်ရမည်!!;