ဘင်္ဂလားဒေ့ရှ်သည် အမေရိကန် အကျိုးစီးပွား အတွက် ကြားခံ အဖြစ် ဆောင်ရွက်ပေးရန် သတင်းများ ပေါက်ကြား လာနေချိန်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတိုင်ပင်ခံ မိုဟာမက် တိုဟစ် ဟိုစိန်က မိမိတို့ အနေဖြင့် အခြား ရွေးစရာ လမ်း မရှိတော့၍ အာရက္ခ တပ်တော် နှင့် ဆက်ဆံရခြင်း ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ တောင်းဆိုလာသည့် လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးရေး စင်္ကြန်လမ်းမ ကြီး တခု ဖွင့်လှစ်ပေးရန်လည်း သဘောတူ ကြောင်း ဒက္ကား တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ထုတ်ဖေါ် အသိပေးလိုက်သည်။
ဘင်္ဂလားဒေ့ရှ် သည် ၁.၃ သန်း ရှိသော ရိုဟင်ဂျာ ဒုက္ခသည် များ လက်ခံထားရမှု အတွက် ကျောတွင် ဆူးကြီး တချောင်း စိုက်ဝင်နေသလို ဖြစ်နေခဲ့ရပြီး အတိုက်အခံ နိုင်ငံရေး ပါတီများ၊ သတင်းစာများ၏ ဝေဖန် ပြစ်တင်ခြင်း အမြဲလို ခံနေရသည်။
ဘင်္ဂလားဒေ့ရှ် ၏ အကြီးဆုံး နိုင်ငံရေး ပါတီကြီး ဖြစ်သော ဂျမာ တီ အစ္စလမ်မီ ပါတီကြီးကပင် ရခိုင်တွင် လွတ်လပ်သော ရိုဟင်ဂျာ နိုင်ငံ ထူထောင်ပေးရန် မြန်မာ စစ်ဗိုလ်ချုပ်များ၏ အားထားရာ ခေါင်းကိုင် ဖခင်ကြီး godfather ဖြစ်လာနေသည့် တရုတ် အား တရားဝင် အဆိုပြုလာခဲ့ပြီ ဖြစ်သည်။
ဒက္ကား သို့ အလည်အပတ် ရောက်ရှိနေသော တရုတ် ကွန်မြူနစ် ပါတီ ကိုယ်စားလှယ် အဖွဲ့အား တင်ပြခဲ့ကြောင်း ကြေညာချက် တွင် ပါရှိနေသည်။ တရုတ် ကိုယ်စားလှယ် အဖွဲ့ကလည်း ၎င်းတို့ အဆိုပြုချက်ကို တရုတ် အစိုးရ ထံ ပြန်လည် တင်ပြပေးမည်ဟု ပြန်လည် ပြောဆိုခဲ့သည်ဟု ပါရှိသည်။ ထိုကိစ္စ ကို တရုတ် အစိုးရ သဘောတူဖို့သာ လိုသည်ဟု ဆိုလိုချင်ပုံရသည်။
မြန်မာ စစ်ခေါင်းဆောင်များ အား မဖြစ်လို့သာ ဆက်ဆံနေရသော်လည်း ဖုတ်လေသည့် ငပိ ရှိတယ်လို့ပင် မထင် ဆိုသည် နှင့် အချုပ်အခြာ အာဏာ ပိုင်စိုး မှု မရှိတော့ဘဲ နေပြည်တော်တွင် တိုက်လေယာဉ် များ ပိုင်ထားသည့် စစ်အုပ်စု အဖြစ်သာ သဘောထား နေကြပြီ ဆိုသည်က အတိုင်းသား ပေါ်လွင် နေပေသည်။
ထို အဖွဲ့ကြီးမှ အာရက္ခ တပ်ဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ် ပိုင်နက် နယ်မြေ ထဲ ၁၀ ကီလိုမီတာ အထိ အဟန့်အတား မရှိဝင်ရောက်ကာ ရွာများတွင် သင်္ကြန်ပွဲ ဆင်နွှဲနေခဲ့သည်ဟု ပြင်းထန်သော စကားလုံးများဖြင့် စွပ်စွဲထားပြီး ဖြစ်သည်။
တရုတ် ကွန်မြူနစ် ပါတီ ကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ် သည် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး နှစ်ဦး နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးယာယီ တာဝန်ခံ တို့ ရောက်ရှိပြီး မကြာမီ မှာပင် ထွက်ပေါ်လာခြင်းလည်း ဖြစ်၍ ပျံ့နှံ့လာနေသော သတင်းများ နှင့် ပတ်သက်ပြီး တရုတ်တို့ စိုးရိမ်မကင်း ဖြစ်လာပုံရသည်ဟုလည်း ယူဆ၍ ရနေသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတိုင်ပင်ခံ မှ နယ်ခြား တလျောက်လုံး မြန်မာ စစ်တပ်၏ ဩဇာ အာဏာ သက်ရောက်မှု လုံးဝ မရှိတော့သည့် အဖြစ်ကို မသိကျိုးကျွံ ပြုနေ၍ မဖြစ်တော့သဖြင့် လက်ရှိ ထိန်းချုပ်ထားသော နိုင်ငံတော် အဆင့် မဟုတ်သည့် အဖွဲ့အစည်း ဖြစ်သော အာရက္ခ တပ်တော် ကို မိမိတို့ အကျိုးစီးပွား အတွက် အမှန်တကယ် လိုအပ်လာ၍ ဆက်ဆံနေခြင်း ဖြစ်သည်ဟု ရှင်းလင်းသွားခဲ့သည်။
တရားဝင် မဟုတ်သည့် တိုင် ဆက်ဆံ၍ ရသည့် နည်းလမ်း များ ဖြင့် ထိတွေ့ ဆောင်ရွက်သွားရမည် ဖြစ်သည်ဟု ဆိုသည်။ မိမိတို့ အနေဖြင့် ပြည်တွင်းရေး ဝင်စွက်ဖက်သည်ဟု ယူဆခံရသည်ထက် နိုင်ငံတွင်း ရောက်နေသော ဒုက္ခသည်များ ပြန့်ပို့ နိုင်ရန်သာ အရေးကြီးသည့် သဘောမျိုးလည်း ပြောဆိုသွားခဲ့သည်။
အာရက္ခ တပ်တော်သည် ယခု အခါ ဘင်္ဂလားဒေ့ရှ် အညှာကို ကိုင်ထား နိုင်ပြီ ဖြစ်၍ ၎င်းတို့ လိုလားချက်များ လည်း တောင်းဆိုလာတော့မည်သာ ဖြစ်သည်။ လက်ရှိ အနေအထားသည် သိမ်မွေ့စွာ ကိုင်တွယ် နိုင်မှ ဖြစ်ပေတော့မည်။ သို့မဟုတ်က ဒုက္ခသည် စခန်းများ အတွက် မြေနေရာ ရယုံ ဘင်္ဂလားဒေ့ရှ် ဖက်မှ ဖဲ့ယူ ဖို့ ကြိုးစားလာလျင် တရုတ် တို့ လားရှိုးကဲ့သို့ ဝင်ရောက်လာရန် လမ်းပွင့်သွားတော့မည် ဖြစ်သည်။
ဘင်္ဂလား ဒေ့ရှ် အိမ် စောင့် အစိုးရသည်လည်း ပြည်တွင်း တွင် ဖိအား ပေးမှု များ ခံလာနေရ၍ ထို သို့ ဖြစ်လာနိုင်ခြေ ရှိသည်ကို အမေရိကန်ကလည်း ရိပ်စားမိပုံ ရသည်။
ကုလ သမဂ္ဂ တောင်းဆိုလာသည့် လူသားချင်း အကူအညီ ပေးနိုင်မည့် စင်္ကြန်လမ်းမတခု ဖွင့်ပေးရန် သဘောတူထားပြီး ဖြစ်သော်လည်း မိမိတို့ ဖက်မှ စည်းကမ်းချက် အချို့ သတ်မှတ်ထားပြီး ဖြစ်ကြောင်း၊ မည်သို့သော စည်းကမ်းချက်မျိုး ဆိုသည်ကို အသေးစိတ် ထုတ်ပြော၍ မဖြစ်ဟုလည်း ဆိုသည်။
ကုလသမဂ္ဂ သည် မြန်မာ စစ် ခေါင်းဆောင်များ က ရခိုင်ပြည်နယ် တွင် အငတ်ဘေး ဆိုက်ရောက်လာသည်အထိ စားနပ်ရိက္ခာ နှင့် လူသုံးကုန် ပစ္စည်းများ ပိတ်ဆို့ထားမှု အပေါ် စိုးရိမ်မကင်း ဖြစ်လာ၍ အတွင်းရေး မှုး ချုပ်မှ အကူအညီ ပေးနိုင်မည့် စင်္ကြန်လမ်းမ ကြီး တခု ဖွင့်ပေးရန် အပူတပြင်း ကြိုးပမ်းလာခြင်း ဖြစ်သည်။
ဖြစ်ပေါ်လာသည့် အခြေ အနေများ အားလုံးသည် အာရက္ခ တပ်တော် အား နိုင်ငံတကာ မှ မသိကျိုးကျွံ ပြု၍ မရတော့ ဆိုသည်ကို ပြဆိုနေပြီး အခွင့်အလန်းများလည်း ထွက်ပေါ်လာတော့မည်လည်း ဖြစ်သည်။
ပြည်သူ တရပ်လုံး လှည်းနေ လှေအောင်း မြင်းစောင်း မကျန် တိုင်းပြည် ကို ဆယ်စု နှစ်ပေါင်းများစွာ ကြာအောင် အန္တရာယ် ပေးလာနေယုံ နှင့် အားမရသေးပဲ ပြည်ပ ဩဇာခံ ဖြစ်အောင် လုပ်လာကြသည့် အပြင် လူမျိုး အားလည်း အခြား နိုင်ငံသား များလို အပူအပင် ကင်းစွာ လူချင်းတူတူ သူချင်းမျှမျှ မနေနိုင်အောင် ဒုက္ခပေးလာနေသည့် စစ်အာဏာရှင် စနစ်ဆိုးကို ဝိုင်းဝန်း တိုက်ထုတ်ဖို့ အချိန်ကျရောက်လာနေပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!