ပြည်သူ့ ဘက်တော်သား တော်လှန်ရေး တပ်များက ရွှေဘို-မြစ်ကြီးနား လမ်းမ ပေါ်ရှိ အင်းတော်မြို့ကို သိမ်းယူ ခဲ့သည့် သမိုင်းဝင် တိုက်ပွဲကြီးကို ဆင်နွှဲ နိုင်ခဲ့၍ စစ်ကိုင်း တိုင်း အတွင်းသို့ ဝင် ရောက် နိုင်သည့်စစ်တပ်၏ မဟာဗျူဟာ ကျလှသည့် ထောက်ပို့ လမ်းကြောင်း ကို လုံးဝ ဖြတ်တောက် ပိတ်ဆို့ နိုင်ခဲ့ကြသည်။
ရှစ်လကြာ ABSDF တပ်များ နှင့် ပူးပေါင်း ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အကျအဆုံး များစွာ နှင့် သိမ်းပိုက် နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ဟောင်ဝစ်ဇာ ကဲ့သို့ လက်နက်ကြီးများ အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားကို ပါ သိမ်းယူ နိုင်ခဲ့ကြသည်။
အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေး တပ်များ လက်အောက် ရောက်ရှိခဲ့သည့် နဝမ မြောက် မြို့လည်း ဖြစ်သည်။
လူဦးရေ ၁၂၀,၀၀၀ ရှိ အင်းတော်သည် ကသာ ခရိုင် အတွင်း တည်ရှိပြီး PDF တပ်များ သိမ်းယူထားသည့် မော်လူး မြို့ တောင်ဖက် ၁၇ မိုင် အကွာ၊ ကသာ အနေုာက်ဖက် ၉ မိုင် အကွာ တွင် တည်ရှိသည်။ ဒုတိယ ကမ္ဘာစစ် အတွင်း ဗြိတိသျှ နှင့် ဂျပန်တပ်များ ကျားကုတ်ကျားခဲ တိုက်ခိုက်ခဲ့ကြသည့် မြို့လည်း ဖြစ်သည်။
အင်းတော်ကို လက်လွှတ်ခဲ့ရသဖြင့် ကချင်ပြည်နယ် အတွင်းသို့ စစ်တပ်မှ လေကြောင်းဖြင့်သာ စစ်ကူများ ပို့ပေးနိုင်တော့သည်။
စစ်တပ်မှ ဗုံးများ အဆက်မပြတ် ကြဲချ နေသည့် ကြားမှ PDF နှင့် ABSDF တပ်ပေါင်းစုသည် ၂၀၂၄ ဩဂုတ်လ ၁၅ ရက်တွင် အင်းတော်ကို သိမ်းပိုက်ရန် စတင် ထိုးစစ် ဆင်လာခဲ့သည်။ မြို့ခံ လူထု လည်း အနီးအနား ရှိ ရွာများသို့ ထွက်ပြေး တိမ်းရှောင်ကုန်ကြသည်။
ထိုးစစ်ကြီး စပြီး မကြာမီမှာပင် အင်းတော် အရှေ့ဖက် လေးမိုင် အကွာ နဘား လမ်းဆုံရှိ စစ်တပ် အထိုင်စခန်းကို စတင် သိမ်းပိုက် နိုင်ခဲ့သည်။
၂၀၂၄:အောက်တိုဘာလ ထဲတွင်တော့ တော်လှန်ရေး တပ်ပေါင်းစုသည် အင်းတော် ရဲစခန်း၊ ထွေအုပ်ရုံး များ ကို သိမ်းယူ နိုင်ခဲ့ပြီး မြို့ထဲရှိ စစ်စခန်း တခုသာ ကျန် တော့သည်။ ထိုစခန်းသည် မြို့ကို စီးမြင်နေရသော တောင်ကုန်း ပေါ်တွင် ရှိပြီး ဂျပန် လှိူဏ် ဂူ တောင်ကုန်းဟုလည်း ခေါ်ကြသည်။
နှစ်ဖက် တပ်များ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေရာ မှ နိုဝင်ဘာ ၁ ရက် နေ့တွင် နောက်ထပ် ထိုးစစ် တခု ဆင်နွှဲလာခဲ့သည်။ ထိုအချိန်တွင် စစ်တပ်၏ မဟာမိတ် အဖြစ် ရပ်တည်နေသည့် ရှမ်းနီ အမျိုးသား တပ်မှ လာရောက် စစ်ကူပေး ပူးပေါင်းလာကြသည်။
စစ်တပ်သည် ကချင် နှင့် ရှမ်းမြောက်ဒေသများ တွင် ကေအိုင်အေ၊ ညီနောင်သုံးဖေါ် အဖွဲ့များ နှင့် ရင်ဆိုင်နေရ၍ စစ်ကူ မလွှတ်နိုင်အောင် ဖြစ်လာသည်။
တော်လှန်ရေး ပူးပေါင်း တပ်များသည် အသက်ပေါင်း များစွာ စတေး၍ တဖြေးဖြေး နှင့် တောင်ကုန်း အရှေ့ဖက် ခြမ်းရှိ ကာကင်း များကို သိမ်းယူခဲ့ကြသည်။
မတ်လ အလယ်လောက်တွင် ကသာရှိ ခမရ ၃၀၉ မှ ထုတ်နှုတ် အင်အား ၁၅၀ နီးပါး ဖြင့် အင်းတော်ဖက်သို့ ဝင်လာသည့် စစ်ကြောင်းကို ကသာ အရှေ့ဖက် ငါးမိုင် အကွာရှိ ပင်မလွတ် ကျေးရွာ အနီးတွင် ကေအိုင်အေ နှင့် ဒေသ ကာကွယ်ရေး တပ်များ ပူးပေါင်း၍ ဖြတ်တောက် တိုက်ခိုက်ခဲ့ကြသည်။
နှစ်ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၃၀ ခန့် ကျဆုံး သွားခဲ့သည်။
ဧပြီ ၁ ရက်နေ့ တွင် ဂျပန် လှိုဏ် ဂူ ရှိရာ တောင်ကုန်းမှ စစ်ကောင်စီ တပ်များ ဖေါက်ထွက်နိုင်ရန် ဂမူးရှူးထိုး ကြိုးပမ်းလာကြသည်။ သို့သော်လည်း တော်လှန်ရေး တပ်များ၏ လက်ချက်ဖြင့် အတုံးအရုံး ကျဆုံးခဲ့ပြီး ရှေ့သို့ တိုး၍ တက်လာနိုင်ခဲ့ကြသည်။
ဧပြီ ၇ ရက် ညပိုင်းတွင်တော့ တော်လှန် ရေး တပ်ပေါင်းစု သည် တောင်ကုန်းကို သိမ်းပိုက် နိုင်ရန် အပြီးသတ် ထိုးစစ်ဆင်လာခဲ့ရာ တပ်မ ၇၇ တပ်မမှုး ဦးဆောင်၍ ကသာ ဖက်သို့ စတင် ဆုတ်ခွာ ခဲ့ကြသဖြင့် မြို့မ ဘုန်း တော်ကြီး ကျောင်း၊ လျောင်းတော်မူ ဘုရားကုန်း၊ ထိုမှ တဆင့် စခန်းတခုလုံး သိမ်းပိုက် နိုင်ခဲ့ကြသည်။
စစ်ကောင်စီ တပ်သား ၄၀ ခန့် လက်နက်ချ အညံ့ခံခဲ့ကြပြီး ဟောင်ဝစ်ဇာ အမြှောက်ကြီး နှစ်လက်၊ ၁၂၀ မမ လက်နက်ကြီး နှစ်လက် အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြား ကို သိမ်းဆည်းရမိခဲ့သည်။
ဧပြီလ ၈ ရက် နေ့ ထုတ်ပြန်သော အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန ၏ ကြေညာချက် တွင် စစ်ကောင်စီ သည် ရှစ်လ ကြာ ပိတ်ဆို့ တိုက်ခိုက်နေစဉ် အတွင်း စစ်ကူ ဟူ၍ တကောင်တမြီးမျှ မပို့နိုင်ခဲ့သည့် အပြင် လက်နက် ရိက္ခာများလည်း ထောက်ပို့ နိုင်ခြင်း မရှိပဲ အကျ အဆုံး များစွာ ဖြင့် အရေးနိမ့်သွားခဲ့ရသည်ဟု ပါရှိလာခဲ့သည်။
အင်းတော် ဒေသခံများကလည်း အောင်ပွဲခံ ပြည်သူ့ကာကွယ်ရေး တပ်များအား အိုးစည် ဗုံမောင်း အကအခုန်များ နှင့် ဝမ်းပမ်းတသာ ကြိုဆိုခဲ့ကြသည်။
ထို တိုက်ပွဲကြီး တွင် ကချင် လွတ်မြောက်ရေး တပ်မှ အထူး တပ်ဖွဲ့၊ ABSDF စစ်ကြောင်း ၃ မှ တပ်ရင်း နှစ်ရင်း၊ ကာကွယ်ရေး ဝန်ကြီး ဌာန အမှတ် (၁) စစ်ဒေသ အခြေစိုက် တပ်ရင်းများ၊ အခြား PDF တပ်ရင်းများ၊ ဒရုန်း နှင့် အမြှောက်တပ်များ ပါဝင်ခဲ့သည်။
ဂျပန် လှိုဏ်ဂူ တောင် စခန်းသည် အင်းတော် မြို့၏ အရှေ့ဖက်ရှိ တွင် ရှိပြီး မြို့ကို အပေါ်စီး မှ လှမ်းမြင် နေရသည့် အနောက်မှ အရှေ့သို့ သွယ်တန်းနေသော တောင် ကမ်းပါယံ ပေါ်တွင် တည်ရှိသည်။ ထိုတောင်တန်း တလျောက်တွင် စစ်စခန်းများ အပြင် ဘုန်းတော်ကြီး ကျောင်းများ၊ ဘုရား ပုထိုး များ လည်း ရှိနေသည်။
ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန် ဘုရင့်တပ်မတော်မှ လှိုဏ်ဂူများ တူးပြီး စစ်မြေပြင် ဆေးရုံ ထားရှိခဲ့သည်။
ထိုနေရာကိုပင် စစ်ကောင်စီ တပ်များက ထပ်မံ တိုးချဲ့ပြီး ကွန်ကရိ ဘန်ကာများ နှင့် ခံတပ်ကြီး သဖွယ် ဖြစ်အောင် အကျအန တိုးချဲ့ မွမ်းမံလာခဲ့သည်။ မြေ အောက် လှိုဏ် ခေါင်းများကို ပထမ ဆုံး အကြိမ် မြင်တွေ့ခွင့် ရခဲ့သည့် ဒေသခံ တဦးက ကွန်ကရိ လှိုဏ်ခေါင်းသည် သုံးပေ ကျယ်ပြီး ခုနှစ်ပေ အမြင့် ရှိသည်ဟု ပြောပြခဲ့သည်။
အဆိုပါ ကွန်ကရိ ဘန်ကာများ နှင့် ဆက်သွယ်ရေး ကတုတ်ကျင်းများအား သိန်းစိန် အစိုးရ လက်ထက်တွင် တိုးချဲ့ခဲ့ပြီး ဆက်သွယ်ရေး အခြေစိုက် စခန်းတခုပါ ထည့်သွင်းခဲ့သည်။ တောင်ကုန်း အောက်ခြေ တလျောက် သွားလာနိုင်ပြီး ကတုတ်ကျင်း တလျောက် အရပ် လေးမျက် နှာ ကို မြင်နိုင်ရန် အပေါက်များ ဖောက်ထားသည်။
အင်းတော်သည် မဟာဗျူဟာ အရ ၎င်းတို့ အတွက် လွန်စွာ အရေးပါသဖြင့် အမှတ် ၇၇ ခြေမြန် တပ်မ စစ် ဌာနချုပ် တပ်မမှုး အား ကွပ်ကဲစေကာ မရကုတ်က ခုခံ ခိုင်းထားခြင်းလည်း ဖြစ်သည်။ တပ်မ ၇၇ သည် အရက်စက် အကြမ်းကြုပ်ဆုံး နှင့် စစ်မြေပြင် အတွေ့အကြုံ အများဆုံး ရှိသော တပ်မ ဖြစ်ပြီး တပ်မမှုး ဗိုလ်မှုးချုပ် အောင်သက်ဦး မှ ကွပ်ကဲ နေသည်။
ရှစ်လ အတွင်း တိုက်ပွဲသည် နေ့စဉ်လို ဖြစ်ပွားခဲ့ခြင်း မရှိဘဲ လက်နက်ခဲယမ်းများ ဖြည့်တင်းရန် လိုအပ်လာချိန်နှင့် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု စိတ်လာ ချိန်တွင် ရပ်ဆိုင်းထားခဲ့ရသည်။
ဇန်နဝါရီ လကုန် ပိုင်း တွင် ဂျပန် လှိုဏ် ဂူ တောင်ကုန်း တဝိုက်ရှိ ကာကင်း အချို့ကို သိမ်းယူလာနိုင်ခဲ့သော်လည်း လက်နက်ခဲယမ်း မလုံမလောက် ဖြစ်လာ၍ ပြန်ဆုပ်လာခဲ့ရသည်။ စစ်တပ်ဖက်ကမူ ရိက္ခာ နှင့် ခဲယမ်းများကို Y-12 ထောက်ပို့ လေယာဉ် များ နှင့် လာချ ပေးခဲ့သည်။
အဆိုပါ စခန်းအား တပ်ရင်း လေးရင်းစာ အင်အား ၆၀၀ ကျော်၊ လက်နက် အင်အား အပြည့်အစုံ ဖြင့် အခိုင်အခံ တပ်စွဲထားခြင်း ဖြစ်သည်။ အင်းတော်ကို လက်လွှတ်လိုက်ရပြီ ဖြစ်၍ ကချင်ပြည်နယ် ထဲသို့ လေကြောင်းမှသာ ဝင်ရောက်နိုင်တော့မည် ဖြစ်သည်။
တပ်မမှုး ဗိုလ်မှုးချုပ် အဆင့်ရှိ အောင်သက်ဦးသည် တပတ်ကြာမျှ ခုခံခဲ့ပြီး ဧပြီ ၇ ရက်တွင် လက်ကျန် တပ်အင်အား ၁၈၀ ခန့်ဖြင့် ကသာဖက်သို့ ဆုတ်ခွာလာခဲ့သည်။
နောက်တနေ့ မှာပင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က အောင်သက်ဦး အား ကသာအနီးတွင် ၎င်း၏ တပ်ဖွဲ့ဝင် အချို့ နှင့် အတူ ကသာ မြို့ အနီးတွင် လက်ရဖမ်းဆီးရမိခဲ့သည်။ ထိုသို့ လက်ရ ဖမ်းဆီး မမိခင် စေ့ဆပ် ဆွေးနွေးမှု များ ပြုလုပ်လာသည်။ သို့သော် နောက်ဆုဲးတွင် ဖမ်းဆီးရမိခဲ့၍ အသက်ကို ချမ်းသာပေးပါရန် အသနားခံလာသည်ဟု ဆိုသည်။
၎င်းအား ဖမ်းဆီးရမိခဲ့မှု အပေါ် စစ်ကောင်စီ ဖက်မှကော၊ အမျိုးသား ညီညွတ်ရေး အစိုးရမှပါ အသေးစိတ် သတင်း ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
မြေပြင် သတင်းများ အဆိုအရ စစ်ကောင်စီ တပ်သား ၂၀၀ ကျော် သေဆုံးခဲ့ပြီး တော်လှန်ရေး တပ်ပေါင်းစု မှ တရာနီးပါး ပြည်သူ အတွက် အသက်ပေးလှု သွားခဲ့သည်ဟု သိရသည်။
ကောလင်းကဲ့သို့ မြို့သည် အကြီးအကျယ် ပျက်စီး သွားခဲ့ခြင်း မရှိဟု ဒေသခံများက ဆိုသည်။
(မြန်မာ နောင်း၏ ၂၀၁၅ ဧပြီ ၁၆ ရက်နေ့ Inside the eight-month battle for Indaw ဆောင်းပါးကို ပြန်လည် ဂုဏ်ပြု တင်ပြလိုက်ရပါသည်)