ကော်ဘရာ စစ်ကြောင်း နှင့် လက်နက်ချလာသူ များ

by Hla Soewai - May 05 2025

ကော်ဘရာ စစ်ကြောင်းသည် လက်နက်ချလာသူ တို့ အား ထွေးပွေ့ ကြိုဆိုခဲ့ပြီး ဖမ်းဆီးမိသည့် စစ်သုံ့ပန်းများ ကို မူ ကရင်ပြည်နယ် အတွင်းရှိ အလုပ်စခန်း တခုသို့ စေလွှတ်ထားသည်ဟု Frontier Myanmar တွင် ဆောင်းပါး ရေးသားလာခဲ့သည်။

 

ကော်ဘရာ စစ် ကြောင်းသည် ကရင်အမျိုးသား လွတ်မြောက်ရေး တပ် ၏ လက်အောက်ခံ ဖြစ်သည်။

 

ယမန်နှစ် ဇူလိုင်လ တွင် မြဝတီမြို့ကို ထိုးစစ်ဆင်ရန် အောင်ဇေယျ ဟု အမည်ပေးကာ စစ်ကြောင်းထိုးလာရာ တွင် ပါဝင်ခဲ့သူ တပ်ကြပ်ကြီး တဦး ဖြစ်သူ ကိုအောင်ရင် (အမည်ရင်း မဟုတ်) သည် ဒီဇင်ဘာလ ထဲတွင် တော့ ၎င်း အသက် ၁၈ နှစ်မှစ၍ နှစ်ပေါင်း နှစ်ဆယ်ကျော် အလုပ်အကျွေး ပြုလာခဲ့သည့် စစ်တပ်ကို စွန့်ခွာလာခဲ့သည်။

 

ထိုသို့ ထွက်ပြေးလာရသည့် အကြောင်းရင်း မှာလည်း အောင်ဇေယျ စစ်ကြောင်း တွင် ပါလာသည့် အရာရှိများက meth ဆေးပြားများ အား အပြင်မှ ဝယ်ယူပြီး အောက်ခြေ စစ်သည်များကို တဆင့် ပြန်ရောင်းရင်း ငွေဝင်ဖြောင့်နေသည့် အဖြစ်ကို စိတ်ပျက်လာသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

 

စစ်သားများက စိတ်များ ဂယောင်ချောက်ခြား ဖြစ်လာပြီး အလုပ်လုပ်ချင်စိတ် မရှိကြတော့သည်ကို တွေ့လာရ၍ ဟန့်တားရန် ကြိုးပမ်းလာသည့် အခါတွင် တော့ ဖြန့်ဖြူးနေကြသည့် အရာရှိများ၏ စောင့်ကြည့်ခံလာရပြီး ၎င်း၏ အသက်အန္တရာယ် အတွက် စိုးရိမ်လာရပြီ ဖြစ်၍ ပြည်သူ့ရင်ခွင် သို့ ခိုလှုံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

 

ယခုအခါ ကိုအောင်ရင် နှင့် အခြားတပ်ကြပ်ကြီး တဦးတို့ ပူးတွဲ၍ ထွက်ပြေး ခိုလှုံလာသူများ ကော်ဘရာ စစ်ကြောင်း ထဲ ၎င်းတို့ကဲ့သို့ ပူးပေါင်းလာသူများကို ကြီးကြပ်ပေးလျက် ရှိနေသည်။ ၎င်းတို့အား ရှေ့တန်း နှင့် နောက်တန်း အလှည့်ကျ တာဝန်ယူရန်၊ လယ်လုပ်ငန်း နှင့် ထမင်းဟင်းချက်ဖို့ ထင်းရှာ ထွက်သည့် တာဝန်များကို ခွဲဝေ ချထားပေးသည်။

 

ကိုအောင်ရင်သည် စစ်တပ် ထောင်ထားသော မိုင်းများ ကို ရှာဖွေပြီး တော်လှန်ရေး တပ်များ အတွက် ပြန်ထောင်ပေးထားခဲ့သည်။ ၎င်းအပေါ် ယုံကြည် မှု ရလာပြီ ဖြစ်၍ ကော်ဘရာ စစ်ကြောင်း နှင့် အတူတွဲ၍ တိုက်ခိုက်သွားရန် အဆင်သင့် ဖြစ်လာပေပြီ။

 

စစ်တပ်ထဲ ကျန်ခဲ့သည့် ၎င်း၏ ရဲဘော်များကိုလည်း ခေါ်ဖို့ ကြိုးစားမည်၊ မည်သူမျှလည်း တပ်ထဲတွင် မနေချင်ကြတော့၊ စစ်တပ်သည်လည်း အင်အား ပြုန်းတီးလာနေပြီ ဖြစ်သည်ဟု ဆိုသည်။

 

အောင်ရင်သည် ရောက်လာကတည်းက ခိုလှုံလာသူ များ နှင့် စစ်သုံ့ပန်းများ တရာ ခန့် ရှိနေသည့် စခန်းတခု တွင် နေခဲ့ရသည်။ အများစု မှ အောင်ဇေယျ စစ်ကြောင်း မှ ဖြစ်သည်။ စစ်မှုထမ်း ဥပဒေ ကြောင့် ပါလာကြသူများလည်း ဖြစ်ပြီး အများစုက စစ်တပ်ကို ပြန်တိုက်ရန် ဆုံးဖြတ်လာကြသည်။

 

ဖေဖေါ်ဝါရီ လ အတွင်း စခန်းသို့ ရောက်ခဲ့သော Frontier အဖွဲ့သည် ခိုလှုံလာသူများ အား လက်နက်များ၊ ကျည်ကာ အင်္ကျီ များ၊ စစ်ခမောက်များ ဝေငှ ပေးနေသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

 

ဒီမှာ ဆက်မနေချင်ပဲ အပြင်တွင် သွားလုပ်ရန် ဆန္ဒရှိလျင် ထိုင်း ဖက်သို့ ကူးနိုင်ရန် စီစဉ်ပေးသည်ဟု KNLA စခန်း တာဝန် ခံ က ပြောပြသည်။ ၎င်း၏ အဆိုအရ အောင်ဇေယျ စစ်ကြောင်းမှ ထွက်ပြေး ခိုလှုံလာသူ ၇၀ ခန့် ရှိသည်ဟု သိရသည်။

 

၎င်းတို့အား ဖုန်းသုံးခွင့်၊ အင်တာနက်ပါ ပေးထားရသည့် အတွက် သတင်းပေးမည့် အန္တရာယ်တော့ ရှိနေသည်ဟု လည်း ဆိုသည်။ သို့သော် ရန်သူကို မဟာမိတ် အဖြစ် လက်တွဲ ခေါ်ခြင်းသည် စစ်ကောင်စီ ဖြုတ်ချရေး တွင် ရေရှည် အတွက် အကျိုး ရှိ၍ ဟု ပြောပြခဲ့သည်။

 

နောက်တဦးက အသက် နှစ်ဆယ်ကျော်ရှိ ကိုရန်လေး ဖြစ်သည်။ ပြီးခဲ့သည့် ဩဂုတ်လ အတွက် ၎င်းသည် မန္တလေး ရှိ ဟိုတယ်တခု တွင် အလုပ်လုပ်ရန် ရန်ကုန်မှ အလာ မန္တလေး ဘူတာကြီး တွင် စစ်တပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသူ ဖြစ်သည်။ ကိုရန်လေး သည် ရခိုင်လူမျိုး ဖြစ်ကြောင်း မှတ်ပုံတင်ကို တွေ့သွား၍ AA အဖွဲ့ဝင် ဖြစ်မည် ဆိုသည့် သံသယ ဖြင့် စစ်ထဲသွင်းခံရပြီး ရှမ်းပြည်သို့ သုံးလ စစ်သင်တန်း တက်ရန် အပို့ခံခဲ့ရသည်။ ထိုမှ တဆင့် ကရင်ပြည်နယ်သို့ စေလွှတ်ခံခဲ့ရပြီး ဒီဇင်ဘာလ တွင် အခြား စစ်သား နှစ်ဦး နှင့်အတူ ကော်ဘရာ စစ်ကြောင်းသို့ ခိုလှုံလာခြင်း ဖြစ်သည်။

 

ကိုရန်လေးသည် လက်နက် ခဲယမ်းများပါ ယူဆောင်လာ‌‌၍ ကျပ် သိန်းသုံးဆယ် ချီးမြှင့်ခံခဲ့ရသည်။ ၎င်းအား မဲဆောက်သို့ သွားရန် အခွင့်အရေး ပေးခဲ့သော်လည်း တော်လှန်ရေး နှင့် ပူးပေါင်းရန် ရွေးချယ် ခဲ့သူ ဖြစ်သည်။

 

စစ်အကျဉ်းသား အဖြစ် ထိန်းသိမ်းခံထားရသူ အနည်းငယ်သည်လည်း စခန်းအနီးတွင် စားသောက်ဆိုင် ဖွင့်ခြင်း၊ ကျောက်မီးသွေး ဖို လုပ်ငန်းများ လုပ်ကိုင်နေကြသည်။

 

ထိုအထဲတွင် မြဝတီ တိုက်ပွဲ တွင် ဖမ်းဆီးခံရသူ ဒုတပ်ကြပ် ဇေယျာလည်း ပါဝင်သည်။ ၎င်းသည် စစ်မှုထမ်းသက် အနှစ် နှစ်ဆယ် ကျော် ရှိပြီး ယမန်နှစ် ဧပြီလ တွင် လက်ရ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ၎င်း ကြားခဲ့ရသလို ကွပ်မျက်ခံရမည့် အရေး စိုးရိမ်ခဲ့သော်လည်း အကျ‌ဉ်းသား အဖြစ် လပေါင်းများစွာ ထိန်းသိမ်းခံခဲ့ရသည်။

 

နိုဝင်ဘာလ အတွင်း ပြန်လွတ်လာသည့်အခါ မွန်ပြည်နယ်ရှိ ဇနီး ဖြစ်သူအား ကလေးနှစ်ယောက်ပါ ခေါ်ပြီး လိုက်လာရန် ဆက်သွယ်ခဲ့သည်။ မိသားစု ရောက်လာသည့်အခါ ရွာတွင် စားသောက်ဆိုင် ဖွင့်ခဲ့သည်။

 

အချို့သော စစ်သုံ့ပန်းများကို စခန်းတွင်ပင် အလုပ်တာဝန်များ ပေးခဲ့သည်။ 

 

ထိုအထဲတွင် နေပြည်တော်အနီးရှိ ရွာ တရွာ မှ စစ်ထဲ သွင်းခံခဲ့ရသူ ကိုဘိုဘို လည်း ပါသည်။ ၎င်းသည်လည်း အောင်ဇေယျ စစ်ကြောင်းရှိ ခမရ ၉၇ မှ ဖြစ်ပြီး ယခုအခါ စခန်းရှိ မီးဖိုချောင်တွင် လုပ်ကိုင်လျက် ရှိသည်။

 

၎င်းသည် ဝက်ရူးပြန် ရောဂါရှိပြီး မှတ်ဉာဏ် မ‌ကောင်းသူလည်း ဖြစ်သည်၊ သို့သော် ရွာလူကြီးများက ၎င်းအား စစ်ထဲ လိုက်ရန် ငွေဆယ်ငါးသိန်း ကောက်ပေးပြီး ထဲ့လိုက်ခြင်း ဖြစ်သည်၊ တကယ်တမ်း တွင် ၎င်း၏ မိသားစု ကမူ လေးသိန်းသာ ရခဲ့သည်။

 

စစ်တပ်သို့ ထိုသို့ အခြေအနေရှိသူကိုလည်း ပြန်မလွှတ်ပဲ စစ်သင်တန်း တက်ခိုင်းပြီး ရှေ့တန်း တွင် အလုပ်ကြမ်းများ ခိုင်းစေခဲ့သည်။ လမ်းပင် မမှတ်မိသူ ဖြစ်၍ အမြဲလို စစ်သားတဦး အဖေါ် ထည့်ပေးရသည်။ 

 

တရက်တွင် ရိက္ခာပို့ရန် အသွား လမ်းပျောက်ပြီး KNLA တပ်ဖွဲ့ နှင့် ပက်ပင်း တိုးမိရာမှ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

 

၎င်း အား စစ်သုံ့ပန်း အဖြစ် အမှု စီရင်ပြီး အလုပ် နှင့် ထောင်ဒဏ် တနှစ် အပြစ်ဒဏ် ချမှတ်ခဲ့၍ ယခု အခါ ထမင်းချက် အဖြစ် လုပ်ကိုင်နေကြသည်ဟု ဆောင်းပါးတွင် ရေးသားထားသည်။

 

ယခု အခါ တွင်တော့ အာဏာရှင် များ က မိမိတို့ ရင်နှစ်သည်းခြာ များ၏ အသက်ကို စက္ကူမဲ တမဲ ဖြင့် စီရင် နေကြပြီ ဖြစ်သည်။

 

ပြည်သူ တရပ်လုံး ၏ ထောက်ခံမှု၊ မျှော်လင့်ချက်များ ပုံ အော်ထားသည့် လက်ရှိ တော်လှန်ရေးကြီး အောင်မြင်ပြီး လူ ထု ခံစားနေရသည့် ဒုက္ခ အပေါင်းမှ အမြန်ဆုံး လွတ်မြောက်စေမည့် နည်းလမ်းမှန်သမျှ သည် တရားနည်းလမ်းကျသည်၊ ပြည်သူ့ ဆန္ဒ နှင့် လည်း ကိုက်ညီသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!