၂၀၂၀ နွေဦးကာလ သည်ကား ကမ္ဘာတဝှမ်းရှိ လူအများ အဖို့ စိတ်မချမ်းမြေ့ အဖြစ်ခဲ့ရဆုံး အချိန်လည်း ဖြစ်သည်။ ကော်ရိုနာ ဗိုင်းရပ်စ်သည် ယခုအခါ လူပေါင်း ၄၂၀,၀၀၀ ၏ ဇီဝိန်ကို ထုတ်နှုတ်ယူသွားခဲ့ပေပြီ။ ထို့အပြင် ကမ္ဘာလူဦးရေ ၁.၄ ဘီလီယံရှိ တရုတ်နိုင်ငံသားများ၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများကို ခြိမ်းခြောက်လာနေခဲ့သည်။
ကပ်ရောဂါဆိုးကြီး သန္ဓေတည်ခဲ့ရာ တရုတ်နိုင်ငံတွင် ပြဿနာများက စတင်လာခဲ့ပြီ ဖြစ်သည်။ ထိုပြဿနာများထဲတွင် ထိပ်ဆုံး ၌ ရှိနေသည်က အလုပ်အကိုင်များ ဆုံးရှုံးသွားခဲ့ရခြင်းပင် ဖြစ်သည်။ အစိုးရမှ တရားဝင်ထုတ်ပြန်ထားသော အလုပ်လက်မဲ့ နှုန်းသည် ၆% ရှိသော်လည်း ထိုအထဲတွင် ကျေးလက်ရှိ အလုပ်လက်မဲ့ ဖြစ်သွားရသူများ မပါဝင်ပေ။ မြို့ကြီးများရှိ အလုပ်အကိုင်များ ဆုံးရှုံးသွားခဲ့ရသော ရွှေ့ပြောင်း အလုပ်သမားများကိုပါ ထည့်သွင်းရေတွက်မည်ဆိုက ၂၀% ခန့်အထိ မြင့်တက်သွားနိုင်ပေသည်။
တရုတ်ပြည်တွင် ထိုကဲ့သို့ အစုလိုက်အပြုံလိုက် အလုပ်လက်မဲ့ ဖြစ်နေမှုသည် အမေရိကန် ကဲ့သို့ လူထူဆန္ဒပြပွဲများ ဖြစ်ပေါ်လာမည် ကား မဟုတ်ပေ။ လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့်အားလည်း အပြင်းအထန် ထိန်းချုပ်ထားပြန်သဖြင့် ပေါက်ကွဲလာမည့် အန္တရာယ်ကြီးနှင့် တချိန်မဟုတ် တချိန် ရင်ဆိုင်လာရန်ရှိနေသည်။
ထို့အတွက် အာဏာရ ကွန်မြူနစ်ပါတီ အဖို့ စိုးရိမ်စရာ ဖြစ်လာရသည်။ ဟောင်ကောင်ရှိ တရုတ်ပြည်တွင်းရေးကို စောင့်ကြည့်နေသူများက သမ္မတ ရှီကျင့်ဖျင် နှင့် ဝန်ကြီးချုပ် လီကာချန် တို့ အကြား ကျဆင်းလာနေသော စီးပွားရေး ကို မည်သို့မည်ပုံ အဖတ်ဆယ်ရမည် ဆိုသည်အပေါ် သဘောကွဲလွဲမှုများ ဖြစ်နေသည်ဟု ပြောလာကြသည်။ ၎င်းတို့ သည် မေလ ၂၂ ရက်နေ့ တရုတ်နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်ကြီးတွင် လီကာချန်း ပြောသော မိန့်ခွန်းကို ထောက်ပြခဲ့သည်။ လီကာချန်သည် သူ၏ မိန့်ခွန်းတွင် အစဉ်အလာမှ သွေဖီကာ ယခုနှစ်အတွက် တရုတ်စီးပွားရေး တိုးတက်မှု လျာထားချက်ကို သတ်မှတ်ပေးခဲ့ခြင်း မရှိပေ။ ထို့အပြင် အလုပ်အကိုင်များ ဆုံးရှုံးနေမှုများ အပေါ် စိုးရိမ်မကင်း ဖြစ်မှုကိုလည်း ဖုံးကွယ်ထားခဲ့ခြင်း မရှိပြန်ပေ။
ကွန်မြူနစ်ပါတီတွင် ဖြစ်ပေါ်နေမှုများ အား နီးနီးကပ်ကပ် လေ့လာနေသူ ဂျပန် ကျွမ်းကျင်သူများက လီကာချန်၏ သမာရိုးကျ မဟုတ်ပဲ စိတ်ဝင်စားဖွယ် ကောင်းနေသည့် “လုပ်ငန်း အစီရင်ခံစာ” နှင့် ပတ်သက်၍ ထင်မြင်ချက် ပေးခဲ့ရာတွင် ရှီ၏ လက်ထောက်များက ဗိုင်းရပ်စ်အပေါ် အောင်မြင်မှုရသည့် ပုံမျိုး ပေါ်လွင်စေရန် စီးပွားရေး သုံးသပ်ချက်အပေါ် လီကာချန် အား အကောင်းဖက်မှ ပြောစေချင်ကြသော်လည်း လက်မခံခဲ့ဟု ဆိုသည်။
ကမ္ဘာဘဏ်ကမူ တရုတ် စီးပွားရေးသည် ယခုနှစ်တွင် လုံးဝအားရစရာ မကောင်းပဲ ၁% ခန့်သာ တိုးတက်မှု ရှိလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ ဤသည်ကား တရုတ် စီးပွားရေး ကို စတင် တံခါးဖွင့်လာခဲ့ပြီး နောက်ပိုင်း အနှေးကွေးဆုံး ပင် ဖြစ်သည်။
တရုတ်ပြည်သူများကမူ ၎င်းတို့ အဖို့ နိုင်ငံရေး လွတ်လပ်ခွင့်များ မရှိသော်လည်း လူနေမှု အဆင့်အတန်းများ တိုးတက်မြင့်မားလာနေသဖြင့် ကွန်မြူနစ်ပါတီ၏ အုပ်ချုပ်မှုကို သည်းခံလာခဲ့ကြသည်။ လက်ရှိ စီးပွားရေး ကျဆင်းလာမှုနှင့် အလုပ်လက်မဲ့ ပြဿနာ နှစ်ရပ်ပေါင်းသည် ကွန်မြူနစ်ပါတီ၏ အူတိုင်ကို ဆွဲကိုင်လှုပ်ရမ်း လာနိုင်ပေသည်။တရုတ်သည် ဆိုဗီယက်ပြည်ထောင်စု၏ ကြမ္မာဆိုးမျိုးနှင့် ကြုံရနိုင်သည် ဆိုသည့် အတွေးက ရှီကျင့်ဖျင်အတွက် အိမ်မက်ဆိုးကြီးပမာ ချောက်လှန့်လာနေပြီ ဖြစ်သည်။
ရှီ အဖို့ ထိုသို့ အမြဲလို ထိတ်လန့်နေခဲ့ရသည်ဆိုသော သက်သေတခုကို ၎င်း ပါတီခေါင်းဆောင် ဖြစ်လာသည့် ၂၀၁၂ ခုနှစ်တွင် သတိထားလာမိခဲ့ကြသည်။ ထိုအချိန်က ၎င်းသည် ပါတီအကြီးအကဲများ အားလုံးကို ဆိုဗီယက် ယူနီယံ ပြိုကွဲခဲ့ရသည့် အကြောင်းရင်း မှတ်တမ်းတင် သတင်းကား ကို မဖြစ်မနေ ကြည့်ရမည်ဟု အမိန့်ပေးလာခဲ့ခြင်းပင် ဖြစ်သည်။ ဆီုဗီယက် ပြိုကွဲသွားသလို တရုတ်ပြည်သည်လည်း အလားတူ ကြမ္မာမျိုးနှင့် ကြုံရနိုင်သည် ကို ရှီ သည် သင်ခန်းစာတခု အဖြစ် အမြဲလို ခံယူထားခဲ့သူ ဖြစ်သည်။
မေလ ၁၉ ရက်နေ့မှာ အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့တဲ့ အမေရိကန်-တရုတ် ဆက်ဆံရေး ဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေးတွင်ရော်ဘတ် ဇယ်လက် မှ ကော်ရိုနာဗိုင်းရပ်စ် ဖြစ်ပွားခဲ့မှုကြောင့် ကွန်မြူနစ်ပါတီ အုပ်ချုပ်ရေး အန္တရာယ် ကျရောက်လာနိုင်ကြောင်း ထောက်ပြသွားခဲ့သည်။ ရော်ဘတ် ဇယ်လက်သည် ယခင် သမ္မတ ဂျော့ချ် ဒဗလျူ ဘွတ်ရှ် ၏ တရုတ်ရေးရာ မူဝါဒ ရေးဆွဲသူ နှင့် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ကမ္ဘာ့ဘဏ် ဥက္ကဌ ဖြစ်လာခဲ့သည်။ ၎င်းက “သမ္မတ ရှီ အနေနဲ့ ကိုဗစ်-၁၉ ကို နိုင်အောင် မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ ပါတီရဲ့ တရားဝင် ရပ်တည်ပိုင်ခွင့်ကို ခြိမ်းခြောက်လာနိုင်ပါတယ်” ဟု ပြောခဲ့သည်။
တရုတ် အစိုးရ၏ ပြည်တွင်း တည်ငြိမ်ရေး အပေါ် စိုးရိမ်မကင်း ဖြစ်လာနေမှု သည် အခြားနိုင်ငံများ အပေါ် မည်သို့ ထိခိုက်လာနိုင်သနည်း ဆိုသည့် မေးခွန်းအပေါ် အဓိက ဖြစ်နိုင်ချေ သုံးခု ထွက်ပေါ်လာခဲ့ရသည်။
ပထမ တချက် ကား တရုတ် အစိုးရသည် ပြည်တွင်းရေးကို နိုင်နင်းစွာ ကိုင်တွယ်ဖို့ အာရုံစိုက်နိုင်ရန် အခြားနိုင်ငံများ နှင့် ပွတ်တိုက်မှု မရှိအောင် ရှောင်ရှားလာမည် ဟူ၍ ဖြစ်သည်။ အခြားနိုင်ငံများနှင့် အဆင်ပြေစေရန် သဘောထား ပျော့ပြောင်းသော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးလာနိုင်သည်။
နောက်ထပ် ဖြစ်နိုင်ချေ တခုကား သံတမန်ရေး အရ အလျော့အတင်း မလုပ်ပဲ နိုင်ငံများစွာ အပေါ် တင်းတင်းမာမာ ဆက်ဆံလာနိုင်ခြင်း ပင် ဖြစ်သည်။
တတိယ ဖြစ်နိုင်ချေကား ပထမ နှစ်ချက် အကြားတွင် ရှိလာနိုင်ခြင်းပင် ဖြစ်သည်။ နိုင်ငံတခုချင်းစီအပေါ် ၎င်းတို့အတွက် အကျိုးမည်မျှ ရှိနိုင်သည် အပေါ် မူတည်ပြီး ဆက်ဆံရေး ကို အလျော့အတင်း လုပ်လာနိုင်ခြင်းကို ဆိုလိုသည်။
ပထမ ဖြစ်နိုင်ချေကား နိုင်ငံအားလုံး ကောင်းဘို့ ဖြစ်လာမည်ကား အထွေအထူး ပြောနေစရာမလိုအောင် ရှင်းလင်းလှသည်။ သို့သော် ကော်ရိုနာဗိုင်းရပ်စ် စတင် ဖြစ်ပွားခဲ့ချိန်တွင် တရုတ်တို့၏ အပြုအမူ ကို လေ့လာကြည့်က ဒုတိယ အချက်သည် ပို၍ ဖြစ်နိုင်ချေ ရှိနေသည်။
တရုတ်သည် ယခုအခါ ၎င်းတို့၏ ထောက်လှမ်းရေး စစ်သင်္ဘောများကို ဂျပန်တို့ ထိန်းချုပ်ထားသည့် ရှင်ကာကူ ကျွန်းစုများ ရှိရာသို့ မကြာခဏ ဆိုသလို စေလွှတ်လျက်ရှိသည်။ ထိုကျွန်းများကို တရုတ်တို့က ၎င်းတို့အပိုင် ဟု ပြောဆိုခဲ့ပြီး ဖြစ်သည်။ မေလ ၈ ရက်နေ့တွင် အဆိုပါ ကျွန်းများ၏ ရေပိုင်နက်အတွင်း တရုတ် ကမ်းခြေစောင့် စစ်သင်္ဘော နှစ်စီးမှ ဂျပန်ငါးဖမ်းသင်္ဘော နောက်သို့ ထပ်ချပ်မကွာ လိုက်လာခဲ့သည်။ ထိုကဲ့သို့ ရန်စသည့် လုပ်ရပ်မျိုးသည် ယမန်နှစ်အတွင်း နှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့ပြီးလည်း ဖြစ်သည်။
ဧပြီလအတွင်း တောင်တရုတ် ပင်လယ်အတွင်းရှိ ကျွန်းများပေါ်တွင် အုပ်ချုပ်ရေ ဌာန နှစ်ခု ထားရှိသွားမည်ဟု ဘီဂျင်းက ကြေငြာလာခဲ့သည်။ ၎င်းတို့၏ တခုတည်းသော လေယာဉ်တင် သင်္ဘော လျှောင်နင်း သည် တိုင်ဝမ်ရေလက်ကြားတွင် စစ်ရေး လေကျင့်မှုများ ပြုလုပ်လာခဲ့သည်။ (ပုံတွင် တွေ့နိုင်သည်) မေလ ၂၈ ရက်နေ့တွင် ဟောင်ကောင်ကျွန်းတွင် အမျိုးသား လုံခြုံရေး အက်ဥပဒေကို ပြဌာန်းရန် ဆုံးဖြတ်ခဲ့ကြသည်။
အမေရိကန် ပြည်ထောင်စုနှင့်လည်း စစ်အေးတိုက်ပွဲကြီး အသစ်တဖန် ဆင်နွဲရန် တာစူလာခဲ့သည်။ ပုံမှန် အခြေအနေဆိုလျှင် တရုတ်သည် အမေရိကန်တို့၏ မဟာမိတ်များ ဖြစ်သော ဩစတေးလျှ၊ ဂျပန်၊ အိန္ဒိယ နှင့် အရှေ့တောင်အာရှ ရှိ နိုင်ငံများနှင့် တင်းမာမှု လျော့ချနိုင်ရေးသည်သာ အကျိုးများဖွယ် ရှိသည်ဟု ယူဆထားလေ့ရှိသည်။ ဝါရှင်တန်နှင့် ဆက်ဆံရေး တင်းမာလာချိန်မျိုးတွင် တရုတ်သည် အမေရိကန် နှင့် အာရှ-ပစိဖိတ်ဒေသရှိ မဟာမိတ်များအကြား အမြဲလို သပ်လျိုလေ့ရှိသည်။
၁၉၈၉ တီယန်မင် ရင်ပြင် လူသတ်ပွဲကြီး နောက်ပိုင်း နိုင်ငံတကာ၏ ဝိုင်းပယ်မှုကို ခံခဲ့ရချိန်တွင် အဆိုပါ ဗျူဟာမျိုးကို အမြဲလို ထုတ်သုံးလာခဲ့သည်။ ထိုအချိန် က အမေရိကန်နှင့် ဥရောပနိုင်ငံများနှင့် ဆက်ဆံရေးသည် တော်တော်နှင့် ပုံမှန် ပြန်မဖြစ်နိုင်တော့သည်ကို ရိပ်စားမိလာသဖြင့် ၎င်းတို့နှင့် ဆက်ဆံရေး ပြေလည်စေရန် ပထမ ခြေလှမ်း အဖြစ် ဂျပန် ထံ ချည်းကပ်လာခဲ့သည်။
ထိုအချိန်က ကွန်မြူနစ်ပါတီ၏ နိုင်ငံခြားရေး မူဝါဒကို ကျွမ်းကျင်စွာ ပဲ့ကိုင်ခဲ့သူသည် တိန့်ရှောင်ဖိန်ပင် ဖြစ်သည်။ ရှီ သည် သူကဲ့သို့ အရည်အသွေးမျိုး၊ ဆန်းသစ်သည့် အတွေး အခေါ် နှင့် အခြေအနေကို အေးဆေး တည်ငြိမ်စွာ ကိုင်တွယ်နိုင်သည့် အရည်အချင်းမျိုး ပိုင်ဆိုင်ထားသူ မဟုတ်ပေ။
လူများလိုပင် နိုင်ငံများသည်လည်း စိုးရိမ်ကြောင့်ကြမှုများ နှင့် ရင်ဆိုင်လာရသည့်အခါ ခေါင်းအေးအေးနှင့် ဆုံးဖြတ်နိုင်စွမ်း များ ပျောက်ကွယ်သွားတတ်ပေသည်။ ထို့အတွက် တရုတ်သည် လက်ရှိ စိတ်ဖိစီးမှုများကို ထွက်ပေါက်ရရန် နိုင်ငံအချို့အပေါ် တင်းတင်းမာမာ တုန့်ပြန် လာနိုင်သဖြင့် ခန့်မှန်းရခက်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်သည်။
နှစ်အတော်ကြာက ဂျပန် အရာရှိများနှင့် ရုရှား အထက်တန်းအရာရှိကြီး တဦးတို့ ရှီ ရင်ဆိုင်နေရသော နိုင်ငံရေး စိန်ခေါ်မှုများ အကြောင်း စကားစမြည် ပြောဆိုခဲ့ရာတွင် တရုတ်၏ လက်ရှိ အခြေအနေနှင့် ဆိုဗီယက် ပြည်ထောင်စု အခြေအနေတို့ စိုးရိမ်စရာ ကောင်းလောက်အောင် တူညီနေသည်ကို နှိုင်းယှဉ်ပြသွားခဲ့သည်။ ဆိုဗီယက် သည် တရားဥပဒေ စိုးမိုးရေး အား ထိန်းချုပ်နိုင်စွမ်း မရှိတော့သဖြင့် ပြိုလဲသွားခဲ့ရသည်။ တရုတ်သည်လည်း အလားတူ အနေအထားတွင် ရှိနေသော်လည်း ကွန်မြူနစ်ပါတီက တင်းကျပ်စွာ ချုပ်ကိုင်ထားနိုင်ဆဲ ပင် ဖြစ်သည်။ ဤသည်ကပင် ပို၍ စိုးရိမ်စရာ ဖြစ်လာရသည်ဟု ရုရှား အရာရှိကြီးက ပြောသွားခဲ့သည်။
တရုတ် ကွန်မြူနစ်ပါတီအဖို့ ထိုသို့ ဆုပ်လဲစူး စားလည်းရူး သည့် အနေအထားတွင် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သံတမန်ရေးပိုင်းတွင် တင်းမာစွာဆက်ဆံသွားရန် တာစူနေပြီ ဆိုသည်ကား သံသယ ဖြစ်စရာ မလိုပေ။
ကမ္ဘာကြီး အဖို့ကား စိတ်လိုက်မာန်ပါ နှင့် နေရာတိုင်းတွင် ယုံကြည်မှု လွန်ကဲပြီး အာဏာပြလာနိုင်သည့် တရုတ်ပြည်နှင့် ရင်ဆိုင်လာရဖို့ ရှိနေသည်။ သို့သော် ပြည်တွင်းရေး ပြဿနာများ အပေါ် စိုးရိမ်ကြောင့်ကြနေရမှုများကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်သည့် မျိုး ရှိနေသည်။ ထိုသို့ စစ်အင်အား ကြီးမားပြီး စီးပွားရေး တောင့်တင်းသော် လည်း ပြဿနာရှိနေသည့် အင်အားကြီး နိုင်ငံတခုနှင့် ရှေ့လျှောက်ဆက်ဆံသွားနိုင်ရေးသည် ပို၍ ခက်ခဲလာနေမည့် စိန်ခေါ်မှုကြီး တခုလည်း ဖြစ်နေပေသည်။
(ဇွန်လ ၁၂ ရက်နေ့ Nikkei Asia Review ပါ “China, a troubled giant, poses growing risk to the world” )